စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် အသက်ပေါင်းများစွာ ပိုဆုံးရှုံးလာနိုင်

RFA Burmese
2023.02.03
စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် အသက်ပေါင်းများစွာ ပိုဆုံးရှုံးလာနိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အရေးပေါ်ကာလသက်တမ်း ခြောက်လထပ်တိုးထားတဲ့ စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာကြောင့် ပြည်သူလူထု အသက်ပေါင်းများစွာ ပိုဆုံးရှုံးလာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်က မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာပါ။

စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊ ချင်းပြည်နယ်က ခုနစ်မြို့နယ်၊ ပဲခူးတိုင်းက ငါးမြို့နယ်၊ မကွေးတိုင်းက ငါးမြို့နယ်၊ ကယားပြည်နယ်က လေးမြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ်၊ တနင်္သာရီတိုင်းက နှစ်မြို့နယ်နဲ့ မွန်ပြည်နယ်က တစ်မြို့နယ် ပါဝင်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်း နှစ်နှစ်အလွန် သုံးနှစ်မြောက်မှာပဲ ပြည်သူအတော်များများ စစ်ငရဲခန်းထဲ ကျရောက်တော့မယ်ဆိုတာကို စစ်ကောင်စီက ထုတ်ပြောလိုက်တာဖြစ်တယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြဝေဖန်ပါတယ်။

"စစ်အာဏာသိမ်းမှု နှစ်နှစ်အလွန် သုံးနှစ်မြောက်မှာ ပြည်သူတွေ တော်တော်များများ၊ ဗမာပြည်ရဲ့ အစိတ်အပိုင်း တော်တော်များများကတော့ စစ်ငရဲခန်းထဲကို ကျရောက် တော့မယ်ဆိုတာကို သူတို့ ထုတ်ဖော် အသိအမှတ်ပြုလိုက်တာပါ။ အဲဒီမှာ တရားဥပဒေ မရှိဘူး၊ ခုံရုံး မရှိဘူး၊ စစ်တပ်က စစ်ဘက်နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မယ်၊ သတ်ဖြတ်မယ်၊ မျိုးတုံးသတ်ဖြတ်မယ်။ နောက်ပြီးတော့ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ဖို့ အတွက် ဒီနေရာမှာ စစ်ကောင်စီရဲ့ ကာလုံကနေပြီးတော့ ခွင့်ပေးလိုက်တဲ့ သဘောပဲလို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ"

ဒီလိုကြေညာတာဟာ တစ်နည်းအားဖြင့် စစ်ကောင်စီက အဲဒီမြို့နယ်တွေမှာ သူတို့ မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်တော့နိုင်တော့ဘူးဆိုတာကို ဝန်ခံလိုက်တာလည်း ဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေကတော့ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ ဖြစ်ပါတယ်။

ဒီလိုကြေညာလိုက်တာဟာ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်ခုခံသူတွေကို ဥပဒေမဲ့ သတ်ဖြတ်ချင်လို့ ထုတ်ပြန်တာလို့ ခင်ဦးမြို့နယ်ထောက်ပံ့ရေးအဖွဲ့ (KSO) စစ်ရေး တာဝန်ခံက ပြောပါတယ်။

"သူတို့က အခုလို ကြေညာချက်ထုတ်တာဟာ မတရားသဖြင့် ဒီထက်မက သတ်ပြချင်လို့ ထုတ်တယ်လို့ပဲ ယူဆပါတယ်။ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ ဒီလိုကြေညာလိုက်တဲ့ အတွက် သူတို့တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်က ပြည်သူတွေကို မတရားသဖြင့် သတ်ဖြတ်မှာကိုတော့ စိုးရိမ်တယ်။ ဒေသကာကွယ်ရေးသမားတွေဆိုတာကတော့ သူတို့နဲ့တွေ့ရင် တိုက်မယ်ခိုက်မယ်၊ လွတ်အောင်တိမ်းမယ်။ ဒီလိုပဲသွားကြမှာပါ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝလက်မခံပါဘူး။ ကျေးရွာတွေမှာ လူဦးရေစာရင်း ကောက်တာမျိုး မရှိသေးဘူး၊ ရှိခဲ့ပြီဆိုရင်လည်း လက်မခံဘူး။ ထိထိရောက်ရောက် တုံ့ပြန်မှာပါ"

စစ်ကိုင်းတိုင်းထဲ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းပြီး စစ်တပ်ထိန်းချုပ်လို့မရတဲ့ နယ်မြေတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။

"သူတို့က အခုလိုကြေညာချက်ထုတ်တာဟာ မတရားသဖြင့် ဒီထက်မက သတ်ပြချင်လို့ ထုတ်တယ်လို့ပဲ ယူဆပါတယ်"

ကယားပြည်နယ်မှာတော့ ကရင်နီတပ်မတော် KA နဲ့ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာပါ။

ဒါဟာ စစ်ရေးအရ လက်နက်ကိုင်ခုခံသူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့၊ ဖမ်းဆီး သတ်ဖြတ်ဖို့နဲ့ လူထုတော်လှန်ရေးကို စနစ်တကျဖြိုခွင်းဖို့ ဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

"ကျနော် ဘာကိုသွားမြင်လဲဆိုတော့ အဲဒါက စစ်ရေးအရ ပိုပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ဖို့အတွက်ရယ်၊ စစ်ရေးအရ လူတွေကို ပိုပြီးတော့မှ တရားဝင် သတ်ခွင့်ပေါ့နော်၊ ဒီပုံစံကို ပေးလိုက်တယ်လို့ပဲ ကျနော်မြင်တယ်။ ဥပမာအားဖြင့် လူတွေကို အချိန်မရွေး ဖမ်းဆီးပစ်ခတ်သတ်ဖြတ်နိုင်တယ်။ ဖမ်းဆီးအမှုဆွဲနိုင်တယ် ဆိုတဲ့ဟာကို ဥပဒေကြောင်းအရ ပြန်သုံးချင်တာပဲ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် လူထုတော်လှန်ရေးကို ပိုပြီးတော့မှ စနစ်တကျ ဖြိုခွဲမယ်ဆိုတဲ့ သူတို့ ခြေလှမ်း တစ်ခုလောက်ပဲ မြင်တယ်"

လက်နက်ကိုင်ခုခံမှု အစောဆုံး စတင်ခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေကတော့ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့ ဖြစ်ပါတယ်။ မင်းတပ်မြို့နယ်ကတော့ စစ်တပ် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာခံထားရတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အမှားနဲ့အမှန်ကို ဘာမှရှင်းပြလို့မရတဲ့အတွက် အခုလို စစ်အုပ်ချုပ်ရေး ကြေညာခံရချိန်မှာ ပိုပြီးစိုးရိမ်ပူပန်မိတယ်လို့ ဖလမ်းမြို့နယ် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"စိုးရိမ်တာပေါ့နော်၊ ဘာလို့လဲဆိုတော့ အရင်ကလည်း မှားမှားမှန်မှန် ကိုယ်က ဘယ်လောက်ရှင်းပြပြ မရခဲ့ဘူးလေ။ သူတို့လုပ်ချင်တယ်ဆိုရင် လုပ်တယ်၊ ကျမတို့က ဘာမှပြောပိုင်ခွင့်မရှိဘူး။ အခုလို ထုတ်ပြန်ချက်ထုတ်လိုက်တော့ နည်းနည်းတော့ စိုးရိမ်တယ်၊ စိတ်ပူတာပေါ့။ သူတို့က ရွေးကောက်ပွဲလည်း လုပ်ချင်တာဆိုတော့လေ၊ ဒီဘက်မှာ တိုက်ပွဲကလည်း ခဏခဏ ဖြစ်ပေမယ့် သူတို့ဘက်က သိပ်လှုပ်ရှားလို့ မရဘူးလေ။ အဲဒါကြောင့် ဒီလိုထုတ်တာပဲဖြစ်မယ်လို့ ထင်တယ်"

တပ်မတော်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း စစ်ကောင်စီက ပျော့ပျောင်းညင်သာစွာ ဆက်ဆံခဲ့ပေမယ့်လည်း လက်နက်ကိုင်လမ်းစဉ်က ကြီးထွားလာတဲ့အတွက် ဒါကိုရှင်းလင်းဖို့ စစ်အုပ်ချုပ်ရေး ကြေညာရတာလို့ ပြောပါတယ်။

"အာဏာထိန်းပြီးဖြစ်စဉ် နှစ်နှစ်လောက်အတွင်းမှာ အတတ်နိုင်ဆုံးတော့ နစက ဘက်ကနေ ညင်ညင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့ ငြိမ်းချမ်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တချို့နေရာတွေမှာ အတတ်နိုင်ဆုံး မဖြစ်မနေကလွဲပြီးတော့ အင်အားမသုံးခဲ့ကြဘူး။ အဲဒီဘက်က မြေပြင်မှာ လှုပ်ရှားကြတဲ့သူတွေက လက်နက် ကိုင်တဲ့ လမ်းစဉ်ကို မစဉ်းစားဘဲနဲ့ ရွေးကောက်ပွဲဘက်ကို စိတ်လည်လာမလားဆိုပြီး အချိန်ပေးခဲ့တဲ့ သဘောပဲ၊ ဒါပေမဲ့ နှစ်နှစ်အတွင်းမှာ ဒီကိစ္စဟာ မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါမျိုးမှာ ပြောရရင်တော့ လက်နက်ကိုင်လမ်းစဉ်ဆိုတာ ကြာလာရင် မကျက်နိုင်တဲ့ အနာကြီးလို ဖြစ်လာတာပေါ့။ အဲဒါကိုရှင်းဖို့အတွက် နယ်မြေဒေသ ငြိမ်းချမ်းရေးအတွက် ဒီလို စစ်အုပ်ချုပ်ရေးကြေညာတာက အရေးကြီးပါတယ်"

no-military-rule.jpg
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ဆန္ဒပြကြစဉ်။ (Photo: RFA)

စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒေသစစ်တိုင်းမှူး ဒါမှမဟုတ် စစ်နယ်မြေမှူးတွေက တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝ ကျင့်သုံး နိုင်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီမြို့နယ်တွေက အမှုတွေကို စစ်ခုံရုံးက စစ်ဆေးနိုင်သလို အမှုပေါင်း ၂၃ မှုအတွက် သေဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ရမယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကိုယ်တိုင်လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်မှာ အတိအလင်းဖော်ပြထားပါတယ်။

စစ်ခုံရုံးကစီရင်နိုင်တဲ့ အမှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ - ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ - ၁၂၄ (က)၊ နိုင်ငံရေးပုဒ်မ- ၅၀၅ ၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါးဆိုင်ရာပုဒ်မ၊ သတင်းမီဒီယာ ဥပဒေဆိုင်ရာပုဒ်မ၊ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးဥပဒေ လတ်တလောပြဌာန်းချက်များဆိုင်ရာ ပုဒ်မတွေအပါအဝင် စုစုပေါင်း အရေးယူစီရင်နိုင်တဲ့ ပြစ်မှုပေါင်း ၂၃ မှုကို ဖော်ပြထားပါတယ်။

စစ်ခုံရုံးတွေကို ဒီလို စီရင်ခွင့်ပေးလိုက်တာဟာ တရားစီရင်ရေးကဏ္ဍမှာ အရင်က တစ်ကြိမ်မှ မရှိခဲ့ဖူးတဲ့ အံ့ဩဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ဥပဒေသမားတွေအနေနဲ့လည်း ဒီလိုမျိုး အမိန့်ထုတ်ပြန်တာမျိုးကို တစ်ကြိမ်တစ်ခါမှလည်း မတွေ့ခဲ့ဖူးဘူး။ ပြောမယ်ဆိုရင် အင်မတန် အံ့သြဖွယ် ကောင်းတာပေါ့နော်။ အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ ဒီအမှုတွေကို ဒီဥပဒေမှာပါတဲ့ ပြစ်မှုတွေကို စွဲဆိုလာခဲ့ရင် ဒီအမြင့်ဆုံး ပြစ်ဒဏ်တွေပဲ ချရမယ်ဆိုတာသည် ကျနော်တို့ တစ်ကယ့် နိုင်ငံတကာ တရားစီရင်ရေးစနစ်အရရော၊ မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက် ဆောင်ရွက်လာခဲ့တဲ့ တရားစီရင်ရေးစနစ်အရရော ဒါဟာ ညီညွှတ်မှု မရှိဘူး။ အနည်းငယ်တော့ တင်းကျပ်ပြီးတော့မှ ဥပဒေရဲ့အထက်ကို ကျော်လွန်နေတယ် လို့ ကျနော်တို့တော့ ဒီတိုင်းပဲ မြင်တယ်ပေါ့နော်"

တရားစီရင်ရေးဟာ ဘယ်လို အစိုးရလက်ထက်မှာဖြစ်စေ အမှုတွေကို ဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်တိုင်းမှူးတွေနဲ့ စစ်ခုံရုံးတွေကို လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်တဲ့အတွက် အနာဂတ်မှာ ဖမ်းဆီး၊ သတ်ဖြတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာလိမ့်မယ်လို့ လန်ဒန် အခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

"သူတို့ တရားစီရင်တော့မယ်၊ လူတွေကို ခေါ်တာ၊ စစ်ခုံရုံးကနေ အမိန့်ချတာ၊ လူ့အခွင့်အရေး ကျုးလွန်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်တော့မယ်ပေါ့။ အဲဒီအတွက် နိုင်ငံတကာရဲ့ စောင့်ကြည့်တဲ့ အနေအထားကလည်း အဆင့်တစ်ခု တက်လာလိမ့်မယ်လို့ ထင်တယ်။ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ဟာက လက်ရှိ စစ်ကိုင်းဘက်က အခြေအနေ အဆိုးဆုံးနေရာတွေ များတယ်။ နောက် ချင်းပြည်နယ်။ စစ်တပ်ရဲ့ အနေအထားကို ပြန်ကြည့်မယ်ဆိုရင်လည်း အုပ်စုတွေအားလုံးနဲ့ တစ်ပြိုင်နက်တည်း တိုက်နိုင်တဲ့အင်အားမရှိဘူး၊ ဒါကြောင့် သူ့ရဲ့ အားတွေကို အကူအညီပေးဖို့ စစ်အုပ်ချုပ်ရေးလုပ်တာ။ ဖြတ်လေးဖြတ် ကြေညာတာတွေကို သုံးနေတာ ဖြစ်တယ်"

လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ကိုကျော်စောဟန်ကလည်း မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာကြောင့် အဲဒီဒေသတွေမှာ တိုက်ပွဲ၊ စစ်ဆင်ရေးတွေ ပိုများလာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

"အဓိကကတော့ ကာလုံအစည်းအဝေးမှာလည်း စစ်ကောင်စီက ပြောထားတာ ရှိတာပေါ့နော်၊ ၆၅ မြို့နယ်လောက်မှာ လုံခြုံရေး ထိထိရောက်ရောက် လုပ်ရဦးမယ် ဆိုတဲ့ အနေအထားမှာ တွေ့ရတယ်။ တစ်ဘက်ကလည်း ရွေးကောက်ပွဲက တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့နေရာတွေမှာ လုပ်ရခက်တဲ့အနေအထားကို ရောက်လာတော့ ဒေသဆိုင်ရာ စစ်တိုင်းမှူးတွေကို လုပ်ပိုင်ခွင့်အာဏာ ပိုပေးပြီးတော့ ကိုင်တွယ်ခိုင်းတဲ့သဘောလို့ ယူဆရပါတယ်။ အဲတော့ တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေ ပိုများလာနိုင်သလို တစ်ဘက်မှာလည်း အရပ်သားထိခိုက်မှုတွေပိုများပြီး IDP (စစ်ဘေးဒုက္ခသည်) ဖြစ်ထွန်းမှုတွေ တိုးပွားလာနိုင်တယ်ပေါ့နော်။ အဲဒီတော့ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး"

စစ်ကောင်စီဟာ အရင်ကလည်း ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပ စတဲ့ ခြောက်မြို့နယ် ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ပြစ်မှု ၂၃ မှုကို စစ်ခုံရုံးတွေက တရားစီရင်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ကာလုံအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်က ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထား ဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။