အဖမ်းဆီးခံ မြန်မာ ၂၅၀ ကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့
2025.03.21

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို မတ်လ ၁၉ ရက်မှာ နေရပ်ပြန်ပို့လိုက်တယ်လို့ ရနောင်းလူဝန်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
ပြန်ပို့ခံရသူတွေထဲ အမျိုးသား ၂၁၆ ဦးနဲ့ အမျိုးသမီး ၃၄ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ကနေ ရေကြောင်းကတစ်ဆင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို ပို့ဆောင်ခဲ့တာပါ။
အဲဒီလိုပြန်ပို့ခံရသူတွေထဲက တချို့ကို စစ်ကောင်စီတပ်က သက်ဆိုင်ရာနေရပ်တွေကို ပြန်ခွင့်မပေးဘဲ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာတွေ ရှိနေတယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ကိုဆန်းတင်က RFA ကို ပြောပါတယ်။
“ကျွန်တော်က ထိုင်းမှာ Passport မရှိလို့ အဖမ်းခံရတာ။ သူတို့က ကော့သောင်းကို ပို့တယ်။ အဲဒီရောက်တော့ ရဲတွေရော၊ စစ်သားတွေရောက မင်းတို့စစ်မှုထမ်းရမယ်ဆိုပြီး ခေါ်တယ်။ မလိုက်ဘူးလို့ပြောတော့ မရဘူးဆိုပြီး ကော့သောင်းက (၂၆၂) တပ်ရင်းကို ပို့လိုက်တာ”
ကိုဆန်းတင်ဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလထဲမှာ မြန်မာဘက်ကို ပြန်ပို့ခံရပြီးနောက် ကော့သောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၂၆၂) မှာ စစ်မှုထမ်းဖို့ စုဆောင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ပလောက်မြို့ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံက နေရပ်ပြန်ပို့သူတွေကို စစ်မှုထမ်းဖို့ စစ်စုဆောင်းနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်လည်အပ်နှံတာမျိုးမလုပ်ဘဲ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ကူညီစောင့်ရှောက်ပေးကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံ ရနောင်းမြို့ကတစ်ဆင့် မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရသူ ၁၀၃၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။