ပြည်တော်ပြန်နှစ်ဦးရဲ့ စစ်မှုထမ်း ခရီးကြမ်း

RFA Burmese
2025.03.21
ပြည်တော်ပြန်နှစ်ဦးရဲ့ စစ်မှုထမ်း ခရီးကြမ်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ကော့သောင်းမြို့ နယ်စပ်ဂိတ်မှ လွှဲပြောင်းပေးခဲ့သည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Ministry of Information

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ကို ပြန်လည်ပို့ဆောင်ချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မကြာခဏ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီထဲမှာ အသက် ၃၀ ကျော်အရွယ် ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်းတို့ နှစ်ဦးလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့တဲ့ သူတို့နှစ်ဦးဟာ ရာဘာစေးခြစ်တာနဲ့ ကော်ဆန်းလို့ခေါ်တဲ့ ဆေးသုတ်တဲ့ အလုပ်ကြမ်းတွေကို လုပ်ကိုင်ကြရတာပါ။ သူတို့နှစ်ယောက်ရဲ့ဝင်ငွေက တစ်ရက်ကို ဘတ် ၃၀၀ ကနေ ၄၀၀ ဝန်းကျင်အထိပဲ ရှိပါတယ်။

မိသားစုစားဝတ်နေရေးကြောင့် ထိုင်းနိုင်ငံမှာတရားမဝင် အလုပ်လုပ်ကိုင်နေရတဲ့ သူတို့ကို လုပ်ငန်းခွင်အတွင်းမှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ရနောင်းအချုပ်ထောင်မှာ ရက်ပေါင်း လေးဆယ်လောက် ချုပ်နှောင်ထားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပို့ဆောင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်နဲ့အတူ မြန်မာပြည် ပြန်ပို့ခံရတဲ့ အမျိုးသား ခုနစ်ဆယ်ကျော်ရှိပြီး အားလုံးကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ကော့သောင်းအခြေစိုက် ခလရ (၄၃၁) တပ်ရင်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ ကိုနိုင်ဝင်းထွန်းက ပြောပါတယ်။

"လွတ်ခွင့် (ငြင်းခွင့်) မပေးဘူး။ စစ်တပ်ထဲ တစ်ခါတည်းထည့်တာ။ ကိုယ်တွေမှာကျ စစ်တပ်ထဲ တစ်ခါတည်းထည့်ပြီဆိုတော့ စိုးရိမ်စိတ် တအားများတာပေါ့နော်။ ကိုယ်တွေမှာက စဉ်းစားပြီးသားလေ၊ လုံးဝလွတ်လမ်းမရှိတော့ဘူး။ ဆေးကလည်း အောင်တာပဲ"

သူတို့ အားလုံး ဆေးစစ်ပြီး တစ်ပတ်ခန့်အကြာမှာ ခလရ (၄၃၁) ကနေ မြိတ်မြို့နယ်၊ ရွှေဒူးရွာမှာရှိတဲ့ တိုက်ခိုက်ရေးနဲ့ စည်းရုံးရေး သင်တန်းကျောင်းကို ပို့လိုက်ပြီး အဲဒီမှာ စစ်သင်တန်း ဆယ်ရက်ကျော် တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ထွက်ပြေးလာကတည်းက တိုင်ပင်ပြီးသား။ ငါတို့ အခုလည်း သေရမှာပဲ၊ နောက်လည်း သေရမှာပဲ။ တကယ်လို့ပြေးနိုင်လို့ရှိရင် ကူညီမဲ့သူရှိရင် ငါတို့ကလွတ်နိုင်တယ်"

အဲဒီသင်တန်းကျောင်းကနေ ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်းတို့ နှစ်ဦး အပါအဝင် ၁၆ ဦး လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေပဲ ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့တာလို့ ကိုသက်နိုင်ထွေးက ပြောပါတယ်။

"ကျွန်တော်တို့ ပထမထွက်ပြေးလာကတည်းက တိုင်ပင်ပြီးသား။ ငါတို့ အခုလည်း သေရမှာပဲ၊ နောက်လည်း သေရမှာပဲ။ တကယ်လို့ပြေးနိုင်လို့ရှိရင် ကူညီမဲ့သူရှိရင် ငါတို့ကလွတ်နိုင်တယ်။ တကယ်လို့ သူတို့က (စစ်တပ်) က လိုက်လာပြီး ပစ်ရင်လည်း သေနိုင်တယ်။ ကျွန်တော်တို့မှာ ၁၂ ယောက်ဗျာ။ အဲဒီတော့ သူတို့ဘက်က သုံး လေးယောက်နဲ့ လိုက်လာမယ်ဆိုရင်လည်း ငါတို့ ပြန်တွန်းလှန်မယ်ဆိုတဲ့စိတ်၊ အဲဒီလိုအနေအထားပေါ့။ ကြောက်စိတ်ကတော့ လုံးဝမရှိဘူး။ တစ်ခါတစ်ရံကျရင်တော့ စိုးရိမ်တယ်။ ငါတို့ကို ပြန်ဖမ်းမိသွားရင်ဆိုတဲ့အတွေးကိုတော့ လုံးဝဖျောက်ထားတယ်"

အဲဒီသင်တန်းကျောင်းမှာ စစ်သင်တန်း အပြင်းအထန် လေ့ကျင့်ခဲ့ပေးသလို သင်တန်းပြီးသူတွေကိုလည်း ရှေ့တန်းစစ်မျက်နှာပြင်တွေနဲ့ မြိတ်ကျွန်းစုဘက်ကို ပို့ဆောင့်လေ့ရှိတယ်လို့ ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက် ခဲ့တဲ့ ကိုသက်နိုင်ဦးတို့ အဖွဲ့ထဲက လေးဦးဟာ စစ်ကောင်စီတပ်သားတွေက ပြန်ဖမ်းမိသွားပြီး နှိပ်စက်ညှဉ်းပန်းခံနေရတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပစဉ်။ (Photo: Ministry of Information)

တောထဲမှာ ပုန်းရှောင်နေရတဲ့ ကာလတွေမှာလည်း စစ်ကောင်စီတပ်တွေ ပြန်ဖမ်းမိသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်ခဲ့ရတယ်လို့ ကိုသက်နိုင်ထွေးက ပြောပါတယ်။

"ခဏနေလို့ ဖျောက်ဖျောက်အသံကြားရင် ထကြည့်လိုက်၊ တောထဲဆိုတော့ ခွေးဟောင်သံကြားရင် ကြည့်လိုက်နဲ့ ဖုန်းလာလို့ရှိရင် သူတို့ကနည်းနည်းပြောရင် ကျွန်တော်ကပိုပြီးတော့ ပြောရတယ်။ အန္တရာယ်က တအားများတဲ့အခါကျတော့ ဘယ်လိုပြောမလဲ နည်းနညိးလိုတာထက် ပိုပြီးပြောတယ်။ တစ်ရက်တစ်ရက်ကို မကုန်နိုင်ဘူးပေါ့။ တစ်ညတစ်ညဆိုလည်း မိုးမလင်းသေးဘူးလား၊ မိုးမလင်းသေးဘူးလားနဲ့ ထပြီးကြည့်ရတယ်။ တော်တော်လေးကို ပြောပြလို့မတတ်အောင်ပဲပေါ့"

သူ့မှာ ၇ လအရွယ် နဲ့ ၂ နှစ်အရွယ် သားသမီးနှစ်ဦး ရှိပြီး၊ ကလေးနှစ်ဦး နဲ့ ဇနီးဖြစ်သူတို့ ထိုင်းနိုင်ငံဘက်မှာ ကျန်နေခဲ့ပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအတွက် အဓိကရုန်းကန်ပေးနေတဲ့ သူမရှိတော့တာကြောင့် သူတို့တွေ အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုသက်နိုင်ထွေးက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အဖမ်းဆီးခံ မြန်မာ ၂၅၀ ကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့

ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၂၃၀ ခန့်ရှိလာ

စစ်မှုထမ်းဆင့်ခေါ်ရေးမှာ ငွေကြေးမသမာမှုတွေ ရှိနေကြောင်း ဒုစစ်ခေါင်းဆောင်ဝန်ခံ


စစ်ကောင်စီတပ်ကတော့ စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပေမဲ့ ကိုသက်နိုင်ထွေးတို့ကတော့ လူသစ်စုဆောင်းဖို့ အတင်းအကျပ် စုဆောင်းခံလိုက်ရတာလို့ တုံ့ပြန်ပါတယ်။

အခုတော့ ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်းတို့ နှစ်ဦးလုံး မြိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ရောက်ရှိနေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်စရာမရှိတော့ပေမဲ့ မိသားစုနဲ့ ပြန်ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုကြပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်ကြသူတွေအနေနဲ့လည်း သတိနဲ့သွားလာကြဖို့၊ အတင်းအကျပ် စစ်မှုထမ်းစုဆောင်းခံရရင်လည်း လွတ်မြောက်အောင်ကြိုးစားပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ သူတို့နှစ်ဦးက တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။