ပထမအကြိမ် စစ်သင်တန်းဆင်းပြီးသူတွေ ရှေ့တန်းပို့ခံနေရ
2024.07.16

စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းပြီး အခြေခံစစ်သင်တန်းပေးထားတဲ့ ပထမအသုတ် သင်တန်းဆင်း တပ်သားသစ်တွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဆီ ခွဲပြီးပို့နေတယ်လို့ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၈ ရက်နေ့ကစတဲ့ စစ်သင်တန်း အပတ်စဥ် (၁) က တပ်သားသစ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ဇွန်လ ၂၈ ရက်နေ့မှာ သင်တန်းဆင်းခဲ့တာပါ။
စစ်မှုထမ်းအခေါ်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ ပြောဆိုချက်အရ ဇူလိုင်လဆန်းလောက်ကစပြီး စစ်ကောင်စီက တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်၊ ရှမ်း၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ကို နေရာတွေ ခွဲလွှတ်နေတာဖြစ်ပါတယ်။
ဧရာဝတီတိုင်းကနေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့သူတစ်ဦးရဲ့ ဇနီး ဒေါ်နွယ်ငြိမ်းက “ကျွန်မခင်ပွန်း ပြောပုံအရတော့ သူတို့ကိုတဲ့ အမှတ်စဥ် (၁) ကို နေပြည်တော်ကနေပြီးတော့ အကုန်လုံး ခွဲချပစ်လိုက်တာတဲ့။ ရခိုင်ဘက်ကို ပို့တယ်တဲ့။ တကယ်ဆိုးတဲ့နေရာပေါ့နော်။ စစ်ဖြစ်နေတဲ့နေရာဘက်တွေကို အကုန်ခွဲချတယ်လို့တော့ ပြောသံကြားတာပဲ။ သူတို့ (စစ်ကောင်စီ) ပြောတဲ့ပုံစံက နောက်တန်းမှာပဲ အင်အားဖြည့်မှာတို့၊ ဘာတို့ပြောပြီးတော့ အခုကျတော့ အဝေးတစ်နေရာကို နယ်စပ်အထိ ပို့တယ်ဆိုတော့ မိသားစုနဲ့ ကွဲကွာရတယ်ဆိုတော့ သူသူကိုယ်ကိုယ်ကတော့ စိတ်မကောင်းဘူးပေါ့နော်”လို့ ပြောပါတယ်။
သူ့ရဲ့ခင်ပွန်းဖြစ်သူက စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရပြီးနောက် ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်း (တကန) မှာ အခြေခံစစ်သင်တန်း တက်ရောက်ခဲ့သူတစ်ဦးပါ။
“ကာလတို စစ်သင်တန်းပေးပြီး လူငယ်တွေကို တိုက်ပွဲထဲလွှတ်တာ လူသားတံတိုင်းသဖွယ် အသုံးချတာပါပဲ”
စစ်သင်တန်းအပတ်စဥ် (၂) ကတော့ ဩဂုတ်လ ၂ ရက်နေ့မှာ သင်တန်းဆင်းမှာဖြစ်ပြီး အဲဒီသင်တန်းသားတွေကိုလည်း တိုက်ပွဲနယ်မြေတွေဆီ စစ်ကောင်စီက ပို့မယ် ဆိုတဲ့သတင်းတွေလည်း ကြားနေရတယ်လို့ ဒေါ်နွယ်ငြိမ်းက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်းက ဒေသခံတစ်ဦးကလည်း သူနဲ့နီးစပ်သူတွေထဲမှာ စစ်သင်တန်းဆင်းပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲနေရာတွေဆီ ပို့ဆောင်ခံခဲ့ရပြီး ဒဏ်ရာတွေနဲ့ နေရပ်ပြန်ရောက်လာသူတွေ ရှိတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဆီက ကောင်လေးတစ်ယောက်တော့ အဲဒီမှာ သေနတ်မှန်လို့၊ လက်မောင်းမှာ ကျည်ဆံထုတ်လို့ မရလို့ဆိုပြီး ပြန်လာတာ အဲဒီကောင်လေး၊ သူတို့ (စစ်ကောင်စီ) လက်ကို မခွဲပေးလိုက်ဘူးတဲ့။ ပြန်လာပြီး ဘယ်လိုပြောလဲဆိုတော့ အဲဒီကိုသွားတဲ့သူ မှန်သမျှတဲ့ တစ်ယောက်မှ အရှင်မရဘူး၊ အကုန် အသေပဲတဲ့။ ခေါ်သွားတဲ့သူမှန်သမျှ ဘာလစာမှလည်း မရဘူး”
တနင်္သာရီတိုင်းဘက်မှာလည်း စစ်ကောင်စီက တပ်သားသစ်တွေကို တိုက်ပွဲတွေမှာ ထည့်သုံးတယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“လူအင်အား အရေးပေါ် လိုအပ်နေတဲ့ စစ်ကောင်စီဟာ တပ်သားသစ် ကိုးဆယ်ရာခိုင်နှုန်းကို စစ်မြေပြင်မှာ ပိုအသုံးချနိုင်ပါတယ်”
ထားဝယ်ခရိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ ကာလတို စစ်သင်တန်းပေးပြီး လူငယ်တွေကို တိုက်ပွဲထဲလွှတ်တာ လူသားတံတိုင်းသဖွယ် အသုံးချတာပဲလို့ ဝေဖန်ပါတယ်။
“တပ်သားအင်အား ထပ်ဖြည့်ပြီးတော့ သင်တန်းကို မဖြစ်သလောက်ပေးပြီး စစ်မြေပြင်မှာ လူသားတံတိုင်း အသေခံခိုင်းတဲ့ပုံစံမျိုးပေါ့။ အဲဒီလိုမျိုးတွေ သူတို့ (စစ်ကောင်စီတပ်) ဆက်လုပ်နေတယ်ပေါ့”
ထားဝယ်ခရိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုကော်မတီက ဦးဆောင်ပြီး ဒေသတွင်းမှာရှိတဲ့ လူငယ်တွေက စစ်မှုထမ်းဥပဒေကို နေ့စဥ်ဆိုသလို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။
စစ်သင်တန်း အပတ်စဥ် (၁) မှာ ပါဝင်သူတွေကို နိုင်ငံတစ်ဝန်းက တိုင်းစစ်ဌာနချုပ်တွေမှာ သုံးလကြာ အခြေခံစစ်ပညာတွေ လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
အပတ်စဥ် (၁) သင်တန်းဆင်းတဲ့ အရေအတွက်ကို စစ်ကောင်စီက မဖော်ပြထားပေမဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ ဧပြီလလယ်က ထုတ်တဲ့အစီရင်ခံစာမှာတော့ ပထမအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ငါးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တပ်မတော်သား ဗိုလ်ကြီး ကောင်းသူဝင်းကတော့ လူအင်အား အရေးပေါ် လိုအပ်နေတဲ့ စစ်ကောင်စီဟာ တပ်သားသစ် ကိုးဆယ်ရာခိုင်နှုန်းကို စစ်မြေပြင်မှာ ပိုအသုံးချနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဒီလိုမျိုး အင်အားတွေက အဓိက စစ်မြေပြင်ပို့ဖို့ပဲ များတယ်။ ဥပမာ ကိုးဆယ်ရာခိုင်နှုန်းလောက်ကတော့ စစ်မြေပြင် ရောက်မှာပဲ။ အဓိကတော့ လူပါဖို့ပဲ လိုတာပေါ့နော်။ လူပါပြီး လက်နက်ပါပြီး သူ့ဘာသာ ဘယ်ပဲပစ်ပစ်ပေါ့နော်။ ပစ်ချင်တဲ့ ပြည်သူပဲပစ်ပစ်၊ ကျန်တဲ့ရင်ဆိုင်နေရတဲ့သူပဲပစ်ပစ် အဓိကသေနတ်ပါပြီး လူများပြီးတော့ အဲဒီလိုမျိုး အနေအထားကိုပဲ သူတို့ (စစ်ကောင်စီ) က လိုအပ်တာပေါ့”
တစ်ဖက်မှာလည်း စစ်ကောင်စီက တပ်ထဲမှာ သက်တမ်းရှည်ကြာတဲ့ စစ်သားတွေကိုတောင် မယုံကြည်ရတဲ့ အနေအထားမှာ တပ်သားသစ်တွေကို ထိန်းချုပ်ဖို့နဲ့ စစ်တပ်အတွက် အသက်ပေးတိုက်ဖို့ ဝါဒဖြန့်စည်းရုံးရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ သင်တန်းဆင်း တပ်သားသစ်တွေကို စစ်မြေပြင်ပို့နေတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်သင်တန်း ဆင်းပြီးသူတွေဟာ စစ်ကောင်စီအတွက် နှစ်နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ စစ်မှုမထမ်းမနေရ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
လတ်တလောမှာတော့ နှစ်နှစ် တာဝန်ထမ်းဆောင်ရမဲ့ သင်တန်းဆင်း စစ်မှုထမ်းတွေကို ငါးနှစ်တာဝန်ထမ်းဆောင်ဖို့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေတယ် ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ငြင်းဆိုထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ နေပြည်တော်အခြေစိုက် စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးနဲ့ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တို့ရဲ့ ဖုန်းတွေကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့လည်း ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တပ်သားသစ်တွေကို စစ်မြေပြင်ပို့တာဟာ လူငယ်တွေကို သေတွင်းပို့တာပဲလို့ သုံးသပ်ပါတယ်။
“အခုဖြစ်တဲ့ လားရှိုးတောင်မှ ပို့တယ်ကြားတာပေါ့။ အဲဒီတော့ ဆိုလိုတာကတော့ ဒီနှစ်လသင်တန်းလောက်နဲ့ ရှေ့တန်းပို့တယ်ဆိုတော့ လူငယ်တွေကို သေတွင်းပို့တာနဲ့ အတူတူပဲပေါ့ဗျာ။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အသက် ခြောက်ဆယ်ကျော်တွေတောင်မှ ရှေ့တန်းပို့နေတာ။ ဒါပေမဲ့ အဲဒီနည်းနဲ့ သုံးစွဲလည်း စိတ်ဓာတ်ရေးရာတွေကတော့ ကျနေတယ်”
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ဥပဒေကို ၁၃ နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းလိုက်တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည် တည်ငြိမ်ဖို့အတွက် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်တဲ့အခါ စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့ မတ်လ ၂၇ ရက်နေ့မှာကျင်းပတဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောခဲ့ပါတယ်။
လက်တွေ့မှာတော့ တစ်နိုင်ငံလုံးအနှံ့ စစ်ရေးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တပ်ဖွဲ့ဝင်အင်အား လုံးပါးပါးလာတာကို ကာကွယ်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး လပိုင်းအတွင်း အကောင်အထည်ဖော်ကာ လူသစ်အင်အား စုဆောင်းခဲ့တာလို့ အကဲခတ်တွေက ဝေဖန်ကြပါတယ်။
ဒီဥပဒေကြောင့် လူငယ်တွေ အတော်များများ နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာသွားကြသလို တော်လှန်ရေးအင်အားစုတွေဆီ ခိုလှုံရင်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်ဖို့ ကြိုးစားနေကြသူတွေ ရှိနေပါတယ်။