မွန်အမျိုးသားကွန်ရက် ဘာတွေလုပ်မှာလဲ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.03.19

နာမည်ကျော် MUP မွန်ညီညွတ်ရေးပါတီခေါင်းဆောင် ၂ ဦးက လက်ရှိအာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် မွန်တိုင်းရင်းသားတွေအတွင်း ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေပါတယ်။ ဒီအတောအတွင်းမှာပဲ မွန်တိုင်းရင်းသားတချို့က မတ်လ ၁၁ ရက်နေ့မှာ မွန်အမျိုးသားကွန်ရက်ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တဦးက ဦးမင်းဇေယျာဦး ဖြစ်ပါတယ်။

“ကျနော်တို့ မွန်မှာက အဓိက အစုအဖွဲ့ ၄ ဖွဲ့ရှိတယ်။ တဖွဲ့က MUP၊ နောက် NMSP မွန်ပြည်သစ်ပါတီ၊ လူငယ်တွေဖွဲ့ထားတဲ့ မွန်လူငယ်များအဖွဲ့ နဲ့ မွန် CSO တွေ ဖွဲ့ထားတာရှိတယ်။ နိုင်ငံရေးကို အဓိက ကစားတာက MUP နဲ့ NMSP ဖြစ်တယ်။ MUP အနေနဲ့ ဒီလမ်းကြောင်းကို ရွေးလိုက်တာက သူက ညှိနှိုင်းဆွေးနွေးချက်ကို ယူမယ်ဆိုတဲ့ ပုံစံပေါ့။ NMSP ကတော့ သူက လက်နက်ကိုင်တပ်ပုံစံ။ ကျနော်တို့ မွန် အမျိုးသား အသိုင်းအဝိုင်းမှာက ဦးတည်ချက်တွေ ကွဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ကျနော်တို့က အဲဒါကို စုစည်းဖို့ Network တခု တည်ထောင်ဖို့ စဉ်းစားလိုက်တယ် အဓိက မွန်အမျိုးသားနိုင်ငံရေးရဲ့အရန်အင်အားစုအဖြစ် ရပ်တည်ရေးကို အဓိက ဇောင်းပေးပြီးလုပ်မှာပါ။”

MUP ခေါင်းဆောင်တချို့ စစ်ကောင်စီမှာပါဝင်မှုကို ဦးမင်းဇေယျာဦး က ဆန့်ကျင်သူပါ။

"MUP အနေနဲ့ စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့အပေါ်မှာ ထောက်ခံတဲ့သူလဲ ရှိသလို လက်မခံနိုင်တဲ့သူတွေလဲ ရှိပါတယ်။ ကျနော်က အစထဲက လက်ခံတဲ့သူထဲ မပါဘူး။ အခုလက်ရှိ MUP အနေနဲ့ ရပ်တည်လိုက်တာကိုလဲ လက်မခံပါဘူးခင်ဗျ။"

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေဟာ စစ်တပ်ရဲ့နှိပ်စက်မှုတွေကို လူထုက ခါးသီးသွားခဲ့ပြီဖြစ်လို့ အာဏာသိမ်းစစ်အုပ်စုနဲ့ ဆွေးနွေးရမယ့် ကာလမဟုတ်တော့ပဲ လက်နက်ကိုင်လမ်းစဉ်နဲ့ဖယ်ရှားရေးပဲ ရွေးချယ်စရာရှိတော့တယ်လို့ ဝေဖန်သုံးသပ်မှုတွေ အများအပြား ပေါ်ထွက်နေပါတယ်။ ဦးမင်းဇေယျာဦးကလည်း -

“ကျနော်က အစတည်းက 2 way စဉ်းစားထားတယ်။ ပထမ တလမ်းက သူတို့တပ်တွင်းအချင်းချင်းမှာ အာဏာသိမ်းမှု ပြန်ဖြစ်မယ်၊ ပြန်ဖြစ်ရင် နိုင်ငံက ရှေ့ဆက်ပြီး ဦးတည်သွားလို့ ရနိုင်တယ်။ နောက်တခု စဉ်းစားတာက ၂ ဖွဲ့အပြိုင်အဆိုင် သူတိုက် ကိုယ်တိုက် တိုက်ရမဲ့အနေအထားပေါ့၊ အခုတော့ ဒုတိယလမ်းကို ဦးတည်လာတဲ့ပုံစံ ဖြစ်နေပါပြီ။ ကျနော်ထင်တယ်။ ညှိနှိုင်းဆွေးနွေးဖို့ကို ဒီအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ညှိနှိုင်းဆွေးနွေးရေးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဝန်းကျင် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့အချိန်ထိလောက် ညှိနှိုင်းဆွေးနွေးရေးက အကျုံးဝင်ပေမဲ့ အခုအချိန်ကတော့ ညှိနှိုင်းဆွေးနွေးရေး ဘယ်လိုမှ အဆင်မပြေဘူးလို့ ကျနော်ထင်တယ်။”

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရော နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်တိုက်ဆောင်ရွက်နေတယ်လို့ ကြေညာထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြည်နယ်ပြည်မ တိုင်းရင်းသားပေါင်းစုံရဲ့ စည်းလုံးညီညွတ်မှုဟာ မြန်မာ့သမိုင်းမှာ ထူးထူးခြားခြား အကောင်းဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ သုံးသပ်ပါတယ်။

“ခုလိုအနေအထားမျိုးရောက်လာတာ အင်မတန်အားရကျေနပ်စရာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကျနော်တို့က စစ်အာဏာရှင်စနစ် ကျဆုံးရေးလုပ်ဆောင်ရာမှာ တိုင်းရင်းသားအားလုံး စုစည်းညီညွှတ်တာ ကောင်းပါတယ်။ ရှေ့လာမယ့် ခရီးမှာ တိုင်းရင်းသားအဖွဲ့အားလုံး အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တညီတညွတ်တည်း လုပ်ဆောင်ရမယ့်ကာလလို့ မြင်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းရှိ အင်အားစုတွေ ပေါင်းစည်းပြီး အာဏာသိမ်းစစ်အုပ်စုသြဇာခံ တပ်ဖွဲ့တွေကို ခုခံတော်လှန်မှုတွေ မကြာခင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-19 21:25

Our's objective is to remove the military dictatorship in Myanmar as completely.