သီတဂူဆရာတော်ရဲ့ဟောပြောချက်နဲ့ ရွှေဝါရောင်ဆရာတော်တွေရဲ့အမြင်

2023.01.03
အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
သီတဂူဆရာတော်ရဲ့ဟောပြောချက်နဲ့ ရွှေဝါရောင်ဆရာတော်တွေရဲ့အမြင် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂါယာမြို့၊ မဟာဗောဓိစေတီတော်ကို ရောက်ရှိလာသည့် သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရ။
ချင်းတွင်းသစ္စာ/VK

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက သံဃာတော်အပါး ၅ဝဝ ခြံရံကြွချီခဲ့တာဟာ အယူအဆမတူတဲ့ ဘာသာရေးဂိုဏ်းတွေက လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်တယ်လို့စဉ်းစားမိတဲ့ အကြောင်း သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရရဲ့ဟောပြောချက်ကို ရွှေဝါရောင်ဆရာတော်တွေ ဝေဖန်ထောက်ပြနေကြပါတယ်။

မြတ်စွာဘုရား ဒေသစာရီကြွချီတဲ့အခါ လုံခြုံရေးကြောင့် သံဃာအပါး ၅၀၀ ခြံရံပြီး ကြွချီတာဖြစ်နိုင် တယ်လို့စဉ်းစားကြည့်တဲ့အကြောင်း သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဂါယာမြို့၊ မဟာဗောဓိပရဟိတ မြန်မာကျောင်းမှာ အခုလို ဟောကြားခဲ့တာ ဖြစ်ပါတယ်။

“မြတ်စွာဘုရားက သံဃာတော် ၅၀၀ နဲ့ သွားတယ်ဆိုတာတွေဟာ နေရာတကာမှာတွေ့တယ်။ စာမှာ တိတိကျကျမပါဘူး။ ဘယ်မှာမှမပါဘူး။ မပါပေမယ့် စဉ်းစားကြည့်ရတာ ဘာသာရေးဂိုဏ်းတွေက ဘုရားထက်စောပြီးတော့ အများကြီးပေါ်နေပြီးပြီ။ ဘုရားနဲ့ခေတ်ပြိုင် ဘာသာရေးဂိုဏ်းတွေက အများကြီး။ မြတ်စွာဘုရားကို လုပ်ကြံတာတွေက ပြိုင်ဘက်ဘာသာရေးဂိုဏ်းတွေက လုပ်ကြံတာတွေ။ သေတဲ့အထိ Assassinate လုပ်ကြတာ။ အဲဒါကြောင့် စွပ်စွဲမှုတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်အောင်လုပ်တာတွေ၊ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေ ဒါတွေ ရှိနေတဲ့အတွက်ကြောင့် ဘုရားက ခရီးသွားရင် သံဃာ ၅၀၀ ခေါ်သွားတာက သူရဲ့အန္တရာယ်ကာကွယ်ဖို့ Protection ဖြစ်ရမယ်လို့ တွေးကြည့်တာပေါ့"

သီတဂူဆရာတော်ကြီးရဲ့ ဒီဟောပြောချက်ကို နွေဦးတော်လှန်ရေး သံဃကွန်ရက်က ဆရာတော် ဦးဝါယမက အခုလိုဝေဖန်ထောက်ပြပါတယ်။

“ဗုဒ္ဓဟာ လုပ်ကြံမှာကြောက်လို့ အသိုင်းအဝိုင်းခြံရံပြီး သွားတာဆိုတဲ့ အပေါက်မျိုးက မဟုတ်ဘူး။ ၅၀၀ သွားတယ်ဆိုတာ စာပေအရပြောတာ။ လှန့်တာမျိုး ခြောက်တာမျိုးမဟုတ်ဘူး။ ကျန်တဲ့ ရဟန်းသံဃာတွေကလည်း ကိုယ်ရံတော် မဟုတ်ဘူး။ ဓမ္မကို ဟောကြားမယ့် ဓမ္မသူရဲကောင်းတွေ ဓမ္မအာဇာနည်တွေ အများကြီးနဲ့ ဖြန့်ကျက် ဟောနိုင်ဖို့သာလျှင် အဲဒီလိုခရီးထွက်ခြင်း ဖြစ်ပါတယ်။ ဆရာတော် ဦးဉာဏိဿရပြောသလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူဖြစ်ချင်နေတာတွေကို ဗုဒ္ဓကို လွှဲချပြီးတော့မှ တရားလွဲဟောခြင်းမဟုတ်ပါဘူးလို့။ ဒါ့ကြောင့် ဗုဒ္ဓကို သူခေါင်းခေါက်ခြင်းသာ ဖြစ်တယ်။ ဒါမလုပ်သင့်တဲ့ အလုပ်ကို လုပ်တာပါလို့။ တရားကို တလွဲအသုံးချတာ။ ဗုဒ္ဓကို သိပ်စော်ကားခြင်း ဖြစ်တယ်လို့ ဦးဇင်းတို့ ပြောချင်ပါတယ်”

ဆရာတော်ဦးဉာဏိဿရရဲ့ တပည့်ရင်းထဲက သီတဂူစတားလို့ အမည်တွင်တဲ့ ဆရာတော် ဦးကောဝိဒသိရီ ကတော့ သီတဂူဆရာတော်ကြီး ဟောကြားတဲ့သဘောဟာ ထူးခြားဆန်းသစ်ပြီး လူတွေ ပိုနားလည်အောင် ဟောကြားလိုက်တာဖြစ်တယ်လို့ မိန့်ပါတယ်။

“ထူးခြားဆန်းသစ်တဲ့ အယူအဆ တစ်ခုပဲ သာမာန်လူတွေမတွေးခေါ်နိုင်တဲ့ တိမ်မြုပ်နေတဲ့အရာကို ဆရာတော်က တွေးခေါ်လိုက်တယ် လို့ ဘုန်းဘုန်းတို့က ဒီလိုထင်လိုက်တယ်။ ဘုန်းဘုန်းတို့အတွက်လည်း တွေးစရာ အသိဉာဏ်တစ်ခု ရသွားတာပေါ့။ ခေတ်အခြေအနေတော့ မဆိုင်ဘူး။ ဒီကနေ့ ဖြစ်ပျက်နေတာတွေကို မဟုတ်ဘူး။ လူတွေ ပိုနားလည်လွယ်အောင်ပေါ့ ခေတ်လူငယ်တွေ နားလည်အောင် ပြောလိုက်တယ်လို့ ထင်ပါတယ်။”

ဝေဖန်နေကြတဲ့သူတွေကို အပြစ်မမြင်ဘူးလို့လည်း ဆရာတော်ဦးကောဝိဒက မိန့်ပါတယ်။

သီတဂူဆရာတော် ဦးဉာဏိဿရရဲ့ဟောပြောချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို RFA အနေနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က သီတဂူဆရာတော်ဟောကြားချက်ဟာ ဘုရားကိုခုတုံးလုပ်တယ်လို့ မြင်ကြောင်း မိန့်ပါတယ်။

“မြတ်စွာဘုရားလိုမျိုး အဆင့်ကိုမပြောနဲ့ဦး။ သာမာန်လူပုဂ္ဂိုလ် ဖြစ်တဲ့ အနာဂါမ်ဟေ့ဆိုရင်တောင် ကြောက်စိတ်လုံးဝကုန်သွားပြီ။ အခုဟာက သူပြောတဲ့ ပုံစံကြီးက မြတ်စွာဘုရားကပဲ ကြောက်ပြီးတော့ လုံခြုံရေးနဲ့ သွားနေရတဲ့ဆိုတာ ဒါဘုရားကိုလည်း စော်ကားရာကျတယ်။ တရားကိုလည်း စော်ကားရာကျတယ်။ သံဃာ့ဂုဏ်တော်တွေကိုလည်း စော်ကားရာကျတယ်။ သံဃာ့ဂုဏ်တွေရဲ့ အစစ်အမှန်ဆိုတာ တရားသိသွားရင် မကြောက်တော့ဘူး၊ သူ့ရဲ့ဒကာ မင်းအောင်လှိုင်အတွက်ရယ်၊ သူကိုယ်တိုင်က ကြောက်စိတ်တွေဖြစ်နေပြီးတော့ ဒါဘုရားကို လွှဲချတဲ့ ခုတုံးလုပ်ခြင်းလို့ ဦးဇင်းတို့က မြင်ပါတယ်။ ပြောနေတဲ့ဟာတွေက ဦးဇင်းတို့ မြတ်စွာဘုရားရဲ့ပါဠိတော်မူရင်းတွေ ကျမ်းတွေထဲမှာ ဘာမှမရှိပါဘူး”

bc3c4f05-8432-496e-a341-cf01ee6bac08.jpeg
၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တွေ့ရသည့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ။ (Photo: Myanmar Military)

သီတဂူဆရာတော် ဦးဉာဏိဿရဟာ စစ်ခေါင်းဆာင်တွေနဲ့ အလွန်နီးစပ်တဲ့ပုဂ္ဂိုလ်ဖြစ်သလို၊ ၂၀၂၂ ခုနှစ်မတ်လ ၂၀ ရက်နေ့က အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ ချီးကျူးဂုဏ်ပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။