တစ်နိုင်ငံလုံးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ပိုများလာ
2023.03.14

စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းက မြို့နယ်ပေါင်း ၃၇ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေရော မကြေညာတဲ့ မြို့နယ်တွေမှာပါ ဒေသခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ ပိုများလာသလို အပြန်အလှန်သတ်ဖြတ်မှုတွေလည်း ပိုတိုးလာခဲ့ပါတယ်။
RFA က ရရှိထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ မတ်လ ၁၁ ရက်အထိ တစ်လအတွင်း တစ်နိုင်ငံလုံးမှာ ဒေသခံ ငါးဦးအထက် သတ်ဖြတ်ခံရတဲ့ကိစ္စ ရှစ်ခုရှိခဲ့ပြီး ၇၄ ဦးအထိ သေဆုံးခဲ့ပါတယ်။
"အိမ်တွေရာတွေ ဖျက်ဆီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖျက်ဆီးတာတော့ လုံးဝလက်မခံဘူး”
အဲဒီထဲမှာ အဆိုးဆုံးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာ မတ်လ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ ဘုန်းကြီးသုံးပါးနဲ့ ရွာခံ စုစုပေါင်း ၂၁ ဦးအသတ်ခံရတဲ့ ကိစ္စဖြစ်ပြီး ဒီအပေါ်ကိုလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား အပြန်အလှန်စွပ်စွဲနေကြပါတယ်။
စစ်ကိုင်းတိုင်း၊ တာတိုင်ရွာမှာလည်း မတ်လ ၁ ရက်နေ့က ဒေသခံ ၁၇ ဦးထက်မနည်းကို စစ်ကောင်စီ တပ်သားတွေ ဓားစာခံအဖြစ်ဖမ်းသွားပြီး နောက်တစ်ရက် ရွာအနီးမှာ အလောင်းတွေကိုသာ ပြန်တွေ့ခဲ့ရတာပါ။
အသတ်ခံခဲ့ရတဲ့ ၁၇ ဦးထဲက မိသားစုဝင်လေးဦး ဆုံးရှုံးခဲ့ရသူ ဦးနိုင်သူအောင်ကတော့ ဒီလိုအဖြစ်မျိုး တခြားမိသားစုတွေ ထပ်မကြုံရအောင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ကူညီပေးဖို့ တောင်းဆိုပါတယ်။
“ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့နိုင်ငံအနေနဲ့ လုပ်ဆောင်လို့မရတဲ့ အခြေအနေမျိုးမှာ နိုင်ငံတကာကနေ ပါဝင်ကူညီပြီးတော့ ကျနော်တို့လို ဘဝမျိုးတွေ နောက်ထပ် ကျနော်တို့ ပြည်သူတွေ ကျနော်တို့လို မဖြစ်ရလေအောင် ကူညီပေးဖို့က မျှော်လင့်နေ တယ်ပေါ့။ တောင်းလည်း တောင်းဆိုချင်တယ်။ ကျနော်တို့ အများကြီး ပေးဆပ်ခဲ့ရပြီးပြီ။ အများကြီး ခံစားခဲ့ရပြီးပြီ။ နောက်ထပ်လည်း ပြည်သူတွေကို ထပ်ပြီးတော့ မဖြစ်စေချင်တော့ဘူး”
စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အနည်းဆုံးခုနစ်ခုဖြစ်ခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးနဲ့ အခြား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေ ပါဝင်ပါတယ်။
တာတိုင်ရွာကိစ္စကို ထဲထဲဝင်ဝင်သိတဲ့ စစ်ကိုင်းတိုင်း၊ မြင်းမူဒေသခံကလည်း အခု နောက်ပိုင်း စစ်ကြောင်းတွေဟာ သူတို့ PDF ရွာလို့ စွပ်စွဲတဲ့ရွာတွေမှာ ဘယ်သူ့တွေ့တွေ့ အရှင်မထားတော့ဘူးလို့ RFA ကို ပြောပါတယ်။
“ဒီရွာတွေက တစ်ရွာလုံး PDF ဖြစ်နေပြီဆိုရင် အဲဒီတစ်ရွာလုံး မီးတိုက်ပစ်လိုက်တာပဲဗျ။ PDF ကို နောက်ကနေ Supporting မလုပ်နိုင်အောင်။ အဓိကကတော့ အကြောက် တရားသွင်းတာပေါ့။ တိုင်းရင်းသား ဒေသတွေမှာ ဟိုတုန်းက ဒီနည်းဗျူဟာသုံးတာပေါ့။ PDF မရှိတဲ့ရွာ ဘာမှမဖြစ်ဘူး၊ PDF ရှိတယ်ဆိုတဲ့ရွာ မီးရှို့ခံရမယ်ဆိုတဲ့ အကြောက် တရားပေါ့။ အခုကပိုဆိုးသွားပြီ။ အဲဒီလိုရွာတွေဆိုရင် တွေ့သမျှလူ အကုန်သတ် တော့မယ်။ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီဆိုကတည်းက စစ်တိုင်းမှူးရဲ့ လက်ထဲမှာရှိသွားပြီလေ၊ အကုန်လုံးက။ အကုန်သတ်ဆိုတဲ့ ပုံစံဖြစ်သွားပြီ အခုက”
စစ်ကောင်စီတပ်ဟာ သူတို့အုပ်ချုပ်လို့မရတော့တဲ့ရွာ ဒါမှမဟုတ် အဲဒီရွာက PDF ကို ထောက်ခံနေတယ်လို့ သံသယရှိတာနဲ့ ရွာထဲက အသက် ၁၆ နှစ်အထက်ကနေ ၅၀ လောက်အထိကို ရန်သူလို့သတ်မှတ်ပြီး လက်နက်နဲ့ပါမိရင်တော့ ရက်ရက်စက်စက် သတ်ဖြတ်တာတွေရှိလာတယ်လို့ မြင်းမူဒေသခံက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်ဒေသခံတစ်ဦးကလည်း နေအိမ်တွေနဲ့ စာသင်ကျောင်းတွေပါ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကိုလည်း အလေးထားမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့ အာဏာတည်မြဲရေးအတွက် အကြောက်တရားသွင်းမယ်။ အိမ်တွေတောင် မီးရှို့တယ်လေဗျာ။ ဒီတစ်ပတ်လာတဲ့ စစ်ကြောင်းက မုဆိုးခြုံကျေးရွာမှာ စာသင်ကျောင်းဆောင်နှစ်ဆောင် မီးရှို့ထားခဲ့တာ။ စာသင်ကျောင်းလို ဟာမျိုးတွေ တောင် မီးရှို့ဖျက်ဆီးတယ်ဆိုရင်တော့ ပြည်သူလူထုကို ပိုပြီးတော့တောင်မှ ဒီကောင်တွေက ဘာမှအလေးထားမှာ မဟုတ်ဘူး။ စစ်ပွဲသဘောတရားအရ စစ်တိုက်တာကို လက်ခံတယ်။ အိမ်တွေရာတွေ ဖျက်ဆီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖျက်ဆီးတာတော့ လုံးဝလက်မခံဘူး”
မတ်လ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် မတ်လ ၃ ရက်နေ့မှာတော့ ရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ အလောင်းခုနစ်လောင်းကို ဒေသခံတွေ တွေ့ခဲ့ပါတယ်။
ရန်ကုန်မြို့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေအရ ဘယ်လိုမှလက်မခံနိုင်တဲ့ ရာဇဝတ်မှု တွေလို့ RFA ကို ပြောပါတယ်။
“ဥပဒေအမြင်မှာတော့ ဘယ်လိုမှဒါဟာ လက်ခံနိုင်စရာအကြောင်းမရှိဘဲ ရာဇဝတ်မှု ကျူးလွန်ခြင်းလို့ပဲ မြင်တယ်။ နစ်နာသူတွေက ဘာလုပ်ရမလဲဆိုရင် ကိုယ့်မှာအထောက် အထားတွေလည်း စုဆောင်းထားရှိပြီးတော့ တရားဥပဒေ လွှမ်းမိုးတဲ့ ကာလတစ်ခု ရောက်လာရင်တော့ ဒါဟာ ရာဇဝတ်မှုအဖြစ်နဲ့ ကျနော်တို့ အရေးယူနိုင်မယ်။ အမှုဖွင့်နိုင်မယ်။ သင့်လျော်တဲ့ ပြစ်ဒဏ်ရအောင် ကြိုးစားနိုင်မယ့် အနေအထားတော့ ရှိပါတယ်”
လက်အောက်ငယ်သားတွေ စစ်မိန့်မနာခံတော့လို့ မထိန်းသိမ်းနိုင်တာလား၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာ ဒီလိုမျိုး ပုံစံတူတွေဖြစ်နေတာကြောင့် ရည်ရွယ်ချက်ရှိရှိ အမိန့်ပေး ခိုင်းစေနေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပြီး ဒီကိစ္စတွေအတွက် စစ်ကောင်စီမှာ အဓိကတာဝန်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ စစ်ကောင်စီတပ်တွေဟာ အခုလို ရာဇဝတ်မှုတွေကို စနစ်တကျလုပ်လာတာလို့ ဝေဖန်ပါတယ်။
“အဲဒီလို ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် သူတို့မှာ စနစ်တကျ ပူးပေါင်း လုပ်ဆောင်တာတွေရှိသလို နေရာဒေသတော်တော်မျာများမှာ တစ်ပုံစံတည်း ကျနော်တို့ တွေ့ရတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် Crime Against Humanity ကို ကျူးလွန်နေ တာလို့ ကျနော်တို့ ကောင်းကောင်းလေး မြင်ရတယ်။ ကျနော်တို့ ပြည်သူတွေအတွက်က ရွေးချယ်စရာ ဘယ်လိုတွေဖြစ်လာလဲဆိုတော့ အဖမ်းခံပြီးတော့မှ ရက်ရက်စက်စက် လူမဆန်စွာရိုက်သတ်ခံမလား။ ကိုယ့်အသက်ကို ကာကွယ်ရင်းနဲ့ပဲ အသက်ပေးမလား ဆိုတာ ဒါက ရွေးချယ်စရာဖြစ်လာပြီ။ ဒါက တော်တော်လေး ဆိုးရွားတဲ့ အဆင့်တစ်ခုကို ရောက်လာပြီလို့ ပြောလို့ရတာပေါ့နော်”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာမျိုး စစ်ကောင်စီတပ်တွေဘက်က မလုပ်ဘူးလို့ သတင်းမီဒီယာတွေ မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်အာဏာသိမ်းပြီး နောက် မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော်အထိရှိနေပြီလို့ မတ်လ ၆ ရက်နေ့မှာ အွန်လိုင်းကပြုလုပ်တဲ့ တာတိုင်ရွာသတ်ဖြတ်ခံရမှု သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရှေ့လျှောက်ပိုပြီးတော့ ရက်စက်မှုတွေ လုပ်လာနိုင်လို့ သတိထား နေဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
“ဒီအကြမ်းဖက်စစ်တပ်ကတော့ ပြည်သူကို ရန်သူလိုသဘောထားပြီးတော့ နှိမ်နင်းမယ့်သဘော ရှိနေတာပေါ့နော်။ အဲဒီအတွက်ကြောင့်မိုလို့ ကိုယ့်အသိသတိနဲ့သာ အမြဲတမ်း ကျနော်တို့ နေထိုင်ကြဖို့လိုပါတယ်။ အထူးသဖြင့်တော့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ နေရာတွေမှာ ရှေ့လျှောက်ပြီးတော့ ဒီလိုရက်စက်မှုတွေ ပိုပြီးတော့ လုပ်လာဖို့ရှိတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်”
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ကိစ္စတွေကို တစ်ခုချင်းစီအလိုက် မှတ်တမ်းတင် ထားပြီး နိုင်ငံတကာ တရားစွဲ အဖွဲ့အစည်းတွေဆီထံ ပေးပို့ထားတယ်လို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၃၁၂၄ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၁၆၄၇၀ ဦးအနက် ၅၀၅၅ ဦးကတော့ ထောင်ချခံထားရပါတယ်။