ချင်းဒေသတိုက်ပွဲမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကိုပါ အသုံးပြုနေကြောင်း CDF ပြော
2024.12.06

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ နိုဝင်ဘာလ ၂၂ ရက်နေ့ကစလို့ ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေကိုပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်သား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာ စစ်မှုထမ်းသင်တန်းဆင်း ဆယ်ဦး ပါဝင်တယ်လို့ ချင်းဒေသကာကွယ်ရေး CDF ဟားခါးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
"စစ်မှုထမ်းဥပဒေနဲ့ဆွဲခေါ်တဲ့သူက ဖမ်းထားတဲ့အထဲမှာ ဆယ်ယောက် ပါပါတယ်။ ဒီဆယ်ယောက်ထဲမှာတော့ တစ်ယောက်က အရင်က ကျွန်တော်တို့နဲ့ အဆက်အသွယ်ရှိပြီးသား သူက ထွက်လာဖို့လုပ်ပေမဲ့ မထွက်နိုင်ဘူး ဖြစ်နေတယ်။ သူ့ကိုတော့ သုံ့ပန်းအနေနဲ့ မမြင်ဘဲနဲ့ CDM အနေနဲ့ သူ့ကို ဆောင်ရွက်ပေးပါတယ်ဗျ။ ဟုတ်ကဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ စဉ်းစားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အဲဒီလိုမျိုး စာရင်းကောက်ရင်းနဲ့ ပါသွားတာတော့ အဲလိုမျိုးတွေဆိုတော့လေ"
ချင်းပြည်နယ်က တိုက်ပွဲတွေအတွက် စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ပါ လူအင်အားတွေထပ်ဖြည့်နေပြီး အဲဒီအထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ချင်းပြည်နယ်က စစ်မြေပြင်ကို ပို့ဆောင်ခံရသူတွေထဲမှာ ရန်ကုန်မြို့က အသက် ၂၇ နှစ်အရွယ် ကိုနိုင်မင်းထက်လည်း ပါဝင်ပါတယ်။ သူဟာ အတင်းအကျပ် စစ်သားစုဆောင်းခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"၃ လပိုင်း ၂၇ ရက်နေ့မှာ တပ်မတော်နေ့မှာ သူ့ကို လာပြီးတော့ ရဲကားနဲ့ စစ်ကားနဲ့ လာခေါ်တာပေါ့။ လာခေါ်တဲ့အချိန်မှာ သူမရှိတော့ ညီမအဖေကို ဖမ်းခေါ်သွားကြတယ်။ ညည်းတို့တွေ အဲဒီလိုမလုပ်နဲ့ပေါ့၊ ဒါနိုင်ငံသားတိုင်း စစ်မှုထမ်းရမဲ့တာဝန်က ရှိပြီးသား။ ညည်းတို့ ဒီလိုလုပ်တာ၊ ညည်းတို့ မိသားစုပဲ ထိခိုက်မှာတဲ့ အကုန်လုံး။ အဲဒီလိုပြောပြီး အဖေကို ဖမ်းခေါ်သွားတယ်။ ပြီးတော့ သူ့ကို ဒီညလိုချင်တယ်၊ မတွေ့ရင် ညည်းအဖေကို ထောင်ထဲမှာ တွေ့ဖို့ ပြင်ထားပေါ့။ ထောင်ထဲကိုလည်း ညည်းတို့ လာတွေ့လို့ မရမှာတဲ့။ အဲဒီလို ပြောသွားကြတယ်"
ကိုနိုင်မင်းထက်ဟာ စစ်သင်တန်းတက်ပြီးတဲ့နောက် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ရှေ့တန်းစစ်မြေပြင်ကို ပထမဆုံး ပို့ဆောင်ခံရပြီးနောက် အဲဒီကနေ ဟားခါးမြို့ကို ဆက်လက် အပို့ခံခဲ့ရပြီး အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ရေးပြင်းထန်နေတဲ့ စစ်မြေပြင်တွေကို ပို့နေတာဟာ စစ်ကောင်စီတပ်ဘက်က အင်အားချည့်နဲ့နေတာကို ပြသနေတာလို့ ချင်း နိုင်ငံရေးလေ့လာသူ၊ ပြည်သူ့ရေးရာမူဝါဒ သုတေသီ လခဲ(ရ်) R. Lakher က ပြောပါတယ်။
"စစ်ကောင်စီဘက်က အင်အားချည့်နဲ့လာတာတာကို ရှင်းရှင်းလင်းလင်းနဲ့ ပြနေတာပဲလေ။ ဒါက ချင်းပြည်နယ်မှာပဲ မဟုတ်ဘူး၊ တခြား ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တခြား ပြည်မဘက် မကွေး၊ စစ်ကိုင်းမှာလည်း တွေ့ရတာပဲလေ။ ဒါကတော့ ဖုံးကွယ်လို့မရတဲ့ အမှန်တရားတစ်ခုပေါ့လေ။ စစ်ကောင်စီရဲ့ အင်အား ချည့်နဲ့လာပြီဆိုတာ အထောက်အထားနဲ့တကွ တွေ့ရတာပဲ"
ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းလေးခုကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလကုန်ပိုင်းက သိမ်းယူနိုင်ခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တွေက ပြောဆိုထားပါတယ်။
"ဒါကတော့ ဖုံးကွယ်လို့မရတဲ့ အမှန်တရားတစ်ခုပေါ့လေ။ စစ်ကောင်စီရဲ့အင်အား ချည့်နဲ့လာပြီဆိုတာ အထောက်အထားနဲ့တကွ တွေ့ရတာပဲ"
လောလောဆယ်မှာတာ့ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်နေပေမဲ့ သူတို့ရဲ့ ထိုးစစ်ကို ဖြတ်တောက်ထားနိုင်တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
"ဟားခါးနဲ့ ထန်တလန်ကြား လမ်းကြောင်းလုံခြုံရေးအတွက် ထားရှိတဲ့စခန်းတွေပေါ့နော်။ ဒါပေမဲ့ အခု ဟားခါးကနေ တက်လာတဲ့သူတွေကတော့ အဲဒီထိကို မရောက်နိုင်ဘူး။ သူတို့ဟားခါးမြို့ပြင်ကို မထွက်နိုင်ဘူး။ ကျွန်တော်တို့ တားဆီးနိုင်ခဲ့တယ်ပေါ့နော်။ အခုချိန်မှာတော့ ဟားခါးကနေ စစ်ကူပို့နိုင်တဲ့ အခြေအနေမရှိဘူး၊ ကျွန်တော်တို့က အဲဒီလို ဖြတ်တောက်နိုင်ခဲ့တယ်။ စစ်ကူပို့နိုင်တာမရှိဘူး။ ကျွန်တော်တို့ဘက်က ဖြတ်တောက်နိုင်ခဲ့တယ်။ ထန်တလန်မှာက အခု နှစ်နေရာ ရဲစခန်းဟောင်းနဲ့ NLD ရုံးဟောင်းကြီးက အဲဒါတော့ စခန်း တော်တော်လေး အခိုင်အမာ၊ တိုက်အိမ်ထဲမှာတည်ဆောက်ထားတာဆိုတော့ ကျွန်တော်တို့အတွက်က အဲဒါ အခက်အခဲရှိတာပေါ့နော်"
ဆက်နွှယ်သောသတင်းများ
ချင်းက မြို့နယ် သုံးခုမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ခြောက်ဦး သေဆုံး
မင်းတပ်မှာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ကျော်လုပ်
စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) အထိ စုဆောင်းခံရသူ နှစ်သောင်းကျော် ရှိလာ
ထန်တလန်နဲ့ ဟားခါးမြို့ကြားမှာ စစ်ကောင်စီတပ်စခန်း နှစ်ခုလောက်သာ ကျန်တော့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးရော လေကြောင်းနဲ့ပါ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ အဲဒီစခန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။
ချင်းပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းပြည်နယ် ဖလမ်းနဲ့ မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်တွေက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေပြီး စခန်းတချို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ အသေးစိတ်ကို တရားဝင် ထုတ်ပြန်ထားတာမရှိသေးပါဘူး။