UWSA နဲ့ ကိုးကန့်ဒေသက ငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီ မထိန်းချုပ်နိုင်သေး
2023.05.22

မြန်မာ-တရုတ်နယ်စပ်က ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်မြို့နဲ့ ပြည်သူ့စစ်အားကောင်းတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အဓိကကြီးစိုးတဲ့နေရာ ဖြစ်နေပါတယ်။
မြန်မာတွေအပြင် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံသားတွေဟာ ကျားဖြန့်လို့ခေါ်တဲ့ အဲဒီငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး ရောင်းစားခံရပါတယ်။ ရောင်းစားခံရပြီးတဲ့အခါမှာ အတင်းအဓမ္မ အလုပ်ခိုင်းခံနေရတာလို့ ရောင်းစားခံရပြီးမှ ငွေပေးလို့ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတချို့က RFA ကို ပြောပါတယ်။
"လစာများတော့ လစာမက်ပြီး လာလုပ်ကြတဲ့သူတွေကြီးပဲ"
UWSA ထိန်းချုပ်တဲ့ မိုင်းပေါက်မြို့နယ် တစ်ခုတည်းမှာတင် တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း အနည်းဆုံးအခု ၂၀ ထက်မနည်းရှိနေပါတယ်။
အဲဒီမှာ တရုတ်ဆော့ဖ်ဝဲလ်နဲ့ အာရှ၊ ဥရောပ စတဲ့နိုင်ငံသားတွေကို ပစ်မှတ်ထားငွေလိမ် ကြရတာလို့ မိုင်းပေါက်မြို့ ငွေလိမ်ဂိုဏ်းကနေ မေလ ၁၂ ရက်မှာ ပြန်လွတ်လာတဲ့ မန္တလေးမြို့ခံ မထက်ရီဝင်းက RFA ကို ပြောပါတယ်။
“သူတို့က US တို့ ကနေဒါတို့ကို အဓိကထားတယ်ပေါ့နော်။ အဲဒီကသူတွေကို သူတို့နဲ့ ရင်းနှီးအောင်လုပ်တယ်ပေါ့နော်။ ရင်းနှီးလာပြီဆိုရင် ငါတို့ကတော့ ဒီလုပ်ငန်းလုပ်တယ် နင်ရှယ်ယာဝင်ပေါ့။ အဲလိုမျိုးတွေ ပြောခိုင်းတာပေါ့။ တချို့က ဖက်ရှင်အကြီးစား၊ တချို့က ဘဏ္ဍာရေးအတိုင်ပင်ခံပေါ့၊ တချို့ကတော့ ငါကကျောက်မီးသွေး တူးဖော်တဲ့ နေရာမှာ ရှယ်ယာတွေဘာတွေ ထည့်ထားတယ်ဆိုပြီး မျိုးစုံပဲပြောခိုင်းတာ။ ညီမတို့ ထဲမှာတော့ တရုတ်တွေများတယ်။ ဗီယက်နမ်နိုင်ငံသားက နည်းနည်းပါးပါးပဲရှိတယ်။ ပိုင်ရှင်ကတော့ တရုတ်တွေပဲ”
မထက်ရီဝင်းဟာ ၂၀၂၃၊ ဖေဖော်ဝါရီလမှာ မိုင်းပေါက်မြို့လယ်က ကျင်းလွန်ရေသန့် စက်ရုံလို့ အမည်တပ်ထားတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ ရှစ်လစာချုပ်နဲ့ တစ်လကို တရုတ်ယွမ် ၃၅၀၀ (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) ရမယ်လို့ ပွဲစားကခေါ်တာကြောင့် သွားခဲ့တာပါ။
ပထမလမှာပဲ အချိန်ပိုဆင်းခိုင်းရာက အလုပ်ရှင်နဲ့ပြဿနာဖြစ်လို့ သူတို့လင်မယား အပါအဝင် မြန်မာနိုင်ငံသား လေးဦး တိုက်ပိတ်နှိပ်စက်ခံရပြီး အခြားနေရာတွေဆီ အဆင့်ဆင့် ပြန်လည်ရောင်းစားခံခဲ့ရပါတယ်။
နောက်ဆုံးရောက်တဲ့ကုမ္ပဏီမှာ သူဌေးဖြစ်သူကို တရုတ်ယွမ်ရှစ်ထောင် (ကျပ်ငွေသိန်း ၄၀ ခန့်) ပေးပြီး မေလ ၁၂ ရက်နေ့မှာတော့ လင်မယားနှစ်ယောက်စလုံး ပြန်လည်လွတ်မြောက် လာတာလို့ မထက်ရီဝင်းက ပြောပါတယ်။
ကွန်ပျူတာနဲ့ အင်္ဂလိပ်စာတတ်ရင် ဝဒေသမှာ တစ်လကို တရုတ်ယွမ်သုံးထောင်ကျော် ရမယ်ဆိုတဲ့ အွန်လိုင်းက စည်းရုံးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေအပြင် အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယာ၊ ဗီယက်နမ် နိုင်ငံသားတွေပါ အဲဒီမှာ သွားရောက်အလုပ်လုပ် ကြတာပါ။
အစက ငွေလိမ်လုပ်ငန်းမှန်း မသိကြဘဲ ဝဒေသရောက်မှသာ ငွေလိမ်လုပ်ငန်းမှာ ရောင်းစားခံရမှန်း သိကြရတာလို့ ကျားဖြန့်လုပ်ငန်းကနေ ပြန်လွတ်လာသူ မန္တလေးမြို့ခံ မငြိမ်းက RFA ကို ပြောပါတယ်။
“တရုတ်တွေတင် ရောင်းစားခံရတာ မဟုတ်ဘူး။ ထိုင်းဘက်ကဟာတွေလည်း ပါတယ်။ လာအိုဘက်ကဟာတွေ ဆိုရင်လည်း တချို့ရောင်းစားခံရတဲ့သူတွေ ပါတယ်။ အဓိကတော့ ကောင်မလေးတွေပဲ။ သူတို့လည်း ကျားဖြန့်လို့ မသိလောက်ဘူးထင်တယ်။ ခိုးလမ်းကနေလာရင်းနဲ့ ဝပြည်ထဲကို ရောက်လာတာပေါ့။ လစာများတော့ လစာမက်ပြီး လာလုပ်ကြတဲ့သူတွေကြီးပဲ။ တကယ့်တကယ် ဒုက္ခရောက်ရင် ဘယ်သူမှ မကူညီနိုင်ဘူး”
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့မှာတော့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို လောင်းကစားရုံအမည်ခံ ဖွင့်လှစ်ထားပြီး တချို့နေရာတွေမှာ ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေ လုံခြုံရေး ယူပေးထားတယ်လို့ လောက်ကိုင်မြို့ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ခဲ့ဖူးသူက ပြောပါတယ်။
လောက်ကိုင်မှာတော့ အလုပ်စခေါ်ကတည်းက အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကျွမ်းကျင်ပြီး စာချုပ်ပြည့်အောင် လုပ်နိုင်သူတွေကိုသာ စိစစ်ရွေးချယ်အလုပ်ခန့်လေ့ရှိတယ်လို့ အဲဒီမှာ လုပ်ခဲ့ဖူးသူက ပြောပါတယ်။
ဒီကိစ္စအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုဆောင်းပါးထုတ်ချိန်အထိ ဆက်သွယ်လို့ မရပါဘူး။
ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်ပြီး လူကုန်ကူးခံရတဲ့ပြဿနာတွေဟာ စစ်ကောင်စီအုပ်ချုပ်ရေး သက်ရောက်တဲ့ ကိုးကန့် ဒေသထက် စစ်ကောင်စီအုပ်ချုပ်ရေး မသက်ရောက်တဲ့ ဝဒေသမှာ ပိုအဖြစ်များပြီး ဖြေရှင်းရပိုခက်ခဲတယ်လို့ တရုတ်နိုင်ငံအတွင်း လူကုန်ကူးခံရသူတွေကို ကူညီပေးနေတဲ့ ရန်ကုန်မြို့ခံ ကိုထွန်းငြိမ်းက RFA ကို ပြောပါတယ်။
“ဝဒေသဆိုရင် ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသဆိုတော့ ဖြေရှင်းရခက်တယ်။ မြန်မာအာဏာပိုင်က ဝဒေသကို ဝင်ချင်တိုင်းဝင်လို့ မရဘူး။ ဝဒေသမှာဖြစ်တဲ့ဟာကို သူက ဝဒေသကို အကြောင်းကြားရတယ်။ တကယ်လို့ ဒီကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက် ပြီးတော့ ပိုင်ရာဆိုင်ရာရှိတယ်ဆိုရင် သတင်းအစအနက အကုန်ပျောက်သွားရော။ ချင်းရွှေဟော်မှာတော့ လူကုန်တားအဖွဲ့တွေက အဲဒီမှာရှိတယ်။ နောက်ပြီး ရဲအဖွဲ့အစည်းပဲဖြစ်ဖြစ် ရှိကြတယ်။ ရှိတော့ တစ်ခုခုဖြစ်လာရင် ဒီမှာဒီလိုဖြစ်တယ်လို့ ပြောလိုက်ရင် တစ်နည်းနည်းပေါ့နော် ကယ်သွားပြီးတော့ သိပ်လှုပ်လို့မရဘူး”
ဝဒေသက ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတွေမှာ တရုတ်အစိုးရ အလိုရှိနေတဲ့ ရာဇဝတ်သားတွေအပြင် ဝတပ်ဖွဲ့ အရာရှိပိုင်းအချို့ပါ ပါဝင်နေတာကြောင့် ငွေလိမ်ဂိုဏ်းမှာ ရောင်းစားခံရသူတွေ ပြန်လွတ်ရေး စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ အဲဒီနေရာကနေ ပြန်လွတ်လာသူတွေက RFA ကို ပြောပါတယ်။
ရောင်းစားခံရသူတွေကိုကယ်တင်ဖို့ မိသားစုဝင်တွေက စစ်ကောင်စီရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးကတဆင့် ဝတပ်ဖွဲ့ တာဝန်ရှိသူတွေထံ အကူအညီတောင်းရာမှာလည်း ထိထိရောက်ရောက် ကူညီပေးတာမရှိဘဲ ငွေပေးနိုင်သူ အများစုသာ ပြန်လွတ်ကြတာလို့ ဆိုပါတယ်။
လားရှိုးအခြေစိုက် UWSA ဝဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ ဝဒေသမှာ ငွေလိမ်ဂိုဏ်းတွေကို ခွင့်ပြုမထားသလို တရုတ်ရာဇဝတ်သားတွေ လက်ခံထားတယ် ဆိုတာလည်း စွပ်စွဲချက်သာဖြစ်တယ်လို့ ငြင်းပါတယ်။
“ဒီလိုမျိုးတွေက ခိုင်လုံမှုမရှိပါဘူး။ ဒီလိုမျိုးတွေက စွပ်စွဲချက်တွေပါနော်။ နယ်စပ်ဒေသ တော်တော်များများမှာ ခင်ဗျားတို့လည်း သိနေတာပဲ။ ဒါမျိုးတွေက ကျွန်တော်တို့ တစ်ဖွဲ့တည်းနဲ့လည်း တားဆီးဖို့ အခက်အခဲရှိတယ်လေ။ တရုတ်တွေက ဘယ်လို ဝင်လာသလဲ အဲဒါတွေက ကျွန်တော်တို့လည်း အသေးစိတ်မသိဘူးနော့။ ကျွန်တော်တို့ ဝပြည်ထဲမှာ မည်သည့်တရားမဝင်မှု ဥပဒေကျူးလွန်တဲ့ အရာမှန်သမျှ ကျွန်တော်တို့ တိုက်ထုတ်တာပဲ။ ဖမ်းဆီးပြီးမှ ထိုက်တန်တဲ့ ပြစ်မှုတွေချမှတ်တယ်ဆိုတာ အားလုံး လည်းသိနေတာပဲ။ လက်လှမ်းမီသလောက် ကျွန်တော်တို့လည်း လုပ်နေတယ်ဆိုတာ ကျွန်တော်တို့လည်း ထုတ်ပြန်ပြီးသားလည်း ဖြစ်တယ်ပေါ့နော်”
ဒီလုပ်ငန်းတွေဟာ ဝဒေသမှာတင် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းပိုင်းက မြို့နယ်တွေမှာ ပါလုပ်ကိုင်နေကြပြီ ဖြစ်တယ်လို့လည်း ဦးညီရမ်းက ဆိုပါတယ်။
ဝဒေသမှာဖြစ်ခဲ့တဲ့ လူကုန်ကူးမှုကိစ္စတွေအတွက် စစ်ကောင်စီရဲ့ လူကုန်မှုတိုက်ဖျက်ရေး ဌာနနဲ့ ချိတ်ဆက်ပြီး ကယ်တင်ပေးခဲ့ရသူ စုစုပေါင်းတစ်ရာအထက်မှာ ရှိတယ်လို့လည်း ဦးညီရမ်း ပြောပါတယ်။
ဒီကိစ္စအတွက် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကာလကြာရှည်ရှိနေပြီး တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိပါးနေတဲ့အပေါ် တရုတ်လူထုက မနှစ်မြိုကြောင်း၊ ဒါကြောင့် ဒီကိစ္စကို အလေးနက် ထားနှိမ်နင်းဖို့ ဆုံးဖြတ်ထားတယ်လို့ RFA ကို အီးမေလ်ကတဆင့် ပြန်လည်ဖြေဆိုပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ခိုင်မာတဲ့ အစီအမံတွေ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကို တောင်းဆိုထားတယ်လို့လည်း တရုတ်သံရုံးက ဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ စစ်ကောင်စီဘက်က မကိုင်တွယ်နိုင်ဘူးဆိုတာ မရှိပေမယ့် မြေပြင်အနေအထားအရ မိတ်ဖက်နိုင်ငံတွေနဲ့ ဘယ်လောက်ပူပေါင်း ဆောင်ရွက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ သုံးသပ်ပါတယ်။
“တစ်ခါတစ်ခါ နယ်မြေရဲ့ အနေအထားအရပြောရရင် စိတ်ရှိသလောက် မလုပ်နိုင်တာ ကလွဲလို့ ကျန်တဲ့ အချိန်မှာတော့ မကိုင်တွယ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ အဓိက ကတော့ နိုင်ငံတကာပေါ့နော် ကိုယ့်မိတ်ဖက် နိုင်ငံတွေနဲ့ ဘယ်လောက်ပူးပေါင်း ဆောင်ရွက်မလဲ အဲဒီပေါ်မှာပဲ မူတည်မယ်လို့တော့ ထင်တာပါပဲ။ တခြား အရေးကြီး တဲ့ကိစ္စတွေ ဖိုးကတ်လုပ်နေတဲ့ အခြေအနေမျိုးမှာ ဒါကိုနည်းနည်း အာရုံမစိုက်နိုင် တာမျိုးပဲရှိကောင်း ရှိပါလိမ့်မယ်။ တကယ်တမ်း လုပ်မယ်ဆိုရင် မလုပ်နိုင်စရာ အကြောင်း ဘာမှမရှိပါဘူး။ အဓိကကတော့ ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာကို စောင့်ကြည့်ပြီးတော့ လေ့လာဖို့ပဲရှိပါတယ်”
စစ်ကောင်စီဘက်ကတော့ ထိုင်း၊ တရုတ်နဲ့ မြန်မာ သုံးနိုင်ငံပေါင်းပြီး နိုင်ငံခြားသားတွေ ပါဝင်တဲ့ အွန်လိုင်း ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ လားရှိုးနဲ့ တာချီလိတ်မြို့တွေဆီ နိုင်ငံခြားသားတွေ သွားလာခွင့်ကို မေလ ၆ ရက်ကစ ကန့်သတ်ထားပါတယ်။
ကုလသမဂ္ဂ ဝန်ထမ်းတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ NGO ဝန်ထမ်းတွေအနေနဲ့ အဲဒီမြို့တွေကို လေကြောင်းကနေ ခရီးသွားမယ်ဆိုရင် အမည်စာရင်းပေးရမယ်လို့လည်း စစ်ကောင်စီရဲ့ မေလ ၅ ရက်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ အာဏာသက်ရောက်တဲ့ လောက်ကိုင်ဒေသရေ၊ UWSA ဝဒေသမှာပါ ငွေလိမ်ဂိုဏ်းတွေ ပုံမှန်အတိုင်းရှိနေသလို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အဲဒီလုပ်ငန်းတွေမှာ လစာကောင်းကောင်း ပေးမယ်ဆိုပြီး အလုပ်ခေါ်နေတာတွေလည်း ပုံမှန်အတိုင်းရှိနေတယ်လို့ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ သူတချို့ကပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်ခဲ့ကြသူတွေကတော့ နယ်စပ်မှာ ဒီလုပ်ငန်းတွေရပ်သွားရင်တောင် ပြည်တွင်းမှာ ဆက်ပြီးအားကောင်းလာနိုင်တာကြောင့် အခုချိန်ကတည်းက စနစ်တကျတိုက်ဖျက်ဖို့ လိုနေပြီလို့ ထောက်ပြနေကြပါတယ်။