အခြေခံပညာကဏ္ဍ ပုံမှန်ပြန်ဖြစ်ဖို့ စစ်ကောင်စီကြိုးပမ်းမှု အလုပ်ဖြစ်မလား

2022.05.20
အခြေခံပညာကဏ္ဍ ပုံမှန်ပြန်ဖြစ်ဖို့ စစ်ကောင်စီကြိုးပမ်းမှု အလုပ်ဖြစ်မလား ရန်ကုန်မြို့ လသာ (၁) မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)
Photo: RFA

စစ်ကောင်စီဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ပညာရေးကဏ္ဍ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီဆိုတာ ပြသဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်ကစပြီး နိုင်ငံအနှံ့က အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောင်းတွေပြန်ဖွင့်ခဲ့ပေမယ့် Covid-19 ကူးစက်ပျံ့နှံ့မှု၊ မလုံခြုံမှုနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေကြောင့် ကျောင်းတက်သူဦးရေ နည်းပါးခဲ့ပါတယ်။

ဒီနှစ်မှာလည်း ကလေးတွေကို ကျောင်းထားဖို့မရှိဘူးလို့ ရန်ကုန်တိုင်း မြောက်ဥက္ကလာမှာ နေထိုင်တဲ့ မအေးမိက RFA ကို ပြောပါတယ်။

"ကျောင်းက မအပ်ဘူး အစ်မတို့က၊ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ကလေးတွေကို ဓားစာခံလုပ်မှာစိုးလို့။ ဓားစာခံဆိုတာက သူတို့ ပြဿနာဖြစ်တဲ့အခါကျရင် ကလေးတွေကို ကျောင်းမှာ ဝိုင်းထားတာတို့၊ ဘာတို့ ကလေးတွေကို ဒုက္ခပေးမှာစိုးလို့။ ကျောင်းသွားထားမယ်ဆိုရင်တော့ စိုးရိမ်မှုရှိတယ်။ ဒါကြောင့်မို့လို့ ကျောင်းသွားထားဖို့ကို စဉ်းစားကြပါလို့ ပြောချင်တယ်။ ကိုယ်တွေကတော့ မထားဘူး၊ တူလေးကိုတော့ အွန်လိုင်းကနေ စာသင်တယ်"

ငွေကြေးခက်ခဲတဲ့ မိဘတွေကတော့ သူတို့ရဲ့ သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ မထားနိုင်ပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းမထားချင်ပေမယ့် သားသမီးတွေရဲ့ ပညာရေးအတွက် ရွေးချယ်စရာမရှိဘူးလို့ ဒလမြို့နယ်မှာ နေထိုင်တဲ့ မဝေဝေက ပြောပါတယ်။

"အစ်မတို့အနေနဲ့ကျပြန်တော့လည်း သူများတွေလို ပုဂ္ဂလိကကျောင်း မထားနိုင်ဘူး။ ပျဉ်းမျှအားဖြင့် ပုဂ္ဂလိက ကျောင်းထားမယ်ဆိုရင် ပထမဦးဆုံးဝင်တဲ့ အကြိမ်မှာတင် ကျောင်းလခရယ်၊ ဝတ်စုံကြေးရယ်၊ နောက် စာအုပ်ဖိုး ဘာညာပေါ့။ တစ်သိန်းလောက် ကုန်မယ်။ တစ်သိန်းဆိုတာက အစ်မတို့လို အခြေခံလူတန်းစားအတွက်ကျတော့ အဆင်မပြေဘူးပေါ့နော်။ အဲလိုကျတော့ အစိုးရကျောင်းလေးပဲ ထားချင်တယ်"

ကျောင်းသားမိဘတွေကတော့ သူတို့ရဲ့ကလေးတွေ ပညာရေးနှောင့်နှေးမှုတွေ ရှိလာ နိုင်တဲ့အပေါ် စိုးရိမ်နေကြပါတယ်။ ဒါကြောင့် စစ်ကောင်စီကို မထောက်ခံပေမယ့် ကလေးတွေရဲ့ ပညာရေးအတွက် ဒီနှစ်မှာ ကျောင်းပြန်တက်မယ့် ကျောင်းသား အရေအတွက် များနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ခန့်မှန်းပါတယ်။

"ကိုဗစ်ကာလရော၊ အာဏာသိမ်းကာလရော တော်တော်ကြာသွားတော့။ သူတို့ အသက်တွေ အရမ်းကွာသွားတဲ့အတွက်မို့လို့ ဒီနှစ်မှာတော့ တချို့တလေ ပြန်တက်ကြမယ်လို့ ထင်ပါတယ်။ ကလေးတွေက အသက် ရှစ်နှစ်ကို Grade 1 ဆိုတော့ နောက်ထပ် ၁၂ နှစ်လောက် ထပ်တက်ရမှာဆိုတော့ အသက် ၂၀ ကျော်တဲ့အထိပေါ့။ အခုတက်ရင်တောင်မှ ကလေးက အသက် ၂၀ ကျော်မှ အထက်တန်းအောင်မှာ။ တကယ်လို့ အခုမတက်ဘူးဆိုရင် အသက် ၂၀ ကျော်တောင် အထက်တန်း မအောင်တော့ဘူးဆိုတော့ သူတို့က နည်းနည်း စဉ်းစားတာပေါ့နော်။ ထားတော့ မထားချင်ဘူး။ ဆူပူပြီးတော့၊ မငြိမ်းချမ်းတဲ့အချိန်မှာ ကျောင်းမထားချင်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေးလွတ်လပ်ခွင့်မရှိတဲ့ အချိန်မှာ ကျောင်းမထားချင်ဘူး။ ကလေးရဲ့ အသက်အရွယ် အပိုင်းအခြားအရ ထားမှဖြစ်တော့မယ်ဆိုပြီး စဉ်းစားလာကြတာ"

တစ်ချိန်တည်းမှာလည်း စစ်ကောင်စီရဲ့ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ပညာမသင်ကြဖို့ လူထုအကြား စည်းရုံးလှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

တိုင်းပြည်ပုံမှန်ပြန်ဖြစ်နေပြီဆိုတာ ကမ္ဘာကို လှည့်စားဖို့အတွက် စစ်ကောင်စီက ကျောင်းတွေဖွင့်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားတာဖြစ်လို့ ကျောင်းမတက်ဖို့ လှုံ့ဆော်နေတာလို့ တ.က.သ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။

"စကစရဲ့ ကျောင်းတွေပြန်ဖွင့်မယ့် ရည်ရွယ်ချက်ပေါ့၊ ကလေးတွေကို ကျောင်းပြန်တက် စေချင်တယ်၊ ပညာ ပြန်တတ်စေချင်တယ်ဆိုတဲ့ စိတ်ထက် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ အတွက်ကို နိုင်ငံရေးကစားကွက် တစ်ခုအနေနဲ့ ဖန်တီးနေတဲ့ အခင်းအကျင်းတွေလည်း ရှိနေတယ်ဆိုတာ မိဘပြည်သူများ ကိုယ်တိုင်အသိပဲ ဖြစ်ပါတယ်။ အဲတော့ ဒီလို အခင်းအကျင်း၊ ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့ ကလေးသူငယ်တွေကို၊ ကိုယ့်ရဲ့ အခြေခံပညာ ကျောင်းသားတွေကို ကျောင်းထဲပို့တာက သူတို့အတွက် တကယ်ပဲ မှန်ကန်ကောင်းမွန်တဲ့ အခြေအနေ ရှိစေမှာလားဆိုတဲ့ ကိစ္စကတော့ မိဘ ပြည်သူတိုင်းရော၊ ကျောင်းသားတွေတိုင်းရော စဉ်းစားရမယ့် အခြေအနေ ဖြစ်ပါတယ်"

education
စစ်တွေမြို့ အ.ထ.က (၂) မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဥ် (Photo: RFA)

အခုလိုလှုပ်ရှားမှုတွေကြောင့် မနှစ်က ကျောင်းတက်သူ အတော်လေးနည်းခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မနှစ်က အခြေခံပညာ ကျောင်းတွေမှာ ကျောင်းတက်သူဦးရေ ၃ ဒသမ ၃ သန်း သာရှိတယ်လို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းသားဦးရေ ၁၂ သန်းဝန်းကျင် ရှိတာကြောင့် မနှစ်က ကျောင်းမတက်တဲ့ ကျောင်းသားဦးရေဟာ ၉ သန်းကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က ပြောပါတယ်။

မေ ၁၉ ရက် မနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျောင်းမတက်ရေး လှုပ်ရှားမှုတွေကို တုံ့ပြန်ဝေဖန်သွားပါတယ်။

" ကျနော်တို့အနေနဲ့ကတော့ အသိပညာပေးတာနဲ့ သတိပေးတာပဲ လုပ်နိုင်တာပေါ့လေ၊ ပညာရေးဘယ်လောက် အရေးကြီးကြောင်း၊ ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်ကြောင်းဆိုတာ၊ သို့သော်လည်း တချို့ဟာတွေလည်း အဲလိုမျိုးပြောနေပေမယ့်လည်း သူ့သားသမီးသူတော့ ကျောင်းထားတာမျိုးတွေတော့ ရှိပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဒု-ဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ကတော့ စစ်ကောင်စီ လက်အောက် ကျောင်းမတက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပညာရေးနောက်မကျစေဖို့ အစီအစဉ်တွေ ရှိတယ်လို့ RFA ကို ပြောပါတယ်။

"အသက်အရွယ်ကြောင့် အတန်းနောက်ကျသွားမှာကို မစိုးရိမ်ဖို့ မိဘတွေကို ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုသွားမယ့် ပညာရေးစနစ်က ကလေးတွေ တော်လှန်ရေးအပြီးမှာ ၁၀ နှစ်က ဘယ်အတန်း ရောက်ရမယ်ဆိုပြီး ရောက်ရမယ့် အတန်းကို ရောက်အောင်တင်ပေးပြီး ၁၂ နှစ်၊ ၁၃ နှစ်က ခုနစ်တန်း၊ ရှစ်တန်း စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီကာလ ရောက်လာရင် ကလေးတွေကို နည်းနည်း ပြင်ဆင်ပေးပြီးမှ အသက်အရွယ်အလိုက် အတန်းရရှိရမယ့် စနစ်ဖြစ်မှာပေါ့နော်။ အရင်ခေတ်တုန်းကလို စာမေးပွဲ မအောင်လို့ မတက်ရဘူး။ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အတန်းတွေကို ဒီကလေးတွေ ရရှိအောင် လုပ်ပေးမှာ ဖြစ်ပါတယ်"

NUG စိုးမိုးထားတဲ့ နယ်မြေတွေမှာတော့ CDM ဆရာ၊ ဆရာမတွေပါဝင်တဲ့ နွေဦး စာသင်ခန်းတွေကို မြို့နယ်အလိုက် ပအဖ အဖွဲ့တွေက ဦးစီးဖွင့်လှစ်သင်ကြားနေသလို အွန်လိုင်းပညာရေးတွေကိုလည်း ဖွင့်လှစ်သင်ကြားနေပါတယ်။

စစ်ကောင်စီကလည်း CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးတာ အပါအဝင် သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ပညာရေးကဏ္ဍကို ကောင်းကောင်းလည်ပတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အခြေခံပညာက CDM ဆရာ၊ ဆရာမတွေကို ပြန်လည် တာဝန်ထမ်းဆောင်ဖို့အတွက် မေလ ၁၇ ရက်မှာ စစ်ကောင်စီက ဖိတ်ခေါ်စာထုတ်ပြန်ခဲ့ပါတယ်။

မနှစ်ကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်းနီးပါးကို စစ်ကောင်စီက အလုပ်က ရပ်စဲတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။