ဂန့်ဂေါမြို့နယ်က စန်းမြို့ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

2022.01.21
ဂန့်ဂေါမြို့နယ်က  စန်းမြို့ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ ၂၀၂၁ ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်တပ် မီးရှို့ခဲ့တဲ့ စန်းမြို့ရွာကို တွေ့ရစဥ်
Photo: YDF

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စန်းမြို့ရွာကို ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ် သားတွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၁၃၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၀ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ပထမအကြိမ် အလားတူ နေအိမ် ၂၈ လုံး မီးရှို့ခံခဲ့ရတဲ့အတွက် အခုဆိုရင် အိမ်ခြေ ၁၉၀ ကျော်ရှိတဲ့ စန်းမြို့ရွာမှာ အိမ်ခြေ ၃၂ လုံးခန့်သာ ကျန်တော့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ဖြစ်ရပ်မှာ စစ်ကောင်စီတပ်သားတွေဟာ ရွာကို ပစ်ခတ် ဝင်ရောက်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"မြောက်ဘက်ကနေ အင်အား ၄၀၊ ၅၀ လောက်ရှိမယ် လက်နက်ကြီးတွေနဲ့ တရစပ်ထုပြီး ဝင်လာတာဗျ။ လက်နက်ကြီးတွေနဲ့ ထုတယ် မောင်းပြန်တွေ တရစပ်ပစ်တယ်။ အဲဒီမှာ ရွာသားတွေ တောင်ဘက်ကို ထွက်ပြေးရတာဗျ"

အဲဒီနေ့က စန်းမြို့ရွာကိုဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့အကြား တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် စန်းမြို့ရွာထဲကို ဝင်ရောက်ပြီး မီးရှို့ခဲ့ တာဖြစ်သလို ကျေးရွာသားတစ်ဦးလည်း ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဂန့်ဂေါမြို့နယ် ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကုက္ကား စတဲ့ကျေးရွာတွေနဲ့ နယ်မြေထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာနဲ့ ကျောက်ပြုတ်ရွာတွေ ဘက်မှာ နေရာယူပြီး အနီးအနားကရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင် နေတာလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မကွေး၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်မှာ အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်ရပ်တွေ မကြာခဏပေါ်ပေါက်နေတာတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။

စန်းမြို့ရွာက နေအိမ် မီးရှို့ခံရတဲ့အထဲပါဝင်တဲ့ ကျေးရွာသားတစ်ဦးကတော့ နေအိမ် ဆုံးရှုံးရတဲ့အတွက် စိတ်ထိခိုက်နေရတယ်လို့ ပြောပါတယ်။

"ခံစားရတာတော့ ဘယ်လိုပြောရမလဲ ကျနော့်အသက် ၃၃ နှစ်ရှိပြီ။ ကျွန်တော်အလုပ် လုပ်ပြီး ကြိုးစားရှာထားတာလေးကို စုထားတာ။ အိမ်ဆောက်ပြီးတာ တစ်နှစ်မပြည့် သေးဘူး။ အိမ်ဆောက်ပြီးလို့ တစ်နှစ်မပြည့်ခင်မှာပဲ မီးရှို့ခံရတာ။ ကိုယ်ဆောက်ပြီးလို့ ဘယ်လောက်မှ မကြာသေးပဲ ဒီလိုဖြစ်တာဆိုတော့ ကိုယ်ကြိုးစားသမျှ ဆုံးရှုံးသွားရတာ ဆိုတော့ တော်တော်လေးပဲ ခံစားရတယ်ဗျ"

သူ့အိမ်တန်ဖိုးက သိန်း ၁၀၀ နဲ့ ၁၅၀ ဝန်းကျင်ရှိပြီး အခုတော့ တစ်အိမ်လုံး ဘာမှပြန်မရဘူး လို့ ပြောပါတယ်။

နေအိမ်တွေမီးရှို့ခံခဲ့ရတဲ့ စန်းမြို့ရွာသား တစ်ထောင်ခန့်ဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး ဒီနေ့အထိ နီးစပ်ရာကျေးရွာတွေနဲ့ ဘေးလွတ်ရာတောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

"ထိတ်ထိတ်လန့်လန့်နဲ့ နေရတဲ့အတွက် အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းချင်တယ်"

ကျေးရွာသားတွေဟာ အခုအချိန်မှာ ပြန်ရမယ့်အိမ်လည်း မရှိတော့သလို အဝတ်အထည်နဲ့ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ နေအိမ် မီးရှို့ခံရတဲ့အထဲပါဝင်တဲ့ စန်းမြို့ရွာသူတစ်ဦးက ပြောပါတယ်။

"အိမ်ကမရှိတော့ဘူးဆိုတော့အိမ်ကိုပြန်လိုက်တဲ့အချိန်မှာ အရမ်းငိုချင်ပါတယ်ရှင့်။ ငိုချင်တာရော စိတ်တိုတာရော။ လောလောဆယ် အခက်အခဲကတော့ အများကြီး ရှိတယ်ရှင့်။ ကျွန်မတို့မှာ အိမ်လည်းနေစရာမရှိတော့ တောထဲမှာ တဲထိုးပြီးနေရမယ့် အနေအထားရှင့်။ အဲအချိန်မှာ ကျမတို့က မိုးကာတွေလည်း မယူခဲ့ဘူး။ အဲဒါတွေက မီးလောင်တဲ့ထဲပါတာဆိုတော့ မိုးကာတွေ မပါလာဘူး။ ခြုံစောင်တွေလည် နည်းနည်း ပါးပါး သယ်ချင်ပေမယ့် သယ်လို့ကလည်း နည်းနည်းပဲ ပါလာတယ်ရှင့်။ စားဖို့သောက် ဖို့တွေလည်း သိပ်ပြီး မဖူလုံပါဘူးရှင့်"

မီးရှို့ခံရတဲ့နေ့က ဘေးလွတ်ရာကို ပြေးနေရတာကြောင့် အိမ်မီးထဲပါသွားတာကို ဖုန်းလိုင်း မိတဲ့နေရာရောက်မှ သိခဲ့ရတာလို့ဆိုပါတယ်။

သူ့ရဲ့အိမ်ဟာ အုတ်တိုက်ပျဉ်ထောင်ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဝန်းကျင် ရှိတယ်လို့ ပြောပါတယ်။

(၂၀၂၁ ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်တပ်မီးရှို့ခဲ့တဲ့ စန်းမြို့ရွာက နေအိမ်ကို တွေ့ရစဥ်) Photo: YDF
(၂၀၂၁ ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်တပ်မီးရှို့ခဲ့တဲ့ စန်းမြို့ရွာက နေအိမ်ကို တွေ့ရစဥ်) Photo: YDF


ဒေသခံတွေဟာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကပင် ကျီးလန့်စာစားဘဝနဲ့ ဖြတ်သန်း နေကြရတာကြောင့် အာဏာရှင်စနစ် မြန်မြန်ချုပ်ငြိမ်းစေချင်ကြောင်း အမည်မဖော်လိုတဲ့ စန်းမြို့ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"အဓိကပြောချင်တာတော့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းမှပဲ ကျတော်တို့ ကောင်း ကောင်းအိပ်ရမယ်။ ကောင်းကောင်းနေရမယ်။ ကောင်းကောင်းစားရမယ်။ ဒီလိုမှ မဟုတ်ရင် ကျီးလန့်စာစားနဲ့ ကိုယ့်အသက်ကိုယ်တောင် မလုံခြုံဘဲနဲ့ ထိတ်ထိတ် လန့်လန့်နဲ့ နေရတဲ့အတွက် အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းချင်တယ်"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကို ပြည်သူတွေက ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေကြတာပါ။

အခုလိုတိုက်ခိုက်ရင်း ကျေးရွာတွေက နေအိမ် မီးရှို့ခံရမှုတွေကလည်း မကြာခဏ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်တပ်က အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက် နေ့အထိ ချင်း၊ ကယား၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ် ကိုးခုမှာရှိတဲ့ ကျေးရွာပေါင်း ၉၀ က လူနေအဆောက်အအုံ ၁၉၆၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ RFA ကို ဇန်နဝါရီလ ၆ ရက်နေ့က ပြောဆိုထားပါတယ်။

အဲဒီအထဲက မကွေးတိုင်း တစ်တိုင်းတည်းကပဲ အိမ်ခြေ ၄၀၀ ကျော်အထိ မီးရှို့ခံရပါတယ်။  

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။