မြန်မာနိုင်ငံသား နှစ်ရာကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့
2025.02.24

ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာ ဖမ်းဆီးပြစ်ဒဏ်ချခံရပြီးနောက် ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား အယောက် နှစ်ရာကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။
အမျိုးသား ၁၉၈ ဦးနဲ့ အမျိုးသမီး နှစ်ဦးကို ရနောင်းအကောက်ခွန် သင်္ဘောဆိပ်ကနေ စက်လှေ ၁၄ စင်းနဲ့ မြန်မာဘက်ကို လွှဲပြောင်းပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
နေရပ်ပြန်ပို့တဲ့ အခမ်းအနားကို ထိုင်းနိုင်ငံ ရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးအပါအဝင် ဌာနအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အခုလွှဲပြောင်းလိုက်သူတွေကို မြန်မာဘက်က ဆက်လက်ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကတော့ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄၀၅ ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေမှာ ပြန်လည်လက်ခံခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မြန်မာအပါအဝင် တရားမဝင်ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေက စစ်ဆေးဖမ်းဆီးတာတွေ ပိုများလာတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောထားပါတယ်။