အလှမယ် ဟန်လေး ထိုင်းကနေ ကနေဒါကို ထွက်ခွာပြီ

2022.09.27
အလှမယ် ဟန်လေး ထိုင်းကနေ ကနေဒါကို ထွက်ခွာပြီ ၂ဝ၂ဝ ခုနှစ် Miss Grand International မြန်မာကိုယ်စားပြုအလှမယ် ဟန်လေး။
Photo: Han Lay/ Facebook

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောကြားခဲ့တဲ့ မြန်မာအလှမယ် ဟန်လေး ခေါ် မသော်နန္ဒာအောင်ဟာ စက်တင်ဘာလ ၂၁ ရက်နေ့ညက ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံကို ဗီယက်ဂျက် Viet jet လေကြောင်းလိုင်းနဲ့ ပြန်လည်ဝင်ရောက်လာစဉ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်မှုနဲ့ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကနေဒါသံရုံးအကြား ဆက်သွယ်ညှိနှိုင်းခဲ့ပြီးနောက်မှာ သူမကို ကနေဒါနိုင်ငံက အခုနိုင်ငံရေးခိုလှုံခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် ဘန်ကောက်လေဆိပ်အနီးက ဟိုတယ်တစ်ခုမှာ ယာယီနေထိုင်ခဲ့ရတဲ့ ဟန်လေးဟာ ဘန်ကောက်မြို့ကနေ တောင်ကိုရီးယားနိုင်ငံကို ကိုရီးယားလေကြောင်းလိုင်း ပျံသန်းမှုခရီးစဉ် ၆၅၂ --- နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီခွဲ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက်နေ့ည သန်းခေါင်ယံ) မှာ ထွက်ခွာသွားပါပြီ။

အချိန် ၅ နာရီခွဲကြာ ပျံသန်းပြီးနောက်မှာ အဲဒီလေယာဉ်ဟာ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို စက်တင်ဘာ ၂၈ ရက်နေ့ ဒေသစံချိန် မနက် ၈ နာရီခန့်မှာ ရောက်ရှိပါလိမ့်မယ်။ အင်ချွန်းလေဆိပ်မှာ ၁ နာရီခွဲနားပြီးနောက် ဟန်လေး ဟာ ကိုရီးယားလေကြောင်းလိုင်းနဲ့ပဲ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ၁၃ နာရီကျော် ပျံသန်းလိုက်ပါမှာဖြစ်ပါတယ်။

ဘန်ကောက်မြို့က မထွက်ခွာခင် ဟန်လေး ကို RFA က ဆက်သွယ်ပြီး သူမရဲ့ နောက်ဆုံးအခြေအနေကို မေးမြန်းခဲ့ပါတယ်။

"UNHCR က ဟိုနေ့က ဟန်လေးကိုတွေ့ပြီးတော့ သူတို့ဘက်က တတ်နိုင်သလောက်ဟန်လေးကို ဒီက ထွက်လို့ရအောင် ကူညီပေးနေတယ်ပေါ့နော်။ ဟန်လေး ကနဦးလျှောက်ထားတဲ့ ကနေဒါနိုင်ငံကို သူတို့ဘက်က အရင်ဆုံး မေးမြန်းဆောင်ရွက်ပေးတယ်ပေါ့နော်။ ကနေဒါကလည်း လက်ခံပြီး အခု လုပ်ငန်းစဉ် Process ကလည်း အမြန်ဖြစ်သွားတယ်။ UNHCR က ညီမကို ဖုန်းဆက်လာတယ်။ မနေ့ညနေတုန်းက။ သူတို့ဘက်က လေယာဉ်လက်မှတ်ရပြီ။ ဒါပေမယ့် ဒီဟာလေးကို keep လုပ်ထားပေးပေါ့နော်။ အန္တရာယ်ဖြစ်မှာ စိုးလို့ပေါ့နော်။ ဒါပေမယ့် မီဒီယာတွေက အများကြီးပြန့်သွားတယ်ဆိုတော့ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ခဏနေကျရင် UNHCR ဘက်ကရော၊ IOM ဘက်ကရော သူတို့ လာပြီးတော့ ခရီးသွားစာရွက်စာတမ်းတွေ ပေးမယ်။ အင်မီဂရေးရှင်းမှာ ဖြတ်ရမယ့်ကိစ္စတွေ ဘယ်လို စာရွက်စာတမ်းတွေနဲ့ သွားရမယ်ဆိုတာ သူတို့ဘက်က လာပြီး ပြောပြမယ်လို့ပြောတယ်။ ဒီနေ့ည ဟန်လေး flight က ည ၁၂နာရီခွဲဆိုတော့ လေယာဉ်ပေါ်တက်မှာကတော့ နည်းနည်းစောမှာပေါ့"

ကနေဒါနိုင်ငံကို ရောက်ရှိပြီးရင် ဘာတွေဆက်လက်လုပ်ဆောင်မှာလဲလို့ RFA က မေးမြန်းတဲ့အခါ ဟန်လေး က ....

"ရုတ်တရက်ကြီး ကနေဒါကို သွားရမယ်ဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုဆိုတော့ ဟိုရောက်မှပဲ အခြေအနေကြည့်ပြီး သူတို့ ဘက်က ဟန်လေးအတွက် ဘယ်လိုစီစဉ်ပေးထားလဲ။ စီစဉ်ပေးထားတဲ့ အပေါ်မှာ ကြည့်ပြီး ဆက်သွားရမှာပဲ။ ရုတ်တရက်ကြီးဖြစ်သွားတာ ဆိုတော့လေ။ ဟန်လေးက ကနေဒါပဲ ရောက်ရောက် ဘယ်နေရာပဲ ရောက်ရောက် တတ်နိုင်သမျှ မြန်မာပြည်အတွက်ကို အရင်ကတည်းက speak Out လုပ်တယ်။ မီဒီယာတွေနဲ့ တွေ့ပြီး မြန်မာပြည်အတွက် ဟန်လေး တတ်နိုင်တဲ့ဘက်က အမြဲလုပ်နေတာဖြစ်တယ်အတွက်ကြောင့် ထိုင်းနိုင်ငံမှာလည်း အမြဲတတ်နိုင်တဲ့ဘက်က ကူညီနေတာဆိုတော့ ကနေဒါရောက်သွားပြီဆိုရင် ဟန်လေး အတွက် ပိုပြီးတော့မှ လုံခြုံတဲ့နေရာဖြစ်သွားပြီ။ ပြီးတော့ ဟန်လေးလည်း လုပ်ပိုင်ခွင့်အများကြီး ရှိသွားပြီပေါ့နော်။ အဲ့ဒီတော့ တတ်နိုင်သမျှ မြန်မာပြည်အတွက် ဟန်လေး ပိုပြီးတော့ ကူညီမယ်။ ပြီးတော့ ကနေဒါဘက်မှာလည်း သိတဲ့ မြန်မာအသိုင်းအဝိုင်း ရှိတဲ့ အတွက်ကြောင့် ဟန်လေးကိုပေါ့နော် သူတို့နဲ့ ပေါင်းပြီး မြန်မာနိုင်ငံအတွက် လုပ်နိုင်သမျှ ပြည်သူတွေ အတွက် ကူညီပါ့မယ်လို့။"

အလှမယ်ဟန်လေးကို အခုလို ကနေဒါနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပြုရေးအတွက် အရေးကြီးတဲ့ကဏ္ဍကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးကတော့ ကနေဒါနိုင်ငံရောက် ၈၈ မျိုးဆက်နိုင်ငံရေးသမား ဦးတင်မောင်ထူး ဖြစ်ပါတယ်။ သူဟာ ကနေဒါအစိုးရနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဝင်ဆန့်သူတစ်ဦးဖြစ်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်းများစွာ အစဉ်တစိုက် လှုပ်ရှားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဟန်လေးကို တိုရွန်တိုမြို့က သူတို့စောင့်ကြိုပြီး လိုအပ်သလို ကူညီကြမှာဖြစ်တယ်။ မြန်မာပြည်သူတွေ အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ရေးအတွက် ဟန်လေးအနေနဲ့ ကနေဒါရောက် မြန်မာအသိုင်းအဝိုင်းရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တစ်တပ်တစ်အားဖြစ်လာဖို့လည်း မျှော်လင့်တယ်လို့ ဦတင်မောင်ထူးက RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနတီအနေနဲ့ကတော့ အတတ်နိုင်ဆုံး သူ လာတဲ့အပေါ်မှာ ကြိုဆိုဖို့ ပေါ့။ လိုအပ်တဲ့အပိုင်းတွေမှာ ပြင်ဆင်ပေးဖို့လည်း စီစဉ်ထားတာ ရှိပါတယ်။ ဒီလိုလာနိုင်ဖို့ကိုလည်း ဝိုင်းပြီးတို့ ကျနော်တို့ ကြိုးစားပေးထားတယ်။ ကြိုးစားမှုအပေါ်မှာ ဘာပဲဖြစ်ဖြစ် ရလဒ်တစ်ခုရလာတာ ကောင်းပါတယ်။ နောက်တစ်ချက်က ဟန်လေးလိုမျိုး မတရားမှုတွေထုတ်ဖော်ပြီးပြီးတော့ ပြောကြားမှုအပေါ်မှာ အခုလိုမျိုး သက်ညှာမှုမရှိဘဲ အဲလိုမျိုး သူရဲ့ခရီးသွား passport ကို တရားမဝင် စစ်ကောင်စီက လုပ်လိုက်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ တော်တော်လေးကို အံ့လည်း အံ့ဩတယ်။ ကျန်တဲ့သူတွေ အဲ့လိုမျိုးဖြစ်လာမှာကို စိုးရိမ်တယ်။ ဟန်လေးက ပထမဆုံး Case လို့ပြောလို့ရတယ်။ ဒီလိုနေရာမျိုးမှာဖြစ်လာခဲ့လို့ရှိရင် အတတ်နိုင်ဆုံး ပြင်ပရောက်နေတဲ့ အင်အားစုတွေက ပံ့ပိုးကူညီဖို့ အဆင့်သင့်ရှိပါတယ်။ သူ့ကိုလည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ကနေဒါရောက်လာရင် သူအဆင်ပြေအောင် သူရဲ့ အသက်မွေးဝမ်းကျောင်း ပိုပြီးတော့ ဆက်လုပ်နိုင်အောင် ကျောင်းတွေတစ်ဆင့် ဆက်သွားနိုင်အောင် ပြင်ဆင်ထားမှုတွေရှိပါတယ်။ သူကလည်း မြန်မာပြည်ကို လွတ်မြောက်ဖို့ ကျနော်တို့နဲ့ လက်တွဲပြီးတော့ တစ်စုံတစ်ရာ တိုင်းပြည်အတွက် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း ဒီမိုကရေစီအရေးထောက်ခံလှုပ်ရှားသူတွေအပေါ် စစ်ကောင်စီက လိမ်လည်တိုင်တန်းမှုတွေ ပြုလုပ်လာနိုင်မယ့် အန္တရာယ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ကို သူတို့ ကြိုတင်အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

"မြန်မာ့ဒီမိုကရေစီအရေးကို တက်တက်ကြွကြွနဲ့ လှုပ်ရှားနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် စစ်အုပ်စုကနေပြီးတော့ မတရား နည်းပေါင်းစုံနဲ့စွပ်စွဲပြီးတော့ အပြစ်ရှာပြီးတော့ အင်တာပိုလ်ကို အကျိုးအကြောင်းတွေ တင်ပြတယ်။ အင်တာပိုလ်ဘက်ကနေပြီးတော့ ဖမ်းဆီးပြီး အရေးယူဖို့ဆိုပြီးတော့ လုပ်နေတဲ့ ကိစ္စရပ်တွေကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ မဟန်လေးကိစ္စကို နမူနာထားပြီးတော့ ကိုရီးယားနိုင်ငံမှာရှိတဲ့ အင်တာပိုလ် ရဲတပ်ဖွဲ့ကို ပြောပြထားတာရှိပါတယ်။ ဒီလိုမျိုး စစ်အုပ်စုကနေပြီးတော့ ဒီ်မိုကရေစီ အရေးအတွက် လှုပ်ရှားတက်ကြွသူတွေကို မတရားအမှုဆင်ပြီးတော့ ဒီလိုပုံစံမျိုးတွေ ဖြစ်လာမယ်ဆိုတာကို အကျိုးအကြောင်း သုံးသပ်ပြီးမှသာ အရေးယူသင့်တယ်၊ ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြောင်းပြောထားပါတယ်။ လိုအပ်တယ်ဆိုရင်လည်း ကျနော်တို့ ကိုယ်စားလှယ်ရုံးကို ဆက်သွယ်ပါ။ ကျနော်တို့အနေနဲ့ အတူတကွ ပူးပေါင်းပါဝင်ပါ့မယ့်ဆိုတဲ့ အကြောင်းကိုလည်း ပြောထားပါတယ်"

အာဏာသိမ်းစစ်ကောင်စီရဲ့ ဘေးက လွတ်ကင်းအောင် သူမကို အားပေးကူညီခဲ့ကြတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ ထိုင်းနဲ့ ကနေဒါနိုင်ငံတွေရဲ့ ကျေးဇူးကို ဒီတစ်သက်မှာသူ မမေ့တော့ပါဘူးလို့လည်း ဟန်လေးက RFA ကို ပြောပါတယ်။

"အင်မီဂရေးရှင်း officers တွေကအစ လာတွေ့ကြတယ်။ အားပေးကြတယ်။ သူတို့ဘက်ကလည်း ထိုင်းနဲ့ဟန်လေးနဲ့က ဘာပြဿနာမှ မရှိတဲ့အတွက်ကြောင့် ဟန်လေးက ထိုင်းနိုင်ငံမှာ အပြစ်ကင်းစင်တဲ့သူ၊ government နဲ့လည်း ဘာပြဿနာမှ မရှိတဲ့အတွက်ကြောင့် သူတို့ဘက်က နားလည်တယ်။ နောက်ပြီး သူတို့ officers တွေကလည်း လာတွေ့ပေးတယ်။ နောက်ပြီး ground staff တွေကအစ ဟန်လေးကို လာတွေ့ပြီး အားပေးကြတယ်။ အားငယ်နေမှာစိုးလို့ ဆိုပြီး။ ဟန်လေးအတွက် လုံခြုံမှုပေးတဲ့ ထိုင်းဘက်ကိုလည်း ဟန်လေး ကျေးဇူးတင်တယ်။ တစ်နှစ်တာကာလမှာ အင်မီဂရေးရှင်းကိစ္စတွေအကုန်လုံးကို သူတို့ဘက်ကနေ တိုးရစ်ဗီဇာနဲ့ ပေးနေတယ်။ အိုဗာစတေးဖြစ်သွားတာတောင်။ ထိုင်းက ဟန်လေးရဲ့ Second home ပဲ။ ထိုင်းနိုင်ငံနဲ့အတူ ဒီထိုင်းနိုင်ငံက လူကြီးတွေကော government တွေကော၊ Officers တွေကော အကုန်လုံး ကျေးဇူးတင်တယ်လို့။ နောက်တစ်ခုက UNHCR ပေါ့နော်။ ဟန်လေး ခက်ခဲနေတဲ့ အချိန်မှာ ဟန်လေးကို အလျင်အမြန်နဲ့ ဒီလို ညွှန်ကြားချက်တွေ အများကြီး လုပ်ပေးတယ်။ သူတို့ဘက်က ဘယ်လိုလုပ် ဘယ်လိုလုပ် ဆိုပြီး။ ညဘက်ဆိုရင်လည်း အရေးပေါ် အင်မာဂျန်စီ ဖုန်းနံပါတ်တွေနဲ့ ဟန်လေးကို အမြဲတမ်း guide လုပ်ပေးနေတာကလည်း အားတစ်ခုရှိတယ်။ အဲ့အားတစ်ခုကြောင့် သတ္တိရှိရှိနဲ့ ဒီလိုမျိုး ရင်ဆိုင်နိုင်တယ်။ပြီးတော့ အားပေးကြတဲ့ မြန်မာကနေ စိတ်ပူပေးကြတဲ့သူတွေ ပြီးတော့ အခုကနေဒါ ကနေ ဟန်လေးကို စောင့်ပေးပြီးတော့မှ လိုက်ပေးကြမယ့် အဖွဲ့အစည်းတွေ အကုန်လုံးကို ဟန်လေး ဒီကနေ ကျေးဇူးတင်ပါတယ်လို့။ ကနေဒါအစိုးရကတော့ ပထမဦးဆုံးပေါ့။ သူတို့သာ ဟန်လေးကို မြန်မြန်မလုပ်ပေးလို့ရှိရင် ဟန်လေးဒီမှာ airport ထဲမှာပဲ တော်တော်လေးကို အခက်အခဲဖြစ်နေမှာပေါ့နော်။ ကနေဒါအစိုးရကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။"

တောင်ကိုရီးယားနိုင်ငံကနေ အလှမယ်ဟန်လေး လိုက်ပါမယ့် အဲဒီ ကိုရီးယားလေကြောင်းလိုင်း ပျံသန်းမှုခရီးစဉ်အမှတ် ၀၇၃ ဘိုးအင်း ၇၈၇ လေယာဉ်ဟာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့လေဆိပ်ကို ဒေသစံတော်ချိန် စက်တင်ဘာလ ၂၈ နေ့ မနက် ၁ဝ နာရီမှာ ရောက်ရှိမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။