မေလအတွင်း အရပ်သား ၇၀ ကျော် သတ်ဖြတ်ခံရ

2022.06.03
မေလအတွင်း အရပ်သား ၇၀ ကျော် သတ်ဖြတ်ခံရ ဖယ်ခုံမြို့နယ်မှ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: John Alben

ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က လက်လှမ်းမီ သလောက် ကောက်ယူထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။

အများစုဟာ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးနဲ့ သွေး သောက် စတဲ့ အဖွဲ့အစည်းတွေက ဖမ်းဆီးနှိပ်စက်တာတွေနဲ့ နေအိမ်တွေပေါ်တက်ပြီး အနီးကပ်ပစ်ခတ်တာတွေကြောင့် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အရှေ့ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၂ နှစ် အရွယ် မဟန်နီဦးနဲ့ ဦးလေးဖြစ်သူတို့ကို အသက် ၄၀ ဝန်းကျင် လက်နက် ကိုင်လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သူတို့နှစ်ဦး သေဆုံးခဲ့ရပါတယ်။

"ဒီလိုမျိုး သတ်ဖြတ်မှုတွေဖြစ်တာ ပျူစောထီးအဖွဲ့တွေလိုမျိုး၊ သွေးသောက်အဖွဲ့တွေလိုမျိုး ဖြစ်လာတယ်"

သူတို့ဟာ NLD ပါတီထောက်ခံသူတွေဖြစ်တဲ့အတွက် ရန်ငြိုးထားခံရတာလို့ မဟန်နီဦးရဲ့ အမည်မဖော်လိုတဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“မဟန်နီရဲ့ ဦးလေးကို နာမည်မေးပြီး ရောက်လာတာဖြစ်ပြီးတော့ ပစ်တယ်။ ဝင်တားတဲ့ အပြစ်မဲ့တဲ့ သူ့အစ်မဖြစ်သူကိုလည်း ပစ်တယ်။ ပြီးတော့လည်း နောက်မှာထိုင်နေတဲ့ ကျမ သူငယ်ချင်းဖြစ်သူ မဟန်နီကိုလည်း ဘာပြစ်ချက်မှ မရှိဘဲ သူတို့က နားထင်ကို တေ့ပစ်သွားတယ်ဆိုတာမျိုးက သူတို့ရဲ့ ရည်ရွယ်ချက်သည် သူတို့ရဲ့ ရန်သူလို့ သတ်မှတ် ထားတဲ့ အပေါင်းအပါ အကုန်လုံးကို ချေမှုန်းဖို့အထိ လုပ်တာဖြစ်တယ်၊ သူတို့ကို NLD ပါတီထောက်ခံသူအဖြစ်နဲ့ ရန်ငြိုးထားတယ်"

မေ ၂၁ ရက်မှာလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက အမဲလိုက်သွားတဲ့ လူငယ်နှစ်ဦး ဆီက တူမီးသေနတ် တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီး နှိပ်စက်ခဲ့လို့ အဲဒီလူငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကိုပေါင်ဇမောင်နဲ့ အသက် ၂၉ နှစ်အရွယ် ကိုပေါင်ဆွင်းထန်တို့ဟာ အမဲလိုက်ပြီး ခြောက်ရက်အကြာ အပြန်လမ်းမှာ စစ်ကောင်စီတပ်နဲ့တိုးပြီး ချင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (CDF) ကဆိုတဲ့ သံသယနဲ့ စွပ်စွဲသတ်ဖြတ်ခံလိုက်ရတယ်လို့ ကိုပေါင်ဆွင်း ထန်ရဲ့အစ်ကို ဆလိုင်းနွေဦး (အမည်လွှဲ) က ပြောပါတယ်။

“၂၁ ရက်နေ့မှာ ဆုံးပြီလို့ သူတို့ဘက်ကနေ သတင်းကြားရတယ်။ သူတို့ဘက်ကနေ အလောင်းကို လာမတောင်းပါနဲ့၊ လာတောင်းရင် ပြဿနာအများကြီး တက်မှာဆိုတော့ ကျနော်တို့က မတောင်းတော့တာပေါ့။ ကျနော်တို့လည်း သူတို့လုပ်ရပ်ကို သိပြီးသား ဆိုတော့ တစ်နိုင်ငံလုံးလည်း သိပြီးသားဆိုတော့လေ၊ သူတို့ရဲ့ အကြမ်းဖက်မှု၊ ရက်စက် မှုတွေကိုလည်း တစ်နိုင်ငံလုံးက ခံစားနေကြတာဆိုတော့ သိတဲ့အတိုင်းပါပဲ အမှန်တရား တော့ လိုချင်ပါတယ်”

သေဆုံးခဲ့ရတဲ့ ဒေသခံနှစ်ဦးဟာ ချင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဆိုင်တဲ့ သာမန်အရပ် သားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သား တွေကို အကြောင်းမဲ့ပစ်ခတ်တာ မရှိဘူးလို့ မေ ၃၁ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။

"စစ်ဆေးတဲ့အခါမှာတော့ အားလုံးစစ်ဆေးရမှာပဲ၊ စစ်ဆေးတဲ့နေရာမှာလည်း စစ်ဆေးခံ ရသူတွေက စစ်ဆေးတဲ့နေရာမှာ ပြည်သူလူထု လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်၊ ဒီနေရာမှာ ရပ်မပေးဘဲနဲ့ ပြေးတာတို့၊ ဘာတို့ဆိုရင် ဒါသည် သံသယရှိရမှာ ဖြစ်တယ်၊ ဒါတွေက လိုအပ်သလို ဟန့်တားရမှာပဲ၊ ဒါသည် မြန်မာတစ်နိုင်ငံတည်းမှာ လုပ်နေတာမဟုတ်ဘူး၊ နိုင်ငံတကာမှာလည်း လုပ်နေတာ၊ ကျနော်တို့အနေနဲ့ အ ကြောင်းမဲ့ ပြည်သူလူထုနဲ့ ပတ်သက်လာရင် ပစ်ခတ်တာမျိုး လုပ်ဆောင်တာမျိုး မရှိ ဘူး"

အပြစ်မဲ့ ပြည်သူတွေ သတ်ဖြတ်ခံရမှုဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကြောင့် ဆိုပြီး စစ်ကောင်စီကလည်း ပြန်လည်စွပ်စွဲပါတယ်။

ဒီလိုလူမဆန်တဲ့ သတ်ဖြတ်မှုတွေကို PDF တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေ မလုပ်ကြ ဘူးလို့ ရန်ကုန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Yangon Federal Army အဖွဲ့ဝင် ကိုကျော်လေးက တုံ့ပြန်ပါတယ်။

"စပြီး စစ်ပညာသင်ကတည်းက ပြည်သူအတွက်ဆိုပြီး သစ္စာအဓိဋ္ဌာန်လေးချက်ကို သွေး သစ္စာဆိုခဲ့ပြီးသားပါ၊ ဒါကြောင့်မို့လို့ တော်လှန်ရေးကာလက ရေချိန်ကြာလာလေလေ အကြမ်းဖက် စကစတွေရဲ့ ပြည်သူနဲ့ တော်လှန်ရေးသမားကို ပုံမှားရိုက်တာပေါ့နော်၊ ဒါက ကျနော်တို့ နေရာတိုင်းမှာ တွေ့နေရပါတယ်။ ကျနော်တို့ အဓိကပြောချင်တာက ဒီလိုမျိုး မတော်မတရားမှုကို လုပ်တာက ယူဂျီအဖွဲ့တွေ၊ PDF အဖွဲ့တွေ၊ မြို့ပြအဖွဲ့တွေ က ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်မှာမဟုတ်ပါဘူး"

အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတဲ့အခါမှာ ဥပဒေနဲ့အညီ စစ်ဆေးတာမျိုးမလုပ်ဘဲ အသက် သေဆုံးတဲ့အထိ နှိပ်စက်ညှဉ်းပန်းတာတွေ၊ သံသယနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေက ပြည်သူတွေကြားမှာ တုန်လှုပ်စရာ ခြိမ်းခြောက်မှုအဖြစ် ရှိလာတယ်လို့ ဥပဒေပညာရှင်တွေ က ထောက်ပြပါတယ်။

အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီလက်ထက် မြန်မာ နိုင်ငံရဲ့ တရားရေးစနစ်ဟာ ပြိုလဲနေပြီလို့ မှတ်ချက်ပြုပါတယ်။

"NLD ရဲ့ အဓိကကျတဲ့ လူတွေကို ပစ်မှတ်ထားပြီးတော့ သုတ်သင်ရှင်းလင်းလာတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ရရှိရေးအတွက် နစကနဲ့ တစ်ဖက်က NUG ဦးဆောင်သော PDF တွေနဲ့ EAO တွေရဲ့ စစ်ရေးအရ ဆောင် ရွက်ကြတဲ့ ဆောင်ရွက်ချက်လို့ မြင်ပါတယ်။ ဘယ်သူကပဲလုပ်လုပ် နိုင်ငံသားတစ် ယောက်၊ လူသားတစ်ယောက်ကို တရားစီရင်ရေးဆိုင်ရာ စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ပေးတာကလွဲလို့ ဘယ်သူကမှ ခုခံချေပခွင့် မပေးဘဲနဲ့ သံသယနဲ့ စွပ်စွဲချက်နဲ့ ဒီလိုမျိုးသတ်ဖြတ်တာ ဥပဒေနဲ့အညီ မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်”

kin-village.jpg
စစ်ကောင်စီတပ်မှ ကနီနယ် ကင်းအုပ်စုအား ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ဓာတ်ပုံ - ချင်းတွင်းချစ်သူ)

စစ်ကောင်စီဟာ နိုင်ငံတွင်း သတင်းအမှောင်ချပြီး သူ့ကိုဆန့်ကျင်တဲ့ အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။

"ဒီလိုမျိုး သတ်ဖြတ်မှုတွေဖြစ်တာ ပျူစောထီးအဖွဲ့တွေလိုမျိုး၊ သွေးသောက်အဖွဲ့တွေလို မျိုး ဖြစ်လာတယ်၊ နောက်တစ်ခုဖြစ်တဲ့ဟာက ကျနော်တို့က လမ်းပေါ်ဆန္ဒပြတာမကဘဲ နဲ့ အိမ်ထဲထိဝင်ပြီးတော့ သတ်ဖြတ်တယ်၊ သတ်ဖြတ်တဲ့ အထဲမှာက ဒီလိုမျိုး အမျိုးသမီး တွေဟာ ဘယ်လိုမှ ဒီလှုပ်ရှားမှုတွေ၊ တော်လှန်မှုတွေ၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ လူတွေ ကိုပါ ပစ်ခတ်သတ်ဖြတ်မှုကတော့ တကယ့်ဆိုးဝါးတဲ့ ရာဇဝတ်မှုပုံစံဖြစ်တယ်၊ ဒီသတ် ဖြတ်မှုမှာက ရည်ရွယ်ချက်ပုံစံမျိုးနဲ့ သတ်ဖြတ်တာက ခံစားရတဲ့သူတွေမှာ သာမန်အရပ် သားတွေပဲ ဖြစ်နေတဲ့ ကိစ္စတစ်ခုက ပိုမိုဆိုးရွားတဲ့ အခြေအနေကို ဖော်ပြနေပါတယ်"

လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့်ရှိရမယ်ဆိုတဲ့ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်ကောင်စီလုပ်ရပ်တွေကို အရေး ယူနိုင်ဖို့အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြသွားမယ်လို့ ဦးအောင်မျိုးမင်း က ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၁၅ လအတွင်း အရပ်သားပြည်သူ ၁၈၈၃ ဦး သေဆုံးခဲ့ပြီး ၁၃,၉၂၆ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။