စစ်ကောင်စီနဲ့ မဆက်ဆံကြဖို့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ တိုက်တွန်း

RFA Burmese
2024.07.01
စစ်ကောင်စီနဲ့ မဆက်ဆံကြဖို့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ တိုက်တွန်း ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး စစ်ကောင်စီအား သပိတ်မှောက်ခဲ့ကြသည့် ထားဝယ်ခရိုင်အတွင်းမှ သံဃာတော်များကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ဟာ သံဃာ့အစည်းအဝေးတက်ဖို့ မန္တလေးမြို့ကို ကြွရောက်လာကြရင်း ဆရာတော်တွေပါလာတဲ့ကားကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။

စစ်ကောင်စီရဲ့ဒီလုပ်ရပ်ကို သံဃာထုနဲ့ မြန်မာပြည်သူလူထုတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရသလို တခြားဘာသာဝင်တွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြပါတယ်။

အခုဆိုရင် အထက်မြန်မာပြည်က မြို့နယ်တချို့မှာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ၊ သံဃာအဖွဲ့ အစည်းတွေက ကန့်ကွက်တဲ့စာတွေ ထုတ်ပြန်ခဲ့ကြသလို တချို့သံဃာအဖွဲ့တွေကလည်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြပါတယ်။

"ဆရာတော်ကြီးကို ပစ်လိုက်တဲ့ကျည်က ဆရာတော်ကြီးတင်မကပါဘူး။ ဗုဒ္ဓဘာသာကိုလည်း ထိတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို ထိခိုက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး"

စစ်အာဏာရှင်နဲ့ မဆက်ဆံကြဖို့ ဗုဒ္ဓဘာသာ သံဃာတော်တွေအပါအဝင် တခြားဘာသာဝင်တွေကိုလည်း အထူးပဲမေတ္တာရပ်ခံတယ်လို့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့က ဆရာတော် ဦးဝါယမက တိုက်တွန်းပါတယ်။

"လမ်းပေါ်ထွက်ဖို့ တိုက်တွန်းနေတာမဟုတ်ဘူး။ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြဖို့ မတိုက်တွန်းဘူး။ ဘာကြောင့်လဲဆိုရင် အာဏာလုသူဟာ ဘယ်သူမှ ရှောင်မှာမဟုတ်လို့ ရဟန်း၊ သံဃာ၊ သာမဏေရှင်တွေ လမ်းပေါ်ထွက်ဖို့ မလိုပါဘူး။ ဒါကြောင့်မို့လို့ သပိတ်မှောက်တယ်ဆိုတာသည် ဒီလိုအာဏာလုလူတန်းစားနဲ့ မဆက်ဆံရေးမူကို ကျင့်သုံးခြင်းသာ ဖြစ်ပါတယ်။ သူတို့လှူတဲ့ ကျောင်း၊ သင်္ဃန်း၊ ဆေးကို မစားဘူး၊ တိုင်းသူပြည်သားလှူဒါန်းတဲ့ ကျောင်း၊ သင်္ဃန်း၊ ဆေးကိုပဲ သုံးဆောင်ခံစားမယ် ဒါ အပြစ်ကင်းတယ်။ ဒါ ဆွမ်းအေးဖြစ်တယ်။ အာဏာလုလှူတာသည် ခိုးယူသတ်ဖြတ်ပြီးလှူတာမို့ ဆွမ်းပူဖြစ်တယ်လို့ အားလုံးလည်းသိထားကြလို့ ဒီလိုမတရားလုပ်လာတဲ့အပေါ်မှာ ကိုယ်တွေဘက်က ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီ ဓမ္မဝိနိယနဲ့အညီ ပြတ်ပြတ်သားသားမဆက်ဆံခြင်းမူကို ကျင့်သုံးမယ်ဆိုရင် တိုင်းပြည်အပေါ် မတရားလုပ်နေတဲ့ အာဏာလုလက်ပါးစေတွေဟာ ရုပ်ပိုင်းအရလည်း ပြိုလဲနေသလို စိတ်ပိုင်းအရလည်း ပြိုကျနေပြီးတော့ လုံးဝကို တိုင်းသူပြည်သားတွေရဲ့ လွတ်မြောက်ရေးဟာ ဖြစ်လာမှာမို့လို့ ဗုဒ္ဓရဲ့အဆုံးအမ ဓမ္မဝိနိယနဲ့အညီ အားလုံးက ပါဝင်ပြီးတော့ ဒီအာဏာရှင်နဲ့မဆက်ဆံရေးမူကို ကျင့်သုံး လိုက်နာပေးကြဖို့ အထူးပဲ ဆရာတော်၊ သံဃာတော်တွေကို ရိုသေစွာ ဦးခိုက်လျှောက်ထားတောင်းပန်သလို ဘာသာရေးတိုင်းက ဘာသာရေးဆရာတွေကိုလည်း အထူးပဲ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်’’

စစ်ကိုင်းတိုင်း ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ နဲ့ မကွေးတိုင်းထဲက မြိုင်နဲ့ ပခုက္ကူ စတဲ့ မြို့နယ်တွေက သံဃာတော်တွေကလည်း စစ်ကောင်စီကို သပိတ်မှောက်တဲ့အထဲ ပူးပေါင်းပါဝင်လာကြပါတယ်။

ဘုရား၊ တရား၊ သံဃာတွေရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်လုပ်တာ၊ သံဃာကို ဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေကျူးလွန်တယ်ဆိုရင် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်တယ်ကြတာ ဖြစ်ပါတယ်။

အဲဒီအချက်တွေကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဆီကနေ ဘယ်လှူဖွယ်ပစ္စည်းတွေကိုမှ လက်မခံတော့တာဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အခုလို ပစ်သတ်ခံရတာဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေတင် မဟုတ်ဘဲ တခြားဘာသာတွေကိုပါ ထိခိုက်စေတာမို့ လက်မခံနိုင်ဘူးလို့ အစ္စလာမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်ကလည်း ပြောပါတယ်။

‘’ကျမ်းပြုဆရာတော်ကြီးလို့ နားလည်ထားတယ်။ တကယ့်သူတော်စင်သူတော်မြတ်ကြီးပါ။ ဆိုတော့ ဒီလိုသူတော်စင် သူတော်မြတ်ကြီးကို သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ်လိုက်တာသည် ဆရာတော်ကြီးကို ပစ်လိုက်တဲ့ကျည်က ဆရာတော်ကြီးတင်မကပါဘူး။ ဗုဒ္ဓဘာသာကိုလည်း ထိတယ်။လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ခရစ်ယာန်ကိုရော၊ ဟိန္ဒူရော၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာကိုရော၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို ထိခိုက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး’’

စစ်ကောင်စီကို ဆန့်ကျင်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် ပါဝင်ကြသည့် မုံရွာမြို့မှ သံဃာတော်များအား ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်ကောင်စီကို ဆန့်ကျင်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် ပါဝင်ကြသည့် မုံရွာမြို့မှ သံဃာတော်များအား ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဗုဒ္ဓဘာသာဝင်တွေ အများဆုံးရှိတဲ့နိုင်ငံမှာ ကိုယ်တိုင်ကိုးကွယ်နေတဲ့သံဃာတော်ကို အခုလို သတ်ဖြတ်လိုက်တာ အရမ်းကို ဆိုးရွားတဲ့လုပ်ရပ်ပဲလို့ ခရစ်ယာန်ဘာသာဝင် နော်မေကလည်း မှတ်ချက်ပေးပြောပါတယ်။

"ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ ကိုယ့်ရဲ့ဘုန်းကြီးတစ်ပါးကို ရက်ရက်စက်စက် ပစ်သတ်လိုက်တယ်ဆိုတာ ကျွန်မတို့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်အနေနဲ့ ကျွန်မတို့ ရှုတ်ချပါတယ်။ လူသားတစ်ယောက်အနေနဲ့လည်း ရှုတ်ချပါတယ်။ ဒီလုပ်ရပ်မျိုးက အရမ်းကို လူမပီသဘူး။ လူမဆန်ဘူး။ဒါကတော့ ကျွန်မတို့ အရမ်းကို ပြောစရာတောင် မလိုတော့ပါဘူး။ အရင်ကတည်းက သူတို့က လူမဆန်ကြတာ ဒါပေမဲ့ ကျွန်မတို့အံ့ဩတာက ဘာသာသာသနာဆိုပြီးတော့ ကြွေးကြော်ပြီးတော့ ဘုရားတွေတည်တယ်။ တစ်နိုင်လုံးလည်းနှံ့နေပြီ။ တစ်ကမ္ဘာလုံးလည်း သူတို့ လိုက်တည်ပြီးသွားပြီ။ သို့သော်လည်း ကိုယ့်ရဲ့ဘာသာရေးခေါင်းဆောင် ကိုယ့်အထွတ်အမြတ်ထားတဲ့ ဘုန်းကြီးရဟန်းကို ဒီလိုမျိုး ပစ်သတ်နိုင်တယ်ဆိုတာကတော့ ဒါတော်တော့်ကို ကျွန်မတို့တွေ ပြောစရာစကားလုံးတောင်မှ မရှိတော့ဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်လည်း ဘုန်းဘုန်းတို့တွေ ဒီလိုမျိုးပေါ့နော်။ ကျွန်မတို့ ၂ဝဝ၇ ရွှေဝါရောင်တုန်းကလည်း ဒီလိုပါပဲ။ ကျွန်မတို့ ဘုန်းကြီးသံဃာကို မီးလောင်ဗုံးနဲ့ပစ်တာ အမျိုးမျိုးလုပ်ခဲ့တယ်ပေါ့နော်။ အဲဒီတုန်းကလည်းတစ်ကြိမ်ပေါ့နော်၊ အခု ဒီတစ်ကြိမ်ကတော့ အရမ်းကို လွန်လွန်းသွားတာ’’

စစ်ကောင်စီရဲ့လုပ်ရပ်ကို ဒီအတိုင်းထိုင်ကြည့်နေမယ်ဆိုရင် တခြားဘာသာဝင်တွေ ကိုယ့်အလှည့်ဘယ်တော့ ရောက်မလဲဆိုတာ သတိထားကြဖို့လိုတယ်လို့ မြန်မာ-ဟိန္ဒူ ယူနီယံအဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ဦးဇွဲကလည်း ဆိုပါတယ်။

"ဗုဒ္ဓဘာသာအဓိကကိုးကွယ်တဲ့ဒီနိုင်ငံမှာ ဒီလိုဆရာတော်မျိုးတွေကို လုပ်ကြံတိုက်ခိုက်ခြင်းဟာ ဘာသာရေးအနေနဲ့ လက်တည့်စမ်းခြင်းမျိုးပဲဖြစ်ပါတယ်။ နောက် ဗုဒ္ဓဘာသာကိုတောင်မှ ဒီလိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းမျိုးဆိုရင် ကျန်တဲ့ဘာသာတွေကိုလည်း တိုက်ခိုက်ဖို့အတွက် သူတို့ဖက်က ဝန်လေးနေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဘက်က ဒါမျိုးတွေကို ငြိမ်ခံနေမယ်။ ဒီအတိုင်း ထိုင်ကြည့်နေမယ်ဆိုရင် ဗုဒ္ဓဘာသာအလှည့်ပြီးရင်တော့ ကျန်တဲ့ဘာသာတွေ အလှည့်လည်း ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ လုံးဝဆန့်ကျင်ပါတယ်။ လုံးဝရှုတ်ချပါတယ်’’

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ် ၄၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။