ရေဦးမှာ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခံရသူ ငါးဆယ်ကျော်ရှိလာ

RFA Burmese
2024.05.04
ရေဦးမှာ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခံရသူ ငါးဆယ်ကျော်ရှိလာ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) အတွက် ရွေးချယ်ခံထားရသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကတွေ့ရစဥ်။
Telegram/Pyi Thu Sitt

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မတ်လကနေ ဧပြီလကုန်အထိ နှစ်လအတွင်း စစ်မှုထမ်းဖို့ဆိုပြီး အမျိုးသားငါးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မတ်လကတည်းက မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး ဧပြီလ ၂၉ ရက်နေ့ကလည်း မြို့ပေါ်ရပ်ကွက်ငါးခုက အမျိုးသားနှစ်ဆယ်ခန့်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့နာမည်စာရင်းပါပြီး အုပ်ချုပ်ရေးမှူးတွေကို ငွေကြေးပေးဆောင်ထားသူတွေကိုပါ ဖမ်းခေါ်သွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရေဦးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီရက်ပိုင်းက နေ့ခင်းတောင် ဆွဲနေတာ။ အရင်ရက်က ညမိုးချုပ်တဲ့အချိန် ၉ နာရီ၊ ၁၀ နာရီလောက် ဆွဲကြတာ။ သူတို့က စာရင်းတွေနဲ့ စာရင်းတွေနဲ့ ဆိုတာက တချို့ဆိုရင် ပိုက်ဆံပေးပြီးသားလို့ပြောတယ် သူဌေးသားသမီးတွေပေါ့။ စာရင်းပါပြီးသားမလို့ မလိုက်ရအောင် ပိုက်ဆံပေးထားကြတာ။ ပေးထားရလည်း အဲဒီပေးထားတဲ့လူတွေပါ ဆွဲတာ"

စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားသူတွေထဲမှာ အသက် ၁၈ နှစ်အထက် လူငယ်တွေအပြင် လူလတ်ပိုင်း အိမ်ထောင်သည်အမျိုးသားတွေပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူအများစုဟာ မြို့ပေါ်မှာနေထိုင်သူတွေဖြစ်ပြီး သူတို့ကို အထက (၁) ကျောင်းဆောင်မှာ ထိန်းသိမ်းထားသလို မိသားစုဝင်တွေ သွားရောက်တွေ့ဆုံပေမယ့်လည်း တွေ့ခွင့်မရကြဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ (Photo: Facebook/ We Love Ye-U)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ (Photo: Facebook/ We Love Ye-U)

ရေဦးမြို့နယ်ကနေ စစ်မှုထမ်းဖို့ လူပေါင်းရှစ်ဆယ်ခန့် ပို့ဆောင်ဖို့ စစ်ကောင်စီဘက်က လျာထားတာဖြစ်ပြီး လက်ရှိ ဖမ်းဆီးခံရသူတွေကိုလည်း အပတ်စဉ် (၂) အတွက် ပို့ဆောင်ဖို့ စီစဉ်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီ အခုရက်ပိုင်း ပို့ဆောင်ဖို့ပြင်ဆင်နေတယ်လို့ ရေဦးမြို့အခြေစိုက် People's Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

"ရေဦးမြို့ပေါ်က အထက (၁) ကျောင်းဆောင် အဟောင်းထဲမှာ သူတို့ဖမ်းဆီးထိန်းသိမ်းထားတယ်ပေါ့နော်။ ဆံပင်တွေဘာတွေ ညှပ်ပေးပြီးတော့ အကုန်လုံးကို ပုံစံပြောင်းပြီး အယောက် ၇၀၊ ၈၀ မရရင်တောင် အခုလက်ရှိ ရထားတဲ့သူတွေကို နမခကို ပို့မယ်လို့ ကျွန်တော်တို့ သတင်းအတိအကျ ရထားတယ်။ ဒါက အပတ်စဉ် (၂) အတွက် ပထမဆုံးအကြိမ်ပို့မယ့်ဟာပဲဗျ"

စစ်မှုထမ်းဖို့နာမည်စာရင်းမှာပါတဲ့ ရေဦးမြို့‌ပေါ်က အမျိုးသားအများစုဟာ ဘေးလွတ်ရာရွာတွေကို ထွက်ပြေးသွားကြသလို ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဝင်ရောက်လာသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

"ရေဦးမြို့ပေါ်က အထက (၁) ကျောင်းဆောင် အဟောင်းထဲမှာ သူတို့ဖမ်းဆီးထိန်းသိမ်းထားတယ်ပေါ့နော်"

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီထံမှာ စစ်မှုမထမ်းလိုတဲ့ နိုင်ငံတစ်ဝန်းက လူပေါင်းတစ်သောင်းကျော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဆက်သွယ်အကြောင်းကြားလာတယ်လို့ ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ NUG ရဲ့ (၃) နှစ်ပြည် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောထားပါတယ်။

ဒါ့အပြင် ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ဧပြီလ ၁၃ ရက် ထုတ်ပြန်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်ငါးထောင်ခန့်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) အတွက် စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။