မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ကဝင်ရောက်ပြီးနောက် ဒေသခံ ၁၀၀ ကျော်ပိတ်မိနေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာလ ၁၉ ရက် မနေ့မနက်ပိုင်းက ထိုးဖောက်ဝင်ရောက် ပြီး နေရာယူထားတာကြောင့် ဒေသခံ ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းနဲ့ စက်တော်ရာကျောင်းထဲ မှာ တပ်စွဲပြီးနေရာယူထားတာကြောင့် အဲဒီမှာခိုလှုံနေတဲ့ ဂေါပကအဖွဲ့ ဆယ်ဦးအပါဝင် ဒေသခံ ၁၀၀ ကျော်ဟာ ဒီနေ့ညနေပိုင်းအထိ အဆက်အသွယ်မရတော့ဘဲ ပိတ်မိနေတာလို့ မိုးဗြဲ ဒေသခံ ကိုသစ္စာက RFA ကို ပြောပါတယ်။
“မွေတော်ကျောင်းရယ် စက်တော်ရာကျောင်းရယ်မှာပေါ့။ အဲဒီမှာ စစ်ဘေးရှောင်နဲ့ ကျောင်းဂေါပက အယောက် ၁၀၀ စီလောက်ပေါ့။ အဲဒါ ဖုန်းလည်းသိမ်းထားတုန်းပဲ ထွက်ခွင့်လည်း မရသေးဘူးပေါ့။ တစ်ကျောင်းကို တစ်ရာလောက်ပေါ့။ မွေတော်ကျောင်း လည်း စစ်ဘေးရှောင်နဲ့ ဂေါပကပါရင် တစ်ရာလောက် ခံနေတယ်ပေါ့လေ ကျောင်းထဲမှာ။ တိုက်ပွဲကတော့ ငြိမ်နေတယ် သို့သော် ဘယ်အထိခံမလဲ၊ ခဏနေခံမလား မနက်ဖြန် ခံမလား မပြောတတ်ဘူး။ စစ်ရေးတော့ နှစ်ဖက်လုံး တင်းမာတဲ့အခြေအနေက အဆင် သင့်ရှိနေတယ်။ တပ်လည်းနေရာ ယူထားတယ် PDF အဖွဲ့လည်း လှုပ်ရှားတာတွေ့တာ ပေါ့ သို့သော်လည်း ဘယ်အချိန်ထဖြစ်မလဲ မပြောတတ်ဘူးပေါ့”
ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာရှိနေကြတဲ့ အဲဒီ ဒေသခံ ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက မိုးဗြဲမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း နေအိမ်တွေပျက်စီး ခဲ့ရတဲ့ ပွဲကုန်း (၃) ရပ်ကွက်က ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲက မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ဂေါပအဖွဲ့ဝင်တွေကတော့ ဈေးကုန်း ရပ်ကွက်ကဖြစ်ပြီး ဘုန်းကြီးကျောင်းစောင့်အဖြစ် နေထိုင်နေကြသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“တချို့က မိုးဗြဲ မဟုတ်ဘဲနဲ့ တခြားဒေသတွေမှာ တိမ်းရှောင်ကြတယ်တယ်ပေါ့နော်"
မိုးဗြဲမြို့မှာ ရပ်ကွက် ၁၄ ခုနဲ့ လူဦးရေ ၂၅,၀၀၀ လောက်နေထိုင်ပြီး လက်ရှိ တိုက်ပွဲတွေ ကြောင့် မိုးဗြဲမြို့ရဲ့ လူဦးရေ သုံးပုံနှစ်ပုံလောက်ဟာ ဖယ်ခုံ၊ လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသတွေကို ထွက်ပြေးနေကြရတယ်လို့ Mobye Rescue Team တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။
“တချို့က မိုးဗြဲ မဟုတ်ဘဲနဲ့ တခြားဒေသတွေမှာ တိမ်းရှောင်ကြတယ်တယ်ပေါ့နော်။ တဝက်လောက်က မိုးဗြဲ ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကယန်းဒေသမှာပဲ တိမ်းရှောင် ကြတယ်။ ခန့်မှန်းခြေလောက်ဆိုရင် လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်က မြို့ကနေပြီး တိမ်းရှောင်နေကြတယ်”
ထွက်ပြေးနေရသူတွေရဲ့ စာရင်းအတိအကျကိုတော့ ကောက်ယူလို့မရသေးဘူးလို့ ဆိုပါတယ်။
မိုးဗြဲမှာ စက်တင်ဘာလ ၈ ရက်နေ့က ၁၇ ရက်နေ့အထိ အချိန်တစ်ပတ်ကျော်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ ခဲ့တယ်လို့ အကူညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိမှာ မိုးဗြဲ ပြည်သူ့ဆေးရုံကိုပါ ပိတ်ထားတာကြောင့် ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးခန်းတွေမှာပဲ အဆင်ပြေသလို ကုသပေးနေရတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့က ၁၂ ရက်နေ့အထိ စစ်ကောင်စီနဲ့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA၊ URF၊ နေပြည်တော် PDF၊ KGZ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်းစီဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့သလို မိုးဗြဲနဲ့ နှစ်မိုင် အကွာမှာရှိတဲ့ ခမရ - ၄၂၂ တပ်ကနေ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီငါးရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က နှစ်ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ခြောက်ဦးနဲ့ အသေးစားဒဏ်ရာရသူ ၅၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်တော့ ၆၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
စက်တင်ဘာလ ၁၂ ရက်နောက်ပိုင်း နှစ်ဘက်တိုက်ပွဲတွေ ပြန်ငြိမ်သွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၉ ရက် မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ မြို့ပေါ်မှာ ပြန်လည်ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။
ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိသေးပေမယ့် နှစ်ဘက်စစ်ရေးအခြေအနေက တင်းမာနေ ဆဲပဲလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြော ပါတယ်။
“၁၈ ရက်နေ့ကတည်းက သူတို့တင့်ကားတွေနဲ့လာတယ် တင့်ကားနှစ်စီးလောက်ပါတယ်။ နှစ်ဖက်ညှပ်ဝင်တာပေါ့နော်၊ ပထတိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကြောင်းအတိုင်းပဲ ဝါရီဆူပလိုင်း ဘက်ကနေ ဝင်တာရှိတယ်။ ဖယ်ခုံ မိုးဗြဲဘက်ကနေ မိုးဗြဲထဲ ဝင်တာရှိတယ်။ မိုးဗြဲထဲမှာ သူတို့နေရာဝင်ယူတယ်၊ အရပ်ဝတ်တွေနဲ့ရော၊ သူတို့ယူနီဖောင်းတွေနဲ့ရော ပုံစံအမျိုးမျိုး နဲ့ သူတို့ နေရာဝင်ယူကြတယ်။ လမ်းမကြီးဟိုဘက်ဒီဘက်လိုပါပဲ ကျနော်တို့က စစ်ရေး က တင်းမာနေတာပေါ့”
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ အပါအဝင် ကရင်နီပြည်နယ်အတွင်းမှာ ကရင်နီ တပ်မတော် KA၊ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF အပါဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၁၆ ဖွဲ့ရှိပြီး အင်အား ၁၅,၈၅၀ ခန့်ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ စစ်ကောင်စီဘက်ကတော့ အရှေ့အလယ်ပိုင်းတိုင်း (ရ.ပ.ခ) လက်အောက်ခံ တပ်ရင်း (၁၁) ရင်း၊ စကခ (၇)လက်အောက်ခံ တပ်ရင်း (၆) ရင်း၊ အမြောက် တပ်ရင်း (၃)ရင်း၊ စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နဲ့ ရှေ့တန်းစခန်းကုန်း (၅၃) ခုမှာ စုစုပေါင်း အင်အား (၇၅၀၀) ခန့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးအတွက် ရေသိုလှောင်ထားတဲ့ မိုးဗြဲဆည် အပါအဝင် နေရာ အတော်များများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် စစ်တပ်က ပြန်လည်ရယူဖို့ ကြိုးစားနေတာလို့ စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ကရင်နီဒေသတစ်ခုလုံးမှာ ကရင်နီတပ်မတော်နဲ့ PDF ရဲ့ အုပ်စိုးလွှမ်းမိုးမှုက အတော် ကြီးနေတဲ့အချိန်မှာ ကယားပြည်နယ်ထဲမှာ သူတို့ရဲ့ စစ်ရေးအခြေအနေ အတော်လေး ဆိုးဝါးလာတဲ့ အခြေအနေဖြစ်နေတယ်။ အခု တပ်မ ၆၆ တောင် ဖွဲ့စည်းပုံပျက်သွားတဲ့ အခြေအနေမျိုး ကရင်နီမှာ ကြုံနေရတာ။ မိုးဗြဲဒေသလုံခြုံရေးဟာ အထူးသဖြင့် လောပိတဟာ တစ်ပြည်လုံးရဲ့ ဂယက်ရိုက်ခတ်နိုင်တဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်တဲ့အခါ ကျတော့ ဒီမိုးဗြဲ ဝန်းကျင်ကို ဆက်ထိန်းနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ ကျနော်က တော့ ယူဆပါတယ်”
ကယားပြည်နယ်မှာ အာဏာသိမ်း ၁၉ လအတွင်း တိုက်ပွဲပေါင်း ၄၅၄ ကြိမ်နဲ့ လေကြောင်း တိုက်ခိုက်မှု ၁၅၈ ကြိမ်ရှိခဲ့ပြီး အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရမှုက ၂၆၁ ဦးနဲ့ စစ်ဘေး ရှောင်ရင်း သေဆုံးရသူက (၆၁) ဦးရှိခဲ့သလို ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂၆၁ ဦးရှိ တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။