ဘာသာရေးအသုံးချပြီး နိုင်ငံရေးပြောင်းလဲဖို့ စစ်ကောင်စီ ကြိုးစားနေသလား

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.06.14
ဘာသာရေးအသုံးချပြီး နိုင်ငံရေးပြောင်းလဲဖို့ စစ်ကောင်စီ ကြိုးစားနေသလား ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က နေပြည်တော်တွင် ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်သည့်အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်မှာ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေသလို သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရကို အသုံးချပြီး မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ကြိုးစားလာနေတယ်လို့ နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူတွေက ပြောလိုက်ပါတယ်။

စစ်ကောင်စီက သူတို့ဘွဲ့တံဆိပ်တွေဆက်ကပ်ထားတဲ့ သံဃာတော်တွေကိုအသုံးချပြီး မြန်မာ့နိုင်ငံရေးအပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ နိုင်ငံရေးကနေဖယ်ထုတ်ဖို့ ကြိုးစားလာတာလို့ တအာင်းပြည်နယ် နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဆရာဆိုရ်ဒါင်းက ရှုမြင်ပါတယ်။

“လက်ရှိအချိန်မှာတော့ စစ်ကောင်စီအုပ်စုက ဘွဲ့ရရဟန်းသံဃာတွေ၊ သူတို့နဲ့နီးစပ်တဲ့လူပုဂ္ဂိုလ်တွေကို အသုံးချပြီးတော့မှ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ကြိုးစားနေတယ်၊ ကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေခွာထုတ်ဖို့ကြိုးစားနေတာ ရှိတယ်၊ သူတို့နိုင်ငံရေးထွက်ပေါက် ရှိဖို့ ကြိုးပမ်းနေတာရှိတယ်၊ အဓိကကတော့ လူထုအနေနဲ့ ဒီအပေါ်မှာ လိုက်ပါမသွားဖို့လိုတယ်၊ စစ်ကောင်စီကျဆုံးခါနီးကာမှ ကျွန်တော်တို့ အသက်ဆက်ပေးဖို့ ငြိမ်းချမ်းရေးလုပ်စရာ အကြောင်းနည်းနည်းမှမရှိဘူးလို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။”

စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေဒေသတွေက ဩဇာရှိတဲ့သံဃာတော်တွေကိုလည်း ဘွဲ့တံဆိပ်တွေဆက်ကပ်ပြီး စည်းရုံးတယ်လို့ သူက ပြောပါတယ်။

သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရက ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ မိန့်ထားတဲ့ဗီဒီယိုကို ရိပ်သာလူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့ပါတယ်။

“တပ်ဘက်ကအငြိမ်းစားတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ငြိမ်းချမ်းရေးကောင်စီနဲ့တွေ့ဆုံတဲ့အခါမှာလည်း လူအနည်းစုနဲ့ပဲ ဗီဒီယိုမှတ်တမ်းတွေမတင်ဘဲနဲ့ တွေ့ဆုံဖြစ်တာပါ၊ နိုင်ငံရေး၊ တော်လှန်ရေးအခြေအနေတွေကလည်း ပိုပြီးတော့ အရှိန်မြင့်လာတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို အများပြည်သူကိုချပြဖို့ လိုအပ်ပြီလို့ နားလည်ပါတယ်”

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်တပ်က အင်အားယုတ်လျော့လာတာကြောင့် အခုလို ဗုဒ္ဓဘာသာဘုန်းကြီးတွေကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို အချိုသပ်ခိုင်းဖို့ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီစစ်တပ်အင်အားဟာ တော်တော်လေးကို ယုတ်လျော့လာတယ်၊ ယုံကြည်မှုတွေ ကုန်ဆုံးလာတယ်၊ တပ်တွင်းမှာပုန်ကုန်မှုတွေ ရှိလာတယ်၊ CDM ရှိလာတယ်၊ စိတ်ဓာတ်ကျနေတဲ့ရဲဘော်တွေ ရှိလာတယ်၊ တိုက်သမျှရှုံးလာတယ်၊ အဲလိုအခြေအနေမျိုးက တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးက မသိမ်းနဲ့တော့ ငါလည်းအရှုံးပေးပြီဆိုတဲ့ အဲလိုအသံများ ဖြစ်လာမလား၊ သူ့လူတွေကို သူကထိန်းနိုင်မလားဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့နော်၊ အချိုသပ်ပြီးတော့ ရဟန်းတွေကို အသုံးချတာပေါ့ဗျာ၊ ဒါပေမဲ့ လက်တွေ့မှာတော့ အဲလိုဖြစ်လာနိုင်စရာ အကြောင်းလည်း မရှိဘူးလို့မြင်တယ်”

လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီက လာဆွေးနွေးမှာကို လက်ခံမှာမဟုတ်ဘူးလို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါ တယ်။

“ကျွန်တော်တို့ကတော့ ဒီကောင်တွေကိုအပြုတ်တိုက်မှာဗျ၊ ဥပမာဗျာ စကစနဲ့ဆွေးနွေးတာမျိုးတွေတို့၊ ဘာတို့ ကျွန်တော်တို့က လက်ခံမှာမဟုတ်တော့ဘူး၊ တော်လှန်ရေးသမားတွေရဲ့ ဆုံးဖြတ်ချက်ကတော့ ကျွန်တော်တို့က ပြီးအောင်တိုက်မှာ၊ ဆွေးနွေးလည်း ရှုပ်နေမှာပဲ၊ ကျွန်တော်တို့က ဒါနောက်ဆုံးသမိုင်းဗျ၊ ကျွန်တော်တို့ဗမာပြည်ရဲ့ နောက်ဆုံးသမိုင်း၊ ဒီတစ်ခါမှ မရုန်းလို့ရှိရင် ဒီကောင်တွေက ကျွန်တော်တို့လည်း ကျွန်သက်ရှည်မှာပဲ၊ ကျွန်တော်တို့ဗမာတွေလည်း ကျွန်သက်ရှည်မှာပဲ၊ ပြည်သူတွေ ဘယ်တော့မှ အနာဂတ်ကောင်းတဲ့ နိုင်ငံဖြစ်မှာမဟုတ်ဘူး၊ အနာဂတ်ကလေးတွေအတွက်လည်း ရင်လေးစရာနိုင်ငံတော် ဖြစ်နေမှာ၊ အဲတော့ ကျွန်တော်တို့က ဘယ်လိုပဲညှိနှိုင်းညှိနှိုင်း ကျွန်တော်တို့ကတော့ ဘယ်လိုမှ နောက်ဆုတ်မှာမဟုတ်ဘူး၊ ဒီကောင်တွေပြုတ်ဖို့ပဲ ကျွန်တော်တို့ ကြိုးစားပြီးတိုက်ခိုက်မယ်ဆိုတာက တော်လှန်ရေးသမားတွေ တော်တော်များများရဲ့ ခံယူချက်စိတ်တူသဘောထားတွေပါဗျ။"

အမှန်တကယ် သံဃာ့ဝိနည်းနဲ့အညီနေထိုင်တဲ့ ဆရာတော်တွေဟာ ဒီလိုမျိုး လုပ်ဆောင်မှာ မဟုတ်တဲ့အတွက် အခုဆောင်ရွက်တဲ့ ဆရာတော်ဟာလည်း အသုံးချခံနေရတာလို့လည်း သူကသုံးသပ်ပါတယ်။

စစ်ကောင်စီကရှုံးနိမ့်လို့ အခုလိုလုပ်ဆောင်တာဆိုပြီး တချို့သုံးသပ်တာက မမှန်ကန်ဘူးလို့ စစ်ဗိုလ်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက တုံ့ပြန်ပါတယ်။

သုံးသပ်ရမယ့် အချက်အလက်တွေကအများကြီး ဒီနယ်မြေကိုထိန်းတယ်ဆိုတာ တစ်ချိန်လုံးထိုင်ပြီးတော့ ပုံသေကြီးထိုင်နေတာမျိုးလည်း မဟုတ်ဘူး၊ ဒီနယ်မြေမှာ ဝင်လိုက်ထွက်လိုက် သွားတာမျိုးရှိမယ်၊ ဒီလိုနေရာမှာ PDF မလှုပ်ရှားနိုင်အောင် ချုပ်ထားတဲ့ဟာမျိုးရှိမယ်၊ အမျိုးမျိုး ဖြစ်နိုင်တဲ့အခါကျတော့ ဘယ်လိုမျိုးပုံစံကို သူတို့သုံးသပ်တာလဲပေါ့၊ အမြင်ရှုဒေါင့်မတူဘဲနဲ့ တစ်ဖက်ကရှုံးပြီပြောတာက တစ်ဖက်က ရှုံးချင်မှ ရှုံးမှာပေါ့၊ ပွင့်ပွင့်လင်းလင်းပြောရင်တော့ မြန်မာနိုင်ငံမှာက drama (ဇာတ်နာပြ) သိပ်ကြိုက်ကြတယ်ဆိုတော့ ဇာတ်နာပြလိုက်တဲ့ အပိုင်းလို့ပဲ ထင်တယ်၊ လောလောဆယ် ကျွန်တော်တို့မြင်တာက ဒီဖြစ်စဉ်တစ်ခုနဲ့ ဒါကြီးကို သွားပြောတဲ့အခါကျတော့ မှန်စရာအကြောင်းကို မရှိဘူး။”

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ် သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရက NLD ပါတီနာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးကအနားယူသင့်တယ်လို့ မိန့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။