အာဏာတည်မြဲရေးအတွက် NLD ကို အသုံးချဖို့ စစ်ကောင်စီကြိုးပမ်းနေဟု ဝေဖန်သူတွေပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.07.13
အာဏာတည်မြဲရေးအတွက် NLD ကို အသုံးချဖို့ စစ်ကောင်စီကြိုးပမ်းနေဟု ဝေဖန်သူတွေပြောကြား ရန်ကုန်တိုင်း ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီရုံးချုပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA
အာဏာသိမ်းစစ်ကောင်စီက ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို ဥပေက္ခာပြုပြီး လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ စီစဉ်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ ပါတီဝင်တချို့က စစ်ကောင်စီကို အသိအမှတ်ပြုပြီး အဲဒီရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီသူတွေက ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ခွင့်တောင်းတာကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းလည်း ဒီရက်ပိုင်းထွက်ပါတယ်။
 
ဒီအတောအတွင်း တရုတ်နိုင်ငံခြားရေး ဝမ်ယိက ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနဲ့ ပုဂံမြို့မှာ ဇူလိုင် ၃ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှံရေးအတွက် တရုတ်နိုင်ငံက မျှော်လင့်တယ်ဆိုတဲ့အချက်ကို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
 
NLD ဗဟိုအလုပ်ကော်မတီရဲ့ ဇူလိုင် ၅ ရက်နေ့စွဲနဲ့ ကြေညာချက်မှာ တရားဝင်တာဝန် ပေးအပ်ထားခြင်း မရှိတဲ့သူတွေက အဖွဲ့ချုပ်ရုံးခန်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားနေတာကို ခွင့်ပြုမှာ မဟုတ်ကြောင်း ဖော်ပြထားပြီး ဇူလိုင် ၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက တရားမဝင်ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ NLD ဗဟိုအလုပ်ကော်မတီ ပြောခွင့်ရ ဦးကျော်ထွေး က ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ဆန္ဒအမှန်ဖြစ်တဲ့အတွက် အဲဒီ အချက်ကို ဆန့်ကျင်ရင် သူတို့ လက်ခံမှာ မဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။
 
“စစ်ကောင်စီက သူတို့ရဲ့ တရားမဝင်မှုကို တရားဝင်ဖြစ်လာအောင် နိုင်ငံရေးထွက်ပေါက် အဖြစ် ရွေးကောက်ပွဲအသစ်တစ်ခု ကျင်းပဖို့ ကြားသိ မြင်တွေ့နေရပါတယ်။ နောက်ထပ် အချက်က မကြာသေးမီက ကမ္ဘောဒီးယားဝန်ကြီး ပရက်ဆော့ခွန်းနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ တွေ့တဲ့ အခါမှာလည်း တရုတ်နိုင်ငံရဲ့ မျှော်လင့်ချက် ၃ ရပ်ဆိုတာ ပြောဆိုခဲ့တယ်။ ဒုတိယအချက်မှာ မြန်မာ့အသွင်ကူးပြောင်းရေး ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်လည်စတင်ပြီးတော့ အာဏာကို ပြည်သူတွေထံ အပ်နှံပြီးနိုင်ငံရေးမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန်၊ တရုတ်နဲ့ အာဆီယံ အတူတွန်းအားပေးရန်ဆိုတာ ဖော်ပြထားတာ တွေ့ရတယ်။ အဲ့ဒီမှာ သူတို့ညွှန်းဆိုထားတဲ့ တိုင်းပြည်အာဏာကို ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်ဆိုတာက ဘာကို ရည်ညွှန်းလဲဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားပါဘူး။အဲ့ဒီအချက်က ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို ဖော်ညွှန်းတာဆိုရင်တော့ ကျနော်တို့က ကြိုဆိုမယ် ဒါမှမဟုတ်ပဲ စစ်ကောင်စီက လုပ်ဖို့ ကြံနေတဲ့ ရွေးကောက်ပွဲအသစ်ကို ရည်ညွှန်းတာဆိုရင်တော့ ကျနော်တို့က လက်မခံ နိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ကြေညာတာဖြစ်ပါတယ် ခင်ဗျ”
 
၁၉၇၅ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသန်းနိုင်ကတော့ အာဏာရှင်တွေဟာ သူတို့ အာဏာ တည်မြဲရေးအတွက် NLD ပါတီကို လိုသလို အသုံးချမှာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
 
“ဒီလိုပဲ လိမ်လာတဲ့ဟာ နှစ်ပေါင်းလည်း များပြီ။ ခံရတဲ့သူနဲ့ လုပ်တဲ့သူပြောင်းတာပဲကွာတယ် ၂ဝဝ၈ အောက်မှာ ရွေးကောက်ပွဲ နဲ့ ဝင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ပြုပြင်မယ်လို့ သူတို့ ယုံကြည်မှုနဲ့ သူတို့ လုပ်ခဲ့တဲ့ကိစ္စ အခု အဖြေထွက်သွားပြီလေ။ လူတော်တော်များများ ပါတီက စွန့်ခွာသွားကြရတယ် ဒီကိစ္စပေါ်မှာ သဘောထား ကွဲလွဲပြီးတော့။ ရန်သူက ဒါကို လိုချင်တာလေ။ဒီချိန်မှာ ရွေးကောက်ပွဲတို့ ဘာတို့ဆိုတာ ရန်သူက အကျပ်အတည်း ကြီးလာလို့ ဒီဖဲကို ထုတ်သုံးတာ။ နောက်ဆုံး အကြပ်အတည်း သူတို့ ထွက်ပေါက်မရှိတဲ့ အချိန်ကျရင် ရွေးကောက်ပွဲဆိုတဲ့ ဖဲကို ထုတ်သုံးမယ်။ ပြန်လည်ရင်ကြားစေ့ရေးတို့ ဘာတို့ လာမယ်။ အဲ့ဒီလို လာလို့ရတဲ့ သူကလည်း ရှိနေတယ်။ လောလောဆယ် ဒေါ်အောင်ဆန်း စုကြည်ပဲ။ ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံး ဂျိုကာဖဲပဲ။ ရန်သူက ဒီဖဲကို ထုတ်သုံးဦးမှာပဲ”
 
လက်ရှိအခြေအနေမှာ NLD ပါတီအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်အတွင်း ရောက်မသွားအောင် ပြည်သူလူထုနဲ့ တစ်သားတည်းရှိဖို့လိုတယ်လို့လည်း ဦးသန်းနိုင်က ပြောပါတယ်။
ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။