အင်အားကြီး EAO အများစု ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံ
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ အင်အားကြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အများစုက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်း ရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
အင်အားတောင့်တင်းပြီး လက်နက်ကိုင်ခုခံမှု အတွေ့အကြုံများတဲ့ ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်တာပါ။
နိုင်ငံရေးပြဿနာကို ဆွေးနွေးလို့ရနိုင်မယ့် အခြေအနေမျိုးမရှိတာကြောင့် အခုလို ငြင်းဆန်တာလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းဖြင့် အဖြေရှာရန်လိုအပ်ပါတယ် ဆိုတာကို ကျနော်တို့ လက်ခံပြီး သားဖြစ်ပါတယ်။ ဆွေးနွေးမယ့်အခြေအနေကို ကျနော်တို့ သုံးသပ်ကြည့်ရင် တကယ့်နိုင်ငံရေးပြဿနာတွေ နိုင်ငံရေးအရိုက် အရာတွေကို ဆွေးနွေးနိုင်မယ့် အနေအထားဘက်ကို မရောက်နိုင်ဘူးလို့ ကျနော်တို့ သုံးသပ်လို့ ဒီတစ်ကြိမ်ဖိတ်ခေါ်တဲ့နေရာမှာ ကျနော်တို့ မတက်ရခြင်းဖြစ်ပါတယ်”
လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးမှာ အဓိကကျတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကို ချန်လှပ်ထားတာက စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထား မမှန်ဘူးဆိုတာကို ပြသနေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက မှတ်ယူထားတာပါ။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုက အကန့် အသတ်တွေရှိနေတာ၊ မြေပြင်မှာတပ် တွေတိုးချဲ့တာနဲ့ ဘာကတိကဝတ်မှ မပါတာ တွေကြောင့် ဒီဆွေးနွေးပွဲကို မတက်ဘူးလို့ RFA ကို ပြောပါတယ်။
“အားလုံးမပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးနဲ့ ဆက်သွားမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးက မဖော်ပြနိုင်လောက်အောင် တိုင်းပြည်အတွက် မကောင်းဘူး။ စိတ်ရင်း စေတနာကောင်းနဲ့ သွား မယ်ဆိုရင် အဓိကအချက်က စစ်တပ်ဟာ နိုင်ငံရေးက စွန့်ခွာရမယ်။ ဖက်ဒရယ်ဒီမိုကရေစီကို လက်တွေ့အကောင်အထည်ဖော်တဲ့အနေနဲ့ အနာဂတ်ဖြစ်ပေါ်လာမယ့် ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ အကောင်အထည်ဖော်၊ ဒီလုပ်ငန်းစဉ်တွေ ချက်ချင်းလုပ်ရတော့မယ်။ အဲ့ဒီအခါမှာ ကျနော်တို့ ပြည်ထောင်စု တကယ့်အရေးပါတဲ့ ပြည်ထောင်စုဖက်ဒရယ်လုံခြုံရေး စနစ်ကိုလည်း စပြီးလုပ်ရေတာ့မယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး အစီအစဉ်ကိုလည်း ကျနော်တို့ လုပ်ရမယ်။ အဲ့ဒါတွေ လက်မခံဘဲ ကျနော်တို့ သွားလို့မရဘူး”
စစ်ကောင်စီရဲ့ ဒီဖိတ်ခေါ်ချက်ဟာ တိုင်းပြည်ငြိမ်းချမ်းဖို့ထက် NUG နဲ့ PDF ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံကနေ ခွဲထုတ်ချန်ထားလိုတဲ့ ရည်ရွယ်ချက်လို့ တိုင်းရင်းသားခေါင်းဆောင် တွေက ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ်ဆိုရင် ဒီကနေ့ မေလ ၉ ရက်မှာ နောက်ဆုံးထားပြီး စာရင်းပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌကပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့တာပါ။
NUG နဲ့ PDF မပါလို့ ဆွေးနွေးပွဲဟာ အနှစ်သာရမရှိနိုင်ဘူးဆိုပြီး ငြင်းဆန်လိုက်တဲ့ အဖွဲ့တွေထဲမှာ KIA၊ KNPP ၊KNU၊ CNF တို့ အပြင် NCA လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့လည်းပါဝင်ပါတယ်။
ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ KNPP ရဲ့ အတွင်းရေးမှူး(၁) ခူဒယ်နီ ယာက NUG ၊ PDF တွေ မပါဝင်တဲ့ ဒီဆွေးနွေးပွဲဟာ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ထောက်ပြဝေဖန် ပါတယ်။
“NUG က ကျနော်တို့တိုင်းရင်းသားတွေနဲ့ စုဖွဲ့ပြီးမှ မဟာမိတ်တွေဖွဲ့တယ်၊နိုင်ငံရေးအရ စုဖွဲ့မှုတွေလုပ်ကြတော့ သူတို့က ဒီအဖွဲ့တွေကို ခွဲထုတ်ဖို့ရည်ရွယ်ချက်ရှိနေတယ်။ ဒီအဖွဲ့တွေ မပါဘဲနဲ့ ဒီပြဿနာက ပြီးမှာ မဟုတ်ဘူး။ တချို့ တိုင်းရင်းသားတွေက မတိုက်ဘူး။ မတိုက်ဘဲနဲ့ သွားဆွေးနွေးတယ်။ တကယ်တမ်းတိုက်နေတဲ့ ကျနော်တို့က မတက်ဘူး။ဆိုတော့ ဘာမှထူး လာမှာမဟုတ်ဘူး”
KIO, KNU, KNPP စတဲ့အဖွဲ့တွေက စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ထားပေမဲ့ NCA လက်မှတ်မထိုးရသေးတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့က စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ရှိနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားငြိမ်း ချမ်းရေးကောင်စီ(KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ( DKBA) ၊ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့လည်း တက်ရောက်မှာပါ။ ဒီအဖွဲ့တွေဟာ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ဒီငြိမ်းချမ်းရေးဖိတ်ခေါ်မှုကနေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာဖို့ မျှော်လင့်ထား တဲ့အတွက် တက်ရောက်ဖို့ ဆုံးဖြတ်တာလို့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
“ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မတက်လှမ်းနိုင်သေး သည့်တိုင် အဲ့လိုဆွေးနွေးပွဲမျိုး ပါဝင်သင့်ပါဝင်ထိုက်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးတစ်ခုကို ရောက်လာအောင် ကျနော်တို့အနေနဲ့ ဘယ်လိုအစပျိုးနိုင်မလဲ၊ ဘယ်လိုစတင်ပြီးတော့ လမ်းစရှာ နိုင်မလဲဆိုတဲ့ အာသီသနဲ့ စတင်မှုတစ်ခုလို့ ပြောလို့ရပါတယ်”
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ (MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နဲ့ ရခိုင့်တပ်တော်(AA) တို့ကတော့ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မတက် အချင်းချင်းကြားညှိနှိုင်းနေဆဲလို့ RFA ကို ပြောထားပြီး မေလ ၉ ရက် ဒီကနေ့ နောက်ဆုံးရက်အထိ အဖြေအတိအကျ ထုတ်မပြော သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သူတို့ရဲ့ဖိတ်ခေါ်မှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက လက်ခံထားတယ်လို့ မေလ ၅ ရက်နေ့က RFA ကို ပြောခဲ့ ဖူးပါတယ်။ ဒီကနေ့ နောက်ဆုံးအခြေအနေသိရဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ရာမှာ အခုလိုပြောပါတယ်။
“NCA လက်မှတ်ရေးထိုးပြီးသား DKBA၊ KNU/KNLA-PC၊ PNLO၊ NMSP၊ ALP၊ RCSS/SSA ခြောက်ဖွဲ့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့ UWSA ဝ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ SSPP/SSA သုံးဖွဲ့ အားလုံးပေါင်း ကိုးဖွဲ့ကတော့ အကြောင်းပြန်ပြီးသား ဖြစ်ပါတယ်၊ တစ်ချို့အဖွဲ့တွေကတော့ ကြေညာချက်တွေ ထုတ်ပြန်ပြီးသား မတက် ဘူးလို့ တုံ့ပြန်တာရှိတယ်၊ တစ်ချို့သောညှိုနှိုင်းနေဆဲ အဖွဲ့တွေအတွက် စောင့်ဆိုင်းပေး နိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ် တက်မယ့်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိလာအောင် ဆွေးနွေးပါမယ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေး ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံ ထားတယ် ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည် ဆောက်ရေးကို ပီပီ ပြင်ပြင်ဖြစ်လာဖို့ ပွင့်လင်းစွာ ဆွေးနွေးသွားမှာဖြစ်ပါတယ်”
"တကယ်ငြိမ်းချမ်းလိုတဲ့ဆန္ဒနဲ့ ဖိတ်ခေါ်တဲ့ဟာမျိုးလို့ သူတို့မယုံလို့ မတက်ကြတာဆိုတဲ့ သဘောပေါ့"
NUG ၊ PDF တွေ ဆွေးနွေးပွဲမှာ ပါဝင်နိုင်ရေး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ တောင်းဆိုချက်တွေကိုတော့ စစ်ကောင်စီက ပယ်ချထားပါတယ်။ သူတို့ အနေနဲ့ အကြမ်းဖက် အဖွဲ့တွေနဲ့ မဆွေးနွေးဘဲ ဆက်လက်နှိမ်နင်းသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူ့ရဲ့မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် ထုတ်ပြော ထားပါတယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်ကို စုစုစည်းစည်းနဲ့ခုခံနေတဲ့အဖွဲ့တွေအကြား သင်းခွဲ သပ်လျှိုဖို့ ကြိုးစားချက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က ထောက်ပြဝေဖန်ပါတယ်။
“စစ်ကောင်စီဟာ စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ နိုင်ငံတကာမျက်နှာစာ အနေအထားတွေအရ လုံး၀ အခြေအနေ မကောင်းတော့တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့အနေနဲ့ အချိန်ဆွဲနိုင်အောင် ကြိုးစားအားထုတ်မှု တစ်ခုအနေနဲ့ အရေခြုံတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ပြုလုပ်လာတယ်လို့ ကျနော်ထင်ပါတယ်။ နောက်တစ်ခုကတော့ တော်လှန်ရေးအင်အားစုတွေကြားမှာ ရှိတဲ့စည်းလုံးညီညွတ်မှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် စည်းလုံးညီညွတ်လာတဲ့အနေအထားမှာ ရှိပါတယ်။ ဒါ့ကြောင့်မို့လည်း တော်လှန်ရေး အင်အားစုတွေကြားမှာ နားလည်မှု အထင်အမြင် လွဲအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်ချက်လည်းဖြစ်ပါတယ်”

သူကိုယ်တိုင်လက်ခံတွေ့ဆုံမယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့အများစုက ငြင်းပယ်လိုက် တာကြောင့် ဒါက မအောင်မြင်တဲ့ ရှုံးနိမ့်မှုတစ်ခုပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က မှတ်ချက်ပေးပါတယ်။
“သူတို့အဓိက မတက်တဲ့အကြောင်းအရင်းက တွေ့ဆုံဆွေးနွေးပွဲဆိုတာကို လက်မခံတာ မဟုတ် ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး၊ တကယ်ငြိမ်းချမ်း လိုတဲ့ဆန္ဒနဲ့ ဖိတ်ခေါ်တဲ့ဟာမျိုးလို့ သူတို့မယုံလို့ မတက်ကြတာဆိုတဲ့ သဘောပေါ့။ အဲ့လိုယုံကြည်မှု ပျက် ပြားနေတယ်။ အခုလက်ရှိ တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်မှုတွေ ကလည်း ယုံကြည်စရာ သိပ်မရှိဘူးဆိုတဲ့ အနေအထားမျိုး မြင်နေကြတယ်ဆိုတာက မအောင်မြင်ဘူးပဲ ပြောရမှာပေါ့”
ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု (MIPS) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကတော့ ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်ပိုင်းတင် ချက်ချင်း ထလုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘဲ အောက်ခြေထိပါ ညှိုနှိုင်းရတာကြောင့် မတိုက်တဲ့အဖွဲ့ တွေက ပြဿနာမရှိပေမဲ့ လက်ရှိတိုက်နေတဲ့ အဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာတော့ တိုက်ပွဲတွေ ပိုပြင်းလာလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။
“ခေါင်းဆောင်တွေတွေ့တဲ့ပွဲကို ချက်ချင်းလက်ငင်းကြီး ငါတို့လုပ်ရအောင် လာခဲ့ဆိုတဲ့ ဟာမျိုးက ကျတော့ သိပ်မလွယ်ဘူး။ ကျနော်တို့ လုပ်နည်းလုပ်ဟန်အရဆိုရင်တော့ ကျနော်တို့နားလည်တဲ့ ကျနော်တို့ နိုင်ငံတကာအတွေ့အကြုံအရ သိတဲ့ဟာတွေအရ ဒီလိုခေါင်းဆောင်နဲ့တွေ့တဲ့အဆင့် မတိုင်ခင်မှာ အောက်ခြေမှာလုပ်ရတဲ့ ဆွေးနွေးပွဲတွေ အများကြီးရှိတယ်။ အဲ့တော့ ငြိမ်းချမ်းရေးက ဘယ်လောက်အတိုင်းအတာထိ သွားမလဲ ဆိုရင် မတိုက်တဲ့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲမှုက ဆက်ရှိနေနိုင်ပြီး တိုက်တဲ့အဖွဲ့တွေ နဲ့ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တယ်”
ချုပ်ပြောရမယ်ဆိုရင် NCA ထိုးထားတဲ့ ၁၀ ဖွဲ့မှာ လေးဖွဲ့က စစ်ကောင်စီရဲ့ ကမ်းလှမ်းချက် ကို ပယ်ချပြီး ခြောက်ဖွဲ့က လက်ခံထားပါတယ်။
NCA မထိုးရသေးတဲ့အထဲမှာ KIA နဲ့ KNPP နှစ်ဖွဲ့ကသာ ပြတ်ပြတ်သား ငြင်းပယ်ထားပြီး UWSA၊ SSPP၊ NDAA ဒီသုံးဖွဲ့က လက်ခံထားပါတယ်။ AA၊ TNLA နဲ့ MNDAA ဒီသုံးဖွဲ့က အခုချိန်ထိ သဘော ထားမပေးသေးပါဘူး။
ဒါ့ကြောင့် လက်ရှိအနေအထားအရ စစ်ကောင်စီဥက္ကဌရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ် ထားတဲ့အဖွဲ့က ခြောက်ဖွဲ့ရှိပြီး လက်ခံထားတဲ့အဖွဲ့က ကိုးဖွဲ့ရှိပါတယ်။ သဘောထား မပေးသေးတဲ့အဖွဲ့က သုံးဖွဲ့ရှိပါတယ်။ လက်ခံထားတဲ့အဖွဲ့က အရေအတွက် များပေမဲ့ ငြင်းပယ်ထားတဲ့အဖွဲ့တွေက အင်အားတောင့်ပြီး လက်ရှိတိုက်နေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ အခုချိန်ထိ တစ်နှစ်ကျော် ကာလအတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ၁၂ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ကမ်းလှမ်းတာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ။