မုန်တိုင်ပင်ရွာသားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ဆိုးဝါးစွာ ခံစားနေရ

2022.07.29
မုန်တိုင်ပင်ရွာသားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ဆိုးဝါးစွာ ခံစားနေရ မီးရှို့ဖျက်ဆီးခြင်းခံရသည့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာမှ မီးသတ်ကားတစ်စီးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ ရွာသား ၂၉ ဦးကို စစ်ကောင်စီလက်အောက်ခံ ခမရ ၇ဝ၈ တပ်ဖွဲ့ဝင်တွေက ရက်စက်စွာ သတ်ဖြတ်သွားခဲ့ပြီး ရွာက နေအိမ်နဲ့ အဆောက်အအုံ ၇ဝ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

ရွာသားတွေအနေနဲ့ အဲဒီ ဖြစ်ရပ်ဆိုးကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ကို ဆိုးဝါးစွာ ခံစားနေရဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံလာရောက်ပြီး အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ရွာသားတချို့လည်း တခြား မြို့ရွာတွေကို ရှောင်ပြေး သွားကြတယ်လို့ ဆိုပါတယ်။

မုန်တိုင်ပင်ရွာသားတစ်ဦးကတော့ ပျူစောထီးရွာနှစ်ရွာ အနီးမှာရှိတဲ့ သူတို့ရွာမှာ PDF အဖွဲ့ဝင်တွေရှိပေမယ့် ခေတ်မီလက်နက်တစ်စုံတစ်ခုမှတော့ မရှိဘူးလို့ ပြောပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက သူတို့လည်း အစွမ်းကုန်ကြိုးစားနေပေမယ့် လိုအပ်ချက်တွေက များလွန်းနေတယ်လို့ ပြောပါတယ်။

"ကျနော်တို့က PDF တပ်ရင်း နှစ်ရင်း၊ သုံးရင်းရှိတယ်၊ ပကဖ အဖွဲ့တွေရှိတယ်။ နောက် ကျေးရွာရဲ့ ပအဖ ပြည်သူ့အုပ်ချုပ်ရေးထဲက လုံခြုံရေး သတ်မှတ်ထားတာရှိတယ်။ အဲလို လုံခြုံရေးတွေကတော့ ရွာစဉ်ကတော့ ဖွဲ့ထားနိုင်တယ်ဆိုပေမယ့် ဘာလက်နက်မှတော့ ရွာတိုင်းမရှိဘူး။ တကယ်တတ်နိုင်တဲ့ ရွာလေးတွေကတော့ ကိုးလုံးကျည်နဲ့ နှစ်လုံးပြူး ကျည်နဲ့ ထည့်ပစ်တဲ့ လက်လုပ်လေးတွေ ဝယ်ထားတာတော့ ကိုင်တာရှိတယ်။ တချို့ ကျေးရွာတွေကတော့ မောင်းပြန်ရိုင်ဖယ် လေးငါးခြောက်လက် ဝယ်ပြီးပြီပေါ့။ ကျနော် တို့ ရေဦးမှာဖွဲ့ထားတဲ့ PDF တွေတပ်ရင်းတွေအတွက်လိုတာကတော့ စစ်လက်နက်ပေါ့။ စစ်လက်နက်လိုအပ်ချက်အများကြီးရှိပါတယ်။ ဒါပေမဲ့ NUG အစိုးရအပေါ်မှာလည်း ဒါဝန်ထုပ်ဝန်ပိုးလည်းဖြစ်နေတယ်။ ထို့အတူပဲ စစ်မဟာဗျူဟာအရ လိုအပ်သလို စီမံပေးနေတဲ့အတွက်လည်း ကျနော်ဒီထဲမှာတော့ အကျယ်တဝင့် မပြောလိုပါဘူးဗျ။ စစ်လက်နက်လိုသလို ပြည်သူတွေရဲ့ ထည့်ဝင်ပေးမှု ကူညီမှုကလည်း အတိုင်းထက် အလွန်ပါဗျ။ ဒီနေရာမှာလည်း ပြည်သူတွေရဲ့ ချွေးနှဲစာပေါ့ အဓိကတော့ နိုင်ငံ့ပြင်ပက အလှူရှင်တွေနဲ့ကျတော့ အချိန်ပိုဆင်းလို့ ရတဲ့အချိန်ပိုလေးရဲ့ လုပ်အားခတွေအားလုံးကို ကျနော်တို့ဘက်ပေးလှူကြတဲ့အတွက်လည်း ကျနော်တို့အင်မတန်မှလည်း ပီတိလည်း ဖြစ်ရသလို အင်မတန်မှလည်း ဒါဟက်ထိတယ်ပေါ့နော်၊ လူငယ်စကားပြောရရင် ဟက်ထိပါတယ်။ ပြီးပြည့်စုံတဲ့ တပ်တစ်တပ်ဖြစ်ဖို့ဆိုတာ တော်တော့်ကို မလွယ်တဲ့ကိစ္စပါ။ စစ်လက်နက်ပိုင်းပစ္စည်းနဲ့ အသုံးအဆောင်ဆိုင်ရာပစ္စည်းတွေကလည်း ခွေးဆွဲခံရတာ ရှိတယ်ဗျာ။ နောက် ပေါ့ပေါ့ပါးပါးဖြစ်ကြတဲ့ စကုပ်တို့၊ ကျနော်တို့ အိုင်ကွန်တို့ ယူနီဖောင်းလေးတွေဆိုရင် မရှိမဲ့ရှိမဲ့ကြားက ကျနော်တို့ ဖိနပ်တို့ အဝေးကနေ လှမ်းပို့တယ်၊ မှာတယ်။ ဒါလေးတွေလည်း ကျနော်တို့ ခွေးဆွဲခံရတာလည်း ရှိပါတယ်ဗျ။ တင်ပြလိုပါတယ် ဒီကနေ တစ်ဆင့်ပေါ့နော်"

"စစ်လက်နက်ပိုင်းပစ္စည်းနဲ့ အသုံးအဆောင်ဆိုင်ရာပစ္စည်းတွေကလည်း ခွေးဆွဲခံရတာ ရှိတယ်ဗျာ"

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတစ်ခု မုန်တိုင်ပင် ရွာဘက်ကို လာရောက်တဲ့ သတင်းကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ကြပေမယ့် အဲဒီ စစ်ကြောင်းက ရွာထဲကို ဝင်ရောက်ခဲ့ခြင်း မရှိခဲ့လို့ သက်သာရာရသွားခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က ရေဦးကနေလာပြီးတော့ ကျနော်တို့ရဲ့ တောင်ဘက်ကရွာကနေ မြောက်ပိုင်း ကို သူတို့ကအသွားမှာ ရွာကိုဖြတ်သွားတာ အဲလိုပဲသွားတာ၊ ရွာရဲ့အနောက်ဘက် လယ်ကွင်းတွေထဲက သွားတယ်။ သူတို့က မနက်ခင်းကို ဒီဘက်ထွက်လာပြီဆိုတော့ ကျနော်တို့က မနက်ခင်း ဆယ့်တစ်နာရီလောက်တည်းက ရှောင်တယ်"

သူတို့ ရွာသားတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ ရန်ကို အချိန်ပြည့် စိုးရိမ်ကြောက်ရွံ့ နေကြတယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး ကတော့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့အတူ ဒေသခံ ပျူစောထီးတွေ ပါလာရင် ပိုပြီး အန္တရာယ်ကြီးမားလေ့ရှိတယ်လို့ ပြောပါတယ်။

"စစ်ကောင်စီတပ်တွေလာခဲ့အခါမှာ မီးရှို့ခြင်း၊ မရှို့ခြင်းပေါ်မှာ ဘာပေါ်မှာ မူတည် သွားတာလဲလို့ တွေ့ရတဲ့အခါမှာ ပျူစောထီးတွေပါလာရင်တော့ ဒီထက်ပိုပြီးတော့ ရင့်ရော်ရိုင်းစိုင်းကြမ်းတမ်းတဲ့ သဘောသဘာဝကို တွေ့ရပါတယ်။ ဒီနေရာမှာလည်း စစ်ကောင်စီစစ်တပ်ကြီးပဲလာလို့ မကြမ်းတမ်းဘူးလားလို့ မဟုတ်ဘူးနော်။ အခု ဒီနောက်ဆုံးမီးရှို့သွားတဲ့ မီးမောင်းကုန်းရွာဆိုတာ အိမ်ခြေလေးမှ တစ်ရာလောက်ရှိတာ နှစ်ဆယ်လောက်ပဲ ကျန်ပါတယ်။ အားလုံးပဲ ဒီနေ့ဒီနောက်ဆုံးစာရင်း ကောက်ယူရရှိမှု ကတော့ (၇၈) လုံးပါ။ တချို့ရွာဆိုရင် အိမ်ခြေမှ (၄၀) လောက်ရှိတာ ရှစ်လုံး၊ ကိုးလုံးပဲ ကျန်ပါတယ်။ ဒါတွေအားလုံးကတော့ စစ်ကောင်စီတပ်တွေချည်းပဲ လာတဲ့သွားတဲ့ အခြေအနေဖြစ်ပါတယ်။ အဲ့တော့ စစ်ကိုင်းတိုင်းကို ဘာကြောင့် ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားလဲပြောရင် နှစ်ဖွဲ့စလုံးပါလည်းပါသလို တစ်ဖက်မှာလည်း ကျနော်တို့က ဒီ strong ဖြစ်တယ်ပေါ့နော်။ တော်လှန်ရေးပေါ်မှာလည်း တော်တော်လေး strong ဖြစ်တာကို ကျနော်တို့ အားကိုးတကြီးဆောင်ရွက်ရတဲ့ နယ်ပယ်လည်းဖြစ်သလို ပိုပြီးတော့ ထက်မြက်တဲ့ရွာတွေလို့လည်း ပြောလို့ရတယ်ပေါ့နော်"

ရေဦးမြို့နယ်အပါအဝင် သူတို့ စစ်ကိုင်းတိုင်းကို ဘာကြောင့် စစ်ကောင်စီက ပြင်းပြင်း ထန်ထန် ဖိနှိပ်ချေမှုန်းမှုတွေ လုပ်ဆောင်နေပါသလဲ။

"စစ်ကိုင်းတိုင်းကို ပိုမိုပြီးချေမှုန်းခံရတာတော့ အချက်တွေက အများကြီးပဲဗျ။ ပါတီ နိုင်ငံရေး အရလည်း အင်မတန်မှ အားကောင်းခဲ့တယ်။ ထို့အတူပဲ ကျနော်တို့ ခုခံမှု အားကလည်း အပြည့်ရှိခဲ့သလို စစ်မဟာဗျူဟာအရလည်း အရမ်းအရေးပါတဲ့ နေရာဒေသ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ စစ်ကောင်စီက အင်အားသုံးတာပေါ့"

မုန်တိုင်ပင်ရွာသားတွေကတော့ သူတို့မှာသာ ခေတ်မီလက်နက် အပြည့်အစုံရှိမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေကိုရော ဒေသခံပျူစောထီးတွေကိုပါ အလွယ်တကူ တိုက်ခိုက်နိုင်မှာပဲလို့ ပြောပါတယ်။ အခုလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောကြားချက်ကို လတ်တလော မသိရှိနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။