ဝေဖန်မှုတွေကြား စစ်မှုထမ်းသင်တန်းကို စစ်ကောင်စီက အချိန်စောခေါ်ယူ
2024.03.30

ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေရှိနေတဲ့ကြားကပဲ စစ်ကောင်စီဟာ စစ်မှုထမ်းမယ့်သူတွေကို သတ်မှတ်ချိန်ထက်စောပြီး မတ်လ ၂၉ ရက်မှာ စတင်ခေါ်ယူနေပါပြီ။
ဧပြီလကုန်မှာ စတင်ခေါ်ယူမယ်လို့ ပြောထားပေမယ့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်ကောင်စီ နယ်မြေတွေမှာ တစ်လစောပြီး ခေါ်ယူခဲ့တာပါ။
စစ်ကောင်စီရဲ့ မတ်လ ၃၀ ရက်နေ့ထုတ် သတင်းစာတွေမှာတော့ နေပြည်တော်မှာ စစ်မှုထမ်းဖို့ ရွေးချယ်ခံထားရသူ လူငယ် ၁၈၄ ဦးနဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း လူငယ် ၉၅ ဦးကို အမှတ်စဉ် (၁) အတွက် ခေါ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“စစ်မှုထမ်းဖို့ မဲပေါက်ထားသူတွေကို ဆေးစစ်ပြီးတာနဲ့ လေ့ကျင့်ရေးတပ်တွေဆီ ချက်ချင်းပို့ခဲ့တာပါ”
ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေမှာလည်း စစ်မှုထမ်းရမယ့်သူတွေကို မတ်လ ၂၉ ရက်နဲ့ မတ်လ ၃၀ ရက်တွေမှာ ခေါ်ယူခဲ့ပေမယ့် အရေအတွက် အတိအကျကို မထုတ်ပြန်သေးပါဘူး။
စစ်မှုထမ်းဖို့ မဲပေါက်ထားသူတွေကို ဆေးစစ်ပြီးတာနဲ့ လေ့ကျင့်ရေးတပ်တွေဆီ ချက်ချင်းပို့ခဲ့တာလို့ နေပြည်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
“မဲပေါက်တဲ့ အိမ်တွေကို ကားသုံးစီးနဲ့ လိုက်ပတ်ခေါ်တာပါ။ အဝတ်အစားနှစ်စုံနဲ့ မှတ်ပုံတင်ယူခိုင်းတယ်။ ဖုန်းကိုထားခဲ့ခိုင်းတယ်။ ဆေးစစ်ပြီးတာနဲ့ လေ့ကျင့်ရေးတပ်ကိုပို့မယ်ပဲ ပြောတယ်။ ကျန်တာတော့ အသေးစိတ် မိဘတွေကို မပြောသွားဘူး။ မိဘတွေကို လိုက်ခိုင်းတာမျိုးလည်း မရှိဘူး။ ခေါ်ခံရတဲ့ မိသားစုတွေကတော့ ပူဆွေးနေကြတာပေါ့။ သေလမ်းကိုသွားရတဲ့ ကိုယ့်သားကို ဘယ်သူက ကြည်ကြည်ဖြူဖြူ ထည့်ချင်ပါ့မလဲ”
အလားတူ မကွေးတိုင်း၊ မင်းဘူးခရိုင် မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်တွေက စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေဆီကို မတ်လ ၂၇ ရက်မှာ ဆင့်ခေါ်စာ ပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းမယ့်သူတွေကို မတ်လ ၂၉ ရက်မှာ တောင်တွင်းကြီးမြို့ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းဆီ ပို့ခဲ့တာပါ။
မင်းဘူးမြို့က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူရဲ့ မိဘတစ်ဦးကလည်း သားဖြစ်သူဟာ နိုင်ငံအတွက် ဂုဏ်သိက္ခာရှိရှိ စစ်မှုထမ်းရတာမဟုတ်ဘဲ အတင်းအဓမ္မ စေခိုင်းခံရတာလို့ ပြောပါတယ်။
“ပူတာတော့ ပြောမနေနဲ့။ ပြောရမယ့်စကားလုံး မရှိလောက်အောင်ကို ပူပန်ရတယ်။ ခေါ်သွားပြီဆိုကတည်းက ကိုယ့်သားသမီး ဘယ်အချိန်ပြန်လာမလဲဆိုတာ နှစ်နဲ့ချီကြာမှာလေ။ သူတို့ဆို အခုငါးနှစ်တောင်မှ သက်တမ်းက အဲဒီငါးနှစ်တောင် အားမရသေးရင် သူတို့က သက်တမ်းထပ်တိုးပြီး ခိုင်းရင် ခိုင်းအုန်းမှာ။ ဒီကြားထဲသေမယ်၊ ရှင်မယ်ဆိုတဲ့ကိစ္စကလည်း ဘာမှအတိအကျ မသိရသေးဘူး။ ပြီးတော့ ဒီဟာက ဂုဏ်သိက္ခာရှိရှိ စစ်မှုထမ်းရတာ မဟုတ်သေးဘူး။ နိုင်ငံတကာမှာ စစ်မှုထမ်းရတယ်ဆိုတာက ဂုဏ်သိက္ခာရှိရှိ စစ်မှုထမ်းရတာ။ ဒါက မတရားသဖြင့် ခိုင်းစေခံရတာ”
စစ်ကောင်စီတပ်တွေ ခေါ်သွားတဲ့သားဖြစ်သူဟာ ပန်းနာရပ်ကျပ် ရောဂါသည်တစ်ဦးဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရှေ့တန်း စစ်မျက်နှာတွေမှာ ရှုံးနိမ့်မှုတွေနဲ့ ဆက်တိုက်ကြုံလာရပြီး စစ်အင်အား အသည်းအသန် လိုအပ်နေတာကြောင့် အခုလို အလောတကြီး ဆောင်ရွက်နေတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
“သူ့ရဲ့စစ်အင်အားဟာ အရင်တုန်းက ပြောထားသလိုမျိုး အနေအထား မဖြစ်တော့ဘူး။ ရာခိုင်နှုန်း လေးဆယ်လောက်အထိ ကျဆင်းသွားတာ တွေ့ရတယ်။ အဲဒါကြောင့်မလို့ သူ့တပ်ကလည်း ဝန်ထမ်းတပ်လို့ ပြောရမလိုပဲ ဝန်ထမ်းက အများဆုံး ဖြစ်နေတာဆိုတော့ စစ်တိုက်မယ့်သူမရှိဘူး ဖြစ်နေတာ။ အခု ပြင်းထန်နေတဲ့ စစ်ရေးအခြေအနေအရ အောက်မှာ စစ်ဆက်တိုက်ဖို့အတွက် စစ်အင်အားစုဆောင်းမှုက မဖြစ်မနေ သေရေးရှင်ရေး လိုအပ်နေတာ”
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး ပြောခွင့်ရသူတစ်ဦးကတော့ စစ်မှုထမ်း ဆင့်ခေါ်တဲ့ကာလကို ရှေ့တိုးသက်မှတ်လိုက်တယ်လို့ အတည်ပြုပေမယ့် ဘာကြောင့်ဆိုတာ ထုတ်မပြောပါဘူး။
ဒါပေမဲ့ အခုလို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“ဟုတ်ကဲ့ဗျ။ ရှေ့တိုးသွားလို့ပါ။ သူတို့ကို သင်တဲ့သင်တန်းက ပုံမှန်စစ်သည်တွေလိုမျိုး မဟုတ်ဘူးဗျ။ သင်တဲ့ကာလက အပြည့်မဟုတ်ဘူး။ ပုံမှန် စစ်သည်သင်တန်းက Training တွေ ထပ်လိုတယ်။ အဲဒီတော့ အပြည့်မဟုတ်တော့ သူတို့က (ရှေ့တန်း) အဲဒီလိုမျိုး ထားမှာမရှိဘူး။ ကာကွယ်တယ် ဆိုတာကတော့ နောက်တန်းလုံခြုံရေးတို့ နောက်တန်းဌာနချုပ်တွေမှာ ထားလို့ရပါတယ်”
ဒီအပြင် အမှတ်စဉ် (၁) အတွက် ခေါ်ယူတဲ့ သင်တန်းသား အရေအတွက်ကိုလည်း သူက ထုတ်မပြောပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သင်တန်းတစ်ပတ်စဉ်ကို လူငါးထောင်နှုန်းနဲ့ ခေါ်ယူသွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းမှုတွေဟာ ပြည်သူ့သဘောဆန္ဒမပါတဲ့ဘဲ အတင်းအဓမ္မ လုပ်ဆောင်တာဖြစ်လို့ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေတာတွေအားလုံးက တရားမဝင်ဘူး။ ဥပဒေအဖြစ်လည်း ကျွန်တော်တို့ မသတ်မှတ်ဘူး။ သူတို့ လုပ်ကိုင်ဆောင်ရွက်တာတွေအားလုံးဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာဖြစ်တယ်။ ပြည်သူလူထုရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ်၊ အတင်းအဓမ္မ ခေါ်ယူစုဆောင်းပြီး သင်တန်းပေးပြီး သိပ်မကြာခင်မှာပဲ စစ်မြေပြင်ကို ပို့မယ့်အနေအထားဖြစ်ပါတယ်”
စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် အကူအညီတွေပေးနိုင်ဖို့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုအစီအစဉ်ကို မတ်လ ၃၀ ရက်မှာ စတင်ပြီလို့ NUG က ထုတ်ပြန်ပါတယ်။
နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက စတင်ကြေညာခဲ့တာပါ။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။