စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးရဲ့ ညီဖြစ်သူ စစ်ကြောရေးမှာ သေဆုံး

နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
2021.05.25

စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဒု-ဝန်ကြီးလည်း ဖြစ်၊ ရဲချုပ်လည်း ဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ ညီအရင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးမိုးလှိုင် ခေါ် ကိုမဲကြီးကို စစ်တပ်က ဖမ်းပြီး နှိပ်စက်မေးမြန်းတဲ့ဒဏ်ကြောင့် နှစ်ရက်အတွင်း သေဆုံးသွားပါတယ်။ မေလ ၂၅ ရက် နေ့လယ်မှာတော့ မိသားစုကလွဲလို့ ဘယ်သူမှလိုက်ပါပို့ဆောင်ခွင့်မရပဲ မင်္ဂလာဒုံ စစ်သင်္ချိုင်းမှာ မီးသဂြိုဟ်လိုက်ရပါတယ်။

သူဟာ ပဲခူးမြို့ ဘုရားကြီးနား ဇောင်းတူမှာ ပရဟိတစာသင်ကျောင်းဖွင့်ထားတဲ့အတွက် အဲဒီပဲခူးမြို့မှာ မေလ ၂၂ ရက်နေ့က အဖမ်းခံလိုက်ရပါတယ်။ ၁ ရက်ကျော်အကြာ မေလ ၂၄ ရက်မှာ သူ့အလောင်းကို လာကြည့်ဖို့ မိသားစုကိုအကြောင်းကြားတာလို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

မေလ ၂၅ ရက်နေ့ နေ့လယ်မှာ ကိုစိုးမိုးလှိုင်ရဲ့ကျန်ရစ်သူ ဇနီး မမူယာကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူ့ခင်ပွန်းရဲ့ အလောင်းကို ရန်ကုန်နေအိမ်ကို ပြန်သယ်ချင်ပေမယ့် စစ်တပ် ကသယ်ခွင့်မပေးပဲ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာပဲ မီးသဂြိုဟ်ခွင့်ပြုတယ်လို့ ပြောပါတယ်။

သူ့ကို ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်လိုသေဆုံးသွားလဲဆိုတာနဲ့ပတ်သက်လို့ သိရအောင် စစ်ကောင်စီ ရဲ့ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၅ ရက်နေ့ညနေမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ကိုစိုးမိုးလှိုင်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ဓာတုဗေဒ ဂုဏ်ထူးတန်းကျောင်းသားဘဝနဲ့ ရန်ကုန်တက္ကသိုလ်ကနေ ပါဝင်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင် တော်လှန်ရေးအတွက် ABSDF ကျောင်းသားတပ်မတော်ကို သွားခဲ့ပြီး၊ သိပ်မကြာခင်နှစ်မှာ ပြည်တွင်း ပြန်ရောက်ခဲ့ပါတယ်။ ၁၉၉၁ ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေး နိုဘယ်ဆုရတာကို ထောက်ခံဆန္ဒပြတဲ့ ကျောင်းသားလှုပ်ရှားမှာ ပါဝင်လို့ ထောင် ၁၅ နှစ်ချခံရပြီး အင်းစိန်ထောင်နဲ့ သာယာဝတီထောင်မှာ ဆယ်နှစ်ကျော်နေခဲ့ရပါတယ်။

ထောင်က ပြန်လွတ်တဲ့နောက် ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေခဲ့ပါတယ်။ NLD အစိုးရဖြစ်လာတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူ့အခြေပြု ခရီးသွားလုပ်ငန်းကွန်ရက်ဖော်ဆောင်ရေးကို လုပ်ကိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ စစ်ကိုင်းတိုင်းမှာ အရင်က လူသူအရောက်အပေါက်နည်းခဲ့တဲ့ ဗန်းမောက်မြို့နယ်ထဲက ဇလုံတောင်စေတီတော်ဖွံ့ဖြိုးရေးကိုလည်း ဦးဆောင်အကောင်အထည်ဖော်ခဲ့ပါတယ်။

မသေဆုံးခင် နှစ်ပိုင်းတွေမှာတော့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေရဲ့သားသမီးတွေပညာရေးအတွက် ဝင်္ကဘော် နိုင်/ကျဉ်းပညာရေး ကွန်ရက် ထူထောင်ခဲ့ပါတယ်။ အခုသေဆုံးချိန်မှာ ကိုစိုးမိုးလှိုင်ဟာ အသက် ၅၃ နှစ်ရှိပြီလို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။ ကိုစိုးမိုးလှိုင်ဟာ သူ့အကိုဖြစ်သူက စစ်တပ်အသိုင်းအဝိုင်းမှာ ရာထူးကြီးကြီးရှိနေတာကို ထုတ်ဖော်ပြောဆိုတာ၊ အသုံးချတာ၊ ကိုယ်ကျိုးရှာတာတွေ တခုမှ မလုပ်ခဲ့ဘူးလို့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

အခုတကြိမ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကိုစိုးမိုးလှိုင်လို အဖမ်းခံရပြီး စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ဒဏ်ကြောင့် ရက်ပိုင်းအတွင်းသေဆုံးရတဲ့သူ အနည်းဆုံး ၂၁ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ သိရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးနှစ်ယောက် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။