PR စနစ်နဲ့ အကောင်အထည်ဖော်မယ့် စစ်ခေါင်းဆောင်ရဲ့ သမ္မတ ရည်မှန်းချက်

2022.01.12
PR စနစ်နဲ့ အကောင်အထည်ဖော်မယ့် စစ်ခေါင်းဆောင်ရဲ့ သမ္မတ ရည်မှန်းချက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဥ်
MPA Photo

လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ကူးပြောင်းရေး လုပ်ဆောင်လိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆထားပါတယ်။

နိုင်ငံရေးပါတီတစ်ပါတီတည်း သောင်ပြိုကမ်းပြိုအနိုင်မရဘဲ တိုင်းရင်းသားပါတီတွေ လွှတ်တော်မှာ နေရာ အများစုရနိုင်ဖို့ ရည်ရွယ်တယ်ဆိုပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီ က ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဆော်သြနေပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်ကလည်း နိုင်ငံတော်ဥပဒေပြုကိစ္စတွေမှာ တိုင်းရင်းသားတွေ ဒီထက်ပိုပြီး ကိုယ်စားပြုစနစ်လိုချင်ရင် PR စနစ်ကို စဉ်းစားသင့်တယ်လို့ သူရဲ့မိန့်ခွန်းတွေမှာ ထည့်ပြောနေပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ လူထုထောက်ခံမှုအားကောင်းတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလိတ်ကတော့ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်လာတာဟာ စစ်တပ်က နိုင်ငံရေးကနေ ထွက်မသွားဘဲ ကာချုပ်အနေနဲ့ သမ္မတရာထူးကို တက်လှမ်းဖို့ လုပ်ဆောင်တာပဲလို့ ပြောပါတယ်။

“PR စနစ်ကိုလုပ်ဖို့ လုံးပမ်းလာတာက ရှင်းရှင်းပြောရရင် တပ်အနေနဲ့ နိုင်ငံရေးကနေထွက်ခွာဖို့ လုံးဝ စိတ်ဆန္ဒမရှိတာကို ပြတာပဲ။ ဒီထပ်ကို နောက်တစ်ဆင့် ထပ်တွက်မယ်ဆိုရင်တော့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင် စကစ ဥက္ကဋ္ဌ ကိုယ်တိုင် သမ္မတရာထူးအထိ တက်လှမ်းဖို့ ခြေလှမ်းပြင်တယ်လို့ တွက်လို့ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲလိုပဲ ယုံကြည်နေပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်တောင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့က ဘယ်လိုမှ မျှော်မှန်းလို့မရပါဘူး။”

လွှတ်တော်အသီးသီးမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲဖြစ်တာကြောင့် PR စနစ်သာကျင့်သုံးမယ်ဆိုရင် နိုင်ငံရေးပါတီတွေများတဲ့ မြန်မာပြည်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ တပ်ဘက်က နေရာပိုရလာမယ်လို့ နိုင်ငံရေးသမားတွေက လက်ခံထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းထားဆဲ ဒီလိုကာလမှာ နိုင်ငံရေးပါတီတိုင်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရာခိုင်နှုန်း နည်းနေတာမို့ တပ်ဘက်က အားသာနိုင်ခြေက ပိုများနေပါတယ်။

လာမယ့် ၂၀၂၃ မှာ NLD က ဝင်ပြိုင်နှုန်းနည်းပြီး အောင်နိုင်ခြေနည်းနိုင်တယ်လို့ စစ်တပ်က တွက်ဆထား တာမို့ ဒီတွက်ဆချက်ကို ဖောက်ထွက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက အကြံပြုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကခေါင်းဆောင်တွေ အကျဉ်းချခံထားရလို့ လုံးဝကြီး နိုင်လိမ့်မယ်လို့ သူတို့မျှော်မှန်းမထားဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ အကျဉ်းချခံထားရသည်တိုင် ကျန်နေတဲ့လူတွေကို NLD ပြိုင်ခွင့်ပြုလိုက်ပြီး NLD ကိုပဲ မဲထည့်ပေးပါလို့ စည်းရုံးပေးလိုက်လို့ရှိရင် NLD က နိုင်နိုင်တဲ့ပမာဏကများနိုင်တယ်။ အဲလိုဆိုလိုရှိရင် သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမှာမဟုတ် ဘူး။ NLD ပါတီနဲ့ တခြားမဟာမိတ်ပါတီတချို့နဲ့ပေါင်းပြီးတော့ အစိုးရဖွဲ့နိုင်တဲ့ အနေအထားလည်း ဖြစ်နိုင်တယ်။ အစိုးရဖွဲ့နိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ဖို့ကလည်း လမ်းပွင့်သွား ပြီပေါ့နော်။ အဲလိုမဟုတ်ဘဲ သူတို့စဉ်းစားထား မျှော်မှန်းထားတဲ့အတိုင်း USDP က နိုင်မယ်ဆိုရင်တော့ USDP ဥက္ကဋ္ဌက သမ္မတလုပ်မှာလား ကာချုပ်က သမ္မတလုပ်မှာလား။ သူ (ကာချုပ်) ပဲ သမ္မတ ဆက် လုပ်ချင်တဲ့ပုံတော့ တွေ့ရတယ်။ ပြောတဲ့ဆိုတဲ့စကားတွေမှာ မိန့်ခွန်းတွေ နားထောင်ကြည့်တော့။”

NLD ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးခွင့်မရှိသလို ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းပေးပိုင်ခွင့် မရှိတာကြောင့် လက်ရှိဆောင်ရွက်နေတာတွေဟာ တရားဝင်မှုမရှိဘူးလို့ လက်ခံထားပါတယ်။

ရွေးကောက်ပွဲဝင်ဖို့၊ မဝင်ဖို့ဆိုတာဟာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ စုံညီအစည်းဝေးလုပ်ပြီး ဆုံးဖြတ်မှရမှာလို့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးကျော်ထွေး က RFA ကို ပြောပါတယ်။

“ပါတီတစ်ခုရဲ့ အဓိကကျတဲ့ ခေါင်းဆောင်တွေ အကုန်လုံး မတရားဖမ်းဆီးထားပြီးမှကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ် NLD က ခေါင်းလျိုပြီးဝင်မှာလဲ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော ဖြစ်နိုင်မလား။ NLD ပါတီက တရားဝင်ရှိနေတယ်လို့ပဲ သူတို့ပြောတာလေ။ ပါတီရုံးတွေ တရားဝင်ဖွင့်ခွင့်ရပြီးတော့ အလုပ်လုပ်ကိုင်နိုင်ဖို့ကို သူတို့အာမခံချက်ပေးထားတာမရှိဘူး။ ပါတီရုံးတွေ ဖျက်ဆီးခံရတာ၊ ဗုံးခွဲခံရတာ၊ ပါတီရုံးအပေါက်ဝတွေမှာ ခေါင်းပြတ်တွေ လာချိတ်တာတွေ၊ အပြောတခြားနဲ့ လက်တွေ့မှာ လုပ်နေတာ တခြားစီဖြစ်နေပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တွေ အားလုံး စုံညီအစည်းအဝေးကျင်းပပြီး ဆုံးဖြတ်မှပဲရမှာ။”

"ကာချုပ်ပဲ သမ္မတ ဆက်လုပ်ချင်တဲ့ပုံတော့ တွေ့ရတယ်။ ပြောတဲ့ဆိုတဲ့စကားတွေမှာ မိန့်ခွန်းတွေ နားထောင်ကြည့်တော့"

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ကြီးချုပ်နေရာကို ရယူခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒီလမ်းစဉ်ကို လုပ်ဆောင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးအောင်သူငြိမ်းက တွက်ဆပါတယ်။

“အာဏာသိမ်းပြီးတဲ့ကာလမှာ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင် သူတို့လိုချင်တဲ့အာဏာတွေ ကို ထည့်ရေးဆွဲပြီးတော့မှ ပြန်ပြီးတော့ အာဏာစွန့်ပြီးဆင်းသွားတဲ့ပုံစံမျိုးတွေ့ရတယ်။ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ၊ သူဆိုတော့လည်း တချိန်ကျတော့ ဝန်ကြီးချုပ်ဖြစ်သွားတာပဲ။ မဖြစ် ဖြစ်အောင်လုပ်ယူတဲ့ပုံစံမျိုးဖြစ်တာပေါ့။ အဲတော့ မဖြစ်နိုင်ဘူးဆိုတာတော့ တော်တော်တော့ ခက်တယ် ထင်တယ်။ နောက်တစ်ခုက ဖြစ်သွားရင် ဘာဖြစ်မလဲ။ နိုင်ငံတကာကတော့ ခဏထားပါ။ အာဆီယံ မှာကျတော့ အားလုံးသိတဲ့အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုက ရွေးကောက်ပွဲပြန်ဖြစ်သွားပြီး အရပ် သားအစိုးရပြန်ဖြစ်လာပြီဆိုရင် အများစုကတော့ ပြန်ပြီး ကြိုဆိုပါတယ်တို့ ဘာတို့လုပ်ကြမှာပါ။”

တပ်မတော်သားအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ ကာကွယ်ရေးဦးစီးချုပ် သမ္မတလုပ် မလုပ်ဆိုတာ ရွေးကောက်ပွဲပြီးမှ ဆုံးဖြတ်လို့ရမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ရိုးရိုးရှင်းရှင်းလေးမြင်တာက တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ တည်ငြိမ်သွား ပြီးတော့ နစကအနေနဲ့ သူကတိပေးထားတဲ့ ၂၀၂၃ မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်နိုင်ဖို့က အဓိက အရေးကြီးတဲ့အချက်ပဲ။ အဲဒါပြီးမှ ကျွန်တော်တို့က ကျန်တာဆက်ဆုံးဖြတ်လို့ရလိမ့်မယ်။ အဲဒီအဆင့်မပြီးဘဲ ကျွန်တော်တို့ နောက်အဆင့်ကို မှန်းစရာအကြောင်းမရှိဘူး။ အဲတော့ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သမ္မတ လုပ်မလား၊ မလုပ်မလားဆိုတဲ့ ခေါင်းစဉ်က နောက်တော်တော်ဝေးဝေး မှာရှိတယ်ပေါ့လေ။”

(ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်နေ့ ရေတပ်အခမ်းအနားတစ်ခုမှာ တွေ့ရစဥ်) AFP Photo
(ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်နေ့ ရေတပ်အခမ်းအနားတစ်ခုမှာ တွေ့ရစဥ်) AFP Photo

ကာကွယ်ရေးဦးစီးချုပ်ဟာ PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး သမ္မတရာထူးကို ကူးပြောင်းရယူမယ်ဆိုတဲ့ တွက်ဆချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ငြင်းဆိုမှု မပြုပါဘူး။

“လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပြောထားပြီးသားဖြစ်တယ်။ သူ့အနေနဲ့ကတော့ နိုင်ငံနဲ့ ပတ်သက်လာရင် သူ့အတွေ့အကြုံအရ ဆက်လက်ပြီးတော့ အသုံးချနိုင်လို့ရတဲ့နေရာမျိုးကနေ ပါဝင် သွားမယ်လို့ ပြောပြီးသားဖြစ်တယ်။ ဒါက အခုမှပြောတဲ့စကားမဟုတ်ဘူး။ ယခင်ရွေးကောက်ပွဲ မပြီးခင် ကတည်းက ပြောတဲ့စကားဖြစ်တယ်။ ဒီစကားပဲထပ်ပြီး ရည်ညွန်းစရာရှိပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲပြီးနောက် အကောင်အထည်မပေါ်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သမ္မတ ရာထူးအပြောင်း အရွေ့ဟာ ၂၀၂၃ မှာ ရွေးကောက်ပွဲဖြစ်မြောက်ပြီး ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရုံသာရှိပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ ဘယ်လိုရာထူးနဲ့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသည်ဖြစ်စေ လူထုထောက်ခံမှု ရရှိဖို့က မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြကြောင်း တင်ပြလိုက်ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။