အာဏာသိမ်း ၁၈ လကျော်အတွင်း သံဃာ ၅၀ ကျော် ဖမ်းဆီးခံရ

2022.08.26
အာဏာသိမ်း ၁၈ လကျော်အတွင်း သံဃာ ၅၀ ကျော် ဖမ်းဆီးခံရ မန္တလေးမြို့ အိုးဘိုထောင်တွင်း တရားရုံးမှ ထောင် သုံးနှစ်စီ ချမှတ်တာခံလိုက်ရသည့် ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလသ၊ ဦးရေဝတ၊ ဦးဝီရိယဓမ္မ၊ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်၊ ကိုဝင်းမင်း တို့အား တွေ့ရစဉ်
Photo: CJ

ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ရဟန်းသံဃာ ၅၆ ပါး ဖမ်းဆီးခံရပြီး သံဃာ ငါးပါး သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ ဒေသ ခံတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့ အချက် အလက်တွေအရ သိရပါတယ်။

အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ခုခံသူတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက သူ့ကိုဆန့်ကျင်တဲ့ ရဟန်းသံဃာတွေကို ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံရတဲ့ ရဟန်းအများစုဟာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေးနဲ့ ရန်ကုန်တိုင်းတွေက ဖြစ်ပါတယ်။

"စစ်ကောင်စီရဲ့ ရက်စက်မှု၊ လူသားချင်းမစာနာမှုတွေကို ရဟန်းသံဃာတွေလည်း ခံရတယ်”

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဩဂုတ်လ ၁၅ ရက်က စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ငွေတွင်းရွာက ပုဗ္ဗာရုံကျောင်းတိုက်ဆရာတော် ဦးဓမ္မိ တ်ဿရကို စစ်ကောင်စီတပ်က လူဝတ်လဲ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ငွေတွင်းကျေး ရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၅ ရက်နေ့က တစ်ရွာလုံးကိုးကွယ်တဲ့ ရွာဦးကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီနဲ့ ပျူနဲ့ ပူးပေါင်းပြီး ဖမ်းဆီးသွားတယ်။ ကျောင်းကိုဝင်စီးပြီး ဖမ်းသွားတယ်။ ဆွဲခေါ် အကြမ်းဖက်ပြီး ဖမ်းသွားတာပေါ့၊ ဘုရားဌာပနာတိုက်ရဲ့ သော့တွေကိုလည်း တောင်း သွားတယ်။ ဖောက်သွားတယ်။ စခန်းတစ်ခုကို ဝင်စီးသလိုပုံစံမျိုး အင်အားသုံးဝင်စီးပြီး ဖမ်းသွားတာ၊ တစ်ခါတည်း လူဝတ်လဲတယ်။ နှိပ်စက်ပြီးတော့ အချုပ်ခန်းထဲကို ထည့် ထားတာ၊ သူတို့ အသုံးချချင်တဲ့အချိန်ရောက်မှ ဘာသာရေးကို အသုံးချတယ်၊ ဘာသာ ရေးနဲ့ မှိုင်းတိုက်တယ်။ သူတို့ မထင်ရင် မထင်သလို ဆရာတော်တွေ၊ သံဃာတော်တွေ ကို ဆွဲဖမ်းနေတာ၊ တစ်ရွာလုံး အထွတ်အမြတ်ထားတဲ့ ရဟန်းသံဃာတစ်ပါးကို အခုလို လုပ်သွားတာ တော်တော်ကို ဝမ်းနည်းရပါတယ်”

ဒါ့အပြင် ငွေတွင်းကျေးရွာက ဒေသခံငါးဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ ငွေတွင်းရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သား ၂၀ ဦးဝန်းကျင် အမြဲတမ်း တပ်စွဲနေထိုင်တဲ့ရွာဖြစ် တယ်လို့လည်း သူက ဆိုပါတယ်။

မကွေးတိုင်း နတ်မောက်မြို့က အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးကလည်း သူ့ရဲ့ မိတ်ဆွေ ရဟန်းတစ်ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်ခဲ့တယ်လို့ RFA ကို မိန့်ပါတယ်။

“ဦးပဉ္စင်းလေးက နယ်ဘက်မှာတော့ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တယ်။ နောက် တရားရင်ဆိုင်ရတော့ ဘယ်လိုပုဒ်မတွေနဲ့ ထောင်အနှစ် ၂၀ ချခဲ့လဲဆိုရင် လက်နက်တွေ တွေ့တယ်။ ပိုက်ဆံ တွေ့တယ်၊ ဒလန်ရှင်းလင်းရေး သတ်တာတွေကို ထောင်ထဲရောက် နေတဲ့ ဦးပဉ္စင်းလေးက လုပ်တယ်ဆိုပြီး စွပ်စွဲအမိန့်ချတယ်။ ဦးပဉ္စင်းလေးက မဟုတ်တာ၊ မမှန်တာ မလုပ်ခဲ့ဘူး၊ ဒါပေမဲ့ နွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေဘက်က မား မားမတ်မတ် ရပ်ပြီးတော့ ဆန္ဒပြခဲ့တယ်။ ဒီလိုတော်တဲ့ သံဃာတွေကိုဖမ်းပြီး ထောင်ချ တာ စိတ်မချမ်းမြေ့ဖြစ်ရတယ်”

ဒီ့အပြင် မန္တလေးမြို့က သံဃာတော်တွေဖြစ်တဲ့ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးဝီရိ ယဓမ္မနဲ့ ဦးရေဝတတို့ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် အတွင်း ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲကာ ယခုနှစ် ဇူလိုင်လအတွင်း ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချလိုက်ပါတယ်။

အခုလို သံဃာတချို့ ထောင်ဒဏ်တွေချမှတ်ခံရသလို တချို့ပြန်လည်လွတ်မြောက်လာပေ မယ့် အရေအတွက် အတိအကျကိုတော့ RFA က စိစစ်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်အာဏာသိမ်းမှုကို မန္တလေးမြို့မှာ ငြိမ်းချမ်းတဲ့နည်းလမ်းကိုသုံးပြီး ပုံစံမျိုးစုံနဲ့ ဆန့်ကျင် နေတဲ့ သံဃသမဂ္ဂအဖွဲ့ဝင် ရဟန်းသံဃာတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လိုက်လံဖမ်းဆီး မှုတွေကြောင့် ပုံမှန်သီတင်းသုံးနေကျ ကျောင်းတိုက်တွေကနေ တိမ်းရှောင်နေရတယ်လို့ မန္တလေးမြို့ သံဃသမဂ္ဂအဖွဲ့က အရှင်ရာဇဓမ္မက မိန့်ပါတယ်။

“အာဏာသိမ်းတယ်ဆိုကတည်းက အဓိက တိုင်းပြည်အတွက် မဟုတ်ဘူး၊ သူရဲ့ အကျိုး စီးပွားအတွက် သိမ်းခဲ့တာ၊ ဆန္ဒပြတဲ့ လှုပ်ရှားတဲ့ သံဃာတော်တွေနေထိုင်တဲ့ ကျောင်း တွေမှာ မနေနိုင်အောင် စစ်တာမျိုးတွေရှိတယ်။ ဝင်ရောက်စီးနင်းတာမျိုးတွေရှိတယ်။ ဧည့်စာရင်းစစ်တာမျိုးတွေလုပ်ပြီး သံဃာတော်တွေ ကိုယ့်ကျောင်းတိုက်မှာ မနေရဲ အောင်လုပ်တယ်။ ဒီစစ်ကောင်စီရဲ့ ရက်စက်မှု၊ လူသားချင်းမစာနာမှုတွေကို ရဟန်း သံဃာတွေလည်း ခံရတယ်”

မန္တလေးမြို့က သံဃသမဂ္ဂအဖွဲ့ဟာ စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြတာ ဒါမှ မဟုတ် လူမှုကွန်ရက်ကနေ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတာပါ။ ဒါ့ကြောင့် စစ်ကောင်စီတပ်တွေက သံဃသမဂ္ဂမှာ ပါဝင်တဲ့ ရဟန်းတွေ သီတင်းသုံးတဲ့ ကျောင်းတိုက်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေလုပ် ခဲ့တယ်လို့ အရှင်ရာဇဓမ္မက မိန့်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက်မှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ဒီဖြိုခွင်းမှုကို မျက်မြင်ကြုံတွေ့ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ ရဟန်းသံဃာတွေအပေါ် စစ်ကောင်စီ တပ်ရဲ့ အပြုအမူတွေကို ခံပြင်းမိတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရဟန်းသံဃာတွေကို ကားနဲ့တိုက်တယ်။ ကားပေါ်ကနေ ဆင်းလာပြီးတော့ ပစ်ဖမ်းတယ်။ လွတ်သွားတဲ့ သံဃာတွေလည်းရှိတယ်။ မိသွားတဲ့ သံဃာတွေကို ချက်ချင်းပဲ နေရာမှာတင် သင်္ကန်းတွေဆွဲချွတ်၊ လူမြင်ကွင်းမှာတင် ရိုက်တယ်။ နှိပ်စက်တယ်။ ကိုယ်ကလည်း ဘာမှလုပ်ပေးလို့မရတော့ ခံပြင်းရုံကလွဲ ဘာမှမတတ်နိုင်ဘူး”

စစ်ကောင်စီက သူတို့ကိုဆန့်ကျင်တဲ့ ရဟန်းသံဃာတော်တွေအပေါ် ပစ်မှတ်ထား ဖိနှိပ်မှု တွေလုပ်နေပေမယ့် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်ပြီးဆန့်ကျင်သွားမယ်လို့ မန္တလေးမြို့ သံဃသမဂ္ဂအဖွဲ့ဝင် အရှင်ရာဇဓမ္မက မိန့်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဟန်းတွေအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုတွေနဲ့ ပတ်သက် လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒီနှစ် ဧပြီလတုန်းကတော့ ရဟန်း သံဃာတွေကို ဖမ်းဆီးတာ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရဟန်းအသွင် ယူပြီး ဆောင်ရွက်နေလို့ ဥပဒေအရ ဆောင်ရွက်တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောဆိုခဲ့ပါတယ်။

PDF တွေဘက်ကလည်း ရဟန်းသံဃာ ၅၂ ပါးကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁ ရက် အာဏာသိမ်းမှု ၁၈ လပြည့် မိန့်ခွန်း မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီအချက်အလက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

launglon-monk.jpg
စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ သိမ်ဂုတ္တရဘုန်းကြီးကျောင်းက ဦးဣန္ဒဝံသအား တွေ့ရစဉ် (Photo: CJ)

စစ်ကောင်စီက သူ့ကိုထောက်ခံရင် သံဃာအစစ်လို့သတ်မှတ်ပြီး သူ့ကိုဆန့်ကျင်ရင်တော့ သံဃာအတုလို့ သမုတ်ကာ နိုင်ငံရေးအတွက် အသုံးချနေတာလို့ မန္တလေးမြို့ ဒေသခံ ကိုထက်မြတ်အောင်က ဝေဖန်ပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေးကို ဘာသာရေးနဲ့ ထိန်းတယ်။ သူတို့ကို ထောက်ခံရင် သံဃာအစစ်လို့ ယူဆတယ်၊ ပါဝင်တိုက်ပွဲဝင်နေတဲ့ သံဃသမဂ္ဂ ကိုဆိုရင် ရဟန်းတု၊ ရဟန်းယောင်တွေအနေနဲ့ ပုံဖျက်တယ်။ သံဃာတော်တွေ ဖိနှိပ်ခံ ရတာ ၈၈ မှာလည်း ရှိခဲ့တယ်။ ရွှေဝါရောင်မှာလည်း ရှိခဲ့တယ်။ ရှေ့မှာလည်း အများကြီး ရှိတယ်။ အခု စစ်ကောင်စီလုပ်နေတဲ့ လုပ်ရပ်က လုပ်ရပ်ဆန်းတော့ မဟုတ်ဘူး၊ နဂို လမ်းကြောင်းအတိုင်း သွားနေတာ”

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၂၀၂၀ ပြည့်နှစ် စာရင်းတွေအရ ရဟန်းသံဃာ ငါးသိန်းကျော်နဲ့ သီလရှင်ခြောက်သောင်းကျော်ဟာ မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းပေါင်း ခုနစ်သောင်း နှစ်ထောင် (၇၂,၀၀၀) ကျော်မှာ သီတင်းသုံးနေထိုင်ကြပါတယ်။

အဲဒီထဲမှာ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်နေတဲ့ ရဟန်းသံဃာတွေ အများအပြားရှိသလို အမျိုးဘာသာ သာသနာအတွက်ဆိုပြီး အာဏာသိမ်းမှုကို ထောက်ခံ နေတဲ့ ရဟန်းသံဃာတွေလည်း ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။