ဆိုင်ကယ်စီးမှုအပေါ် ကန့်သတ်မိန့်ကြောင့် ပစ်သတ်ခံရသူတွေရှိလာ

2021.12.03
ဆိုင်ကယ်စီးမှုအပေါ် ကန့်သတ်မိန့်ကြောင့် ပစ်သတ်ခံရသူတွေရှိလာ မန္တလေးမှာ ဆိုင်ကယ်စီးနေသူတွေကို ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်နေ့က တွေ့ရစဥ်
Photo: RFA

စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး စတဲ့တိုင်းတွေက မြို့နယ်ပေါင်း ၂၀ ကျော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်လောက်ကစပြီး အမျိုးသားနှစ်ယောက် ဒါမှမဟုတ် အမျိုးသားက ဆိုင်ကယ်နောက်ကနေ မစီးဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီးနောက် ဆိုင်ကယ်စီးတဲ့ လူငယ်တွေ လိုက်လံပစ်သတ်ခံရတာတွေ ရှိလာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက် မနေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာစဉ် စစ်သား တွေက ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က အလုပ်ကပြန်လာတဲ့ သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်နှစ်ယောက်ပူး အတူတူစီးလာတာကို စစ်ကောင်စီဘက်ကနေ တားတာရပ်မပေးလို့ဆိုပြီး နောက်ကနေ လိုက်ပစ်တာ။ တစ်ယောက်က ကျည်ထိ ပြီး ဗိုက်ပွင့်သွားတယ်။ နောက်တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ အလုပ်က ပြန်လာတယ်ဆိုတော့ ၂၀ ဝန်းကျင်တွေဖြစ်မယ်။ အခုသေသွားတဲ့သူက ရတနာပုံရပ်ကွက်ကဖြစ်ပြီးတော့ ဒီကနေ့ နေ့လယ်မှာ စစ်သားတွေ အိမ်ကိုရောက်လာပြီး သေသွားတဲ့သူရဲ့အလောင်းကို သယ်သွားတယ်။ အလောင်းရချင်ရင် မနေ့ညက လွတ်သွားတဲ့သူနဲ့ ပြန်လဲရမယ်၊ တစ်အိမ်တက်ဆင်းရှာမယ်ဆိုပြီး ပြောသွား တယ်”

သာစည်လမ်းအနီး မြို့မရွှေဂူဘုန်းကြီး ကျောင်းနားမှာ ည ၈ နာရီလောက်က အခင်းဖြစ်ပွားသွားတာပါ။

မုံရွာမြို့မှာ ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် မစီးရဆိုပြီး စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့က စည်းကမ်းချက် ထုတ်ပြန်ထားတာပါ။ ဒါကိုလိုက်နာသူတချို့ရှိပေမယ့် တချို့ကလည်း မလိုက်နာဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ နိုဝင်ဘာ ၂၅ ရက်ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ လူငယ်တစ်ဦး ပစ်သတ်ခံခဲ့ရ ပါတယ်။

အဲဒီနေ့ ညနေပိုင်း ၆ နာရီလောက်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာစဉ် ရွှေဘိုမြို့ အမှတ် (၂) အထက ကျောင်းမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပစ်ခတ်ခဲ့ကြတာပါ။

ဒီဖြစ်ရပ်ကြောင့် မြို့ခံတွေအကြားမှာ ကြောက်လန့်နေကြရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပစ်ခတ်မှုမဖြစ်ခင်ကတည်းက အင်္ကျီအမဲဆို မဝတ်ရဲဘူး။ ဆိုင်ကယ်ဆိုရင် အသံထွက်တဲ့ဆိုင်ကယ် မစီးရဲဘူး။ အဲလိုအနေထားမျိုးမှာ ဒီလိုမျိုးကြီး လူသတ်ပြလိုက်တော့ တော်တော်ကြီးကို အံ့ဩတုန်လှုပ် ပြီးတော့ ကြောက်ခမန်းလိလိ ပုံစံမျိုးဖြစ်နေတယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ ဟိုနားဒီနားသွားဖို့တောင်မှ တော်တော်လေးကို စဉ်းစားယူရတယ်။ ကျနော်တို့ ရွှေဘိုမြို့မှာ ယောက်ျားလေးနှစ်ယောက် ဆိုင်ကယ် စီးလို့ အကြောင်းမဲ့ သတ်လိုက်တဲ့အနေထားမျိုး ရွှေဘိုမြို့မှာ အင်မတန်စိုးရိမ်ရတဲ့ အနီရောင်အဆင့်လား ဆိုတော့လည်း မဟုတ်ဘူး။ ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် မစီးနဲ့ စီးရင်ပစ်မယ်ဆိုတဲ့ ကြေညာချက် လေးလောက် ထုတ်ပြီးတော့ တန်းပစ်တာမျိုးကတော့ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စမျိုးပေါ့ဗျာ“

သေဆုံးသွားသူဟာ အသက် ၂၅ နှစ်အရွယ် ကိုဝင်းမင်းထွန်း ဖြစ်ပြီး နောက်ကလိုက်စီးလာတဲ့ တစ်ယောက် ကတော့ လွတ်သွားတယ်လို့ ပြောပါတယ်။

ကိုဝင်းမင်းထွန်းဟာ အမှတ် (၁၀) ထူထောင်ရေးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကျပန်းလုပ်ငန်း လုပ်ကိုင်တဲ့ နွမ်းပါးသူတစ်ယောက်ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေဘိုမြို့မှာ မြို့မဈေး၊ အထက (၂) ကျောင်းရှေ့၊ မြို့အဝင်မုခ်ပေါက်၊ မြဝတီဘဏ်ရှေ့တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ယောက်နီးပါး အမြဲတမ်းရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA က လေ့လာတွေ့ရှိချက်တွေအရ စစ်ကိုင်းတိုင်း ရွှေဘို၊ မုံရွာ၊ တန့်ဆည်၊ ဝက်လက်၊ မန္တလေး၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ နတ်မောက်၊ ရေနံချောင်း၊ မြိတ်၊ ထားဝယ်၊ မြောက် ဥက္ကလာ၊ ရွှေပေါက်ကံ၊ တောင်ဒဂုံ၊ ကော့မှူး၊ တွံတေး၊ ဒလ၊ ကွမ်းခြံကုန်း စတဲ့ မြို့ပေါင်း ၂၁ ခုလောက်မှာ စစ်ကောင်စီက နှစ်ဘီးဆိုင်ကယ်နဲ့ ပတ်သက်တဲ့ အမိန့်ကို ထုတ်ပြန်ထားတာပါ။

ဒီကန့်သတ်ချက်ကြောင့် ဆိုင်ကယ်နဲ့ ခရီးသည်တင်ရတဲ့ ကယ်ရီသမားတွေအတွက် အခက်ခဲတွေဖြစ်နေ တယ်လို့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ဆိုင်ကယ်ကယ်ရီသမား ကိုလွမ်းမောင်က ပြောပါတယ်။

“အခက်ခဲဖြစ်သွားတာပေါ့။ မနက်ခင်းကျရင် ခရီးသည်ယောက်ျားလေး တစ်ယောက်တည်း ခရီးသွားတာ ရှိလို့ရှိရင် အရင်တုန်းက လိုက်ပို့ရတယ်။ အခုက နှစ်ယောက်စီးတဲ့အခါကျ သူတို့က ကြောက်ပြီးတော့ မစီးကြတော့ဘူး။ တော်ရုံနေရာလောက်ဆို ကြောက်ပြီးတော့ လမ်းဆင်းလျှောက်ကြတယ်။ တော်ရုံတန်ရုံ ဆိုင်ကယ်မငှားကြတော့ဘူး အဲလိုဖြစ်သွားတယ်“

အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ နေအိမ်တွေကို လက်လုပ်မိုင်းတွေနဲ့ ပစ်ပေါက်တာတွေကြောင့် အခုလို ကန့်သတ်တာလို့ ဆိုပါတယ်။

"သူတို့ ပြည်သူပြည်သားလို သဘောမထားလို့ အဲလို ရက်ရက်စက်စက် လုပ်နေတာပေါ့ဗျ"

ဒီလိုလုပ်ဆောင်ရာမှာ အများအားဖြင့် အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးပြီး ပြစ်မှုကျူးလွန်တာမျိုးရှိတာ ကြောင့် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက် မစီးဖို့၊ အမျိုးသမီးနောက်မှာ အမျိုးသားက လိုက်မစီးဖို့ ကန့်သတ်ချက်ထုတ်ပြန်ထားတာပါ။

ရန်ကုန်မြို့က တချို့မြို့နယ်တွေမှာဆိုရင် အင်္ကျီအနက် မဝတ်ဖို့၊ နေကာမျက်မှန် မတပ်ဖို့၊ ဦးထုပ် မဆောင်းဖို့၊ နှာခေါင်းစည်း မတပ်ဖို့တွေပါ ထုတ်ပြန်ကြေညာတာ တွေ့ရပါတယ်။

အခြေစိုက်တပ်ရင်းတွေများတဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာလည်း ပင်စင်သွားထုတ်မယ့် သက်ကြီးရွယ်အို အမျိုးသားတွေပါ အခက်အခဲဖြစ်နေတာရှိတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

"များသောအားဖြင့် အသက်ကြီးတဲ့ လူကြီးတွေပေါ့။ လူကြီးတွေတောင်မှပဲ အမျိုးသားဖြစ်နေတဲ့ အတွက် ကြောင့်မို့လို့ ပင်စင်သွားထုတ်တဲ့အခါမှာပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင် ဈေးမသွားနိုင်လို့ ကယ်ရီငှားသွားတဲ့ အခါမျိုးမှာ ကယ်ရီသမားတွေလည်း ဒုက္ခရောက်ရတယ်။ တင်ရမလား မတင်ရဘူးလားပေါ့။ သူတို့မှာ ဒွိဟဖြစ်နေရတယ်။ ကယ်ရီသမားတွေလည်း စီးပွားရေးက မကောင်းရတဲ့အထဲမှာ ဒီအလုပ်လေးလုပ် နေတာ သူတို့အတွက်လည်း အခက်ခဲတွေ ဖြစ်နေကြသလို ပင်စင်ထုတ်စားနေရတဲ့ အဖိုးကြီးတွေအတွက် လည်း အများကြီး အခက်ခဲဒုက္ခတွေ ဖြစ်တာပေါ့။ ဈေးသွားဈေးလာတွေအတွက်ရော ဆိုင်ကယ် နှစ်စီး ပဲရှိတယ်၊ အလုပ်အတူတူ သွားရတာမျိုးမှာ အများကြီးပေါ့ဗျာ အခက်အခဲတွေ၊ ဒုက္ခတွေ အကုန်ရောက်နေ တာပေါ့"

mdy.jpg
(မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ စက်တင်ဘာ ၂၉ ရက်နေ့က ဆိုင်ကယ်သပိတ် ဆန္ဒပြခဲ့စဉ်) Photo: CJ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ လုံခြုံရေးနဲ့ ရပ်ရွာတည်ငြိမ် အေးချမ်း ရေးအတွက်ဆိုပြီး အကြောင်းပြထားပေမယ့် အမှန်တကယ်မှာတော့ သူတို့ရဲ့ လုံခြုံရေးအတွက်သာ ရည်ရွယ် ထားပုံရတယ်လို့ ဒေသခံတွေက ဝေဖန်ကြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုအခြေအနေဟာ ပြည်ပတိုင်းပြည်က စစ်တပ်လာအုပ်ချုပ်နေသလို ပြည်သူတွေမှာ ဆင်းရဲနေရတယ်လို့ မှတ်ချက်ပေးပါတယ်။

“သူတို့ နိုင်နေရမယ်၊ အန္တရာယ်ကင်းရမယ်။ ကျန်တဲ့ဟာတွေ ထည့်မစဉ်းစားဘူးဗျ။ ကျန်တဲ့ဟာကို ပြည်သူအတွက် ထည့်မစဉ်းစားပါဘူး။ သူတို့က တိုင်းတပါးနဲ့ စစ်ဖြစ်နေတယ် အဲလိုသဘောထားတာ။ သူတို့ ပြည်သူ၊ ပြည်သားလို သဘောမထားလို့ အဲလိုရက်ရက်စက်စက် လုပ်နေတာပေါ့ဗျ။ ဆိုင်ကယ်ကိစ္စ ကတော့ အများကြီး ထိခိုက်တာပေါ့ဗျာ။ အောက်ခြေ လူတန်းစားတွေ။ ဆိုင်ကယ်လေးနဲ့ သွားလာနေရ၊ စီးပွားရှာ၊ လူမှုရေးတွေသွား၊ အဲလိုလေးကို ပစ်သတ်တယ်ဆိုတော့ တိုင်းတစ်ပါးရဲ့ စစ်တပ်လို ပြုမူနေ တယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ စိတ်လည်း မကောင်းပါဘူး“

ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက်စီးရင် အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးမယ်ဆိုတဲ့ အချက်အပါဝင် ကန့်သတ် ချက်တွေကို တချို့မြို့နယ်တွေမှာ ရက်ပေါင်း ၆၀ အတွင်းလို့ ကန့်သတ်ထားပေမယ့် တချို့မြို့နယ်တွေမှာ တော့ ရက်အကန့်အသတ် မပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်ကို အမှီပြုပြီး သွားလာအသုံးပြုရတဲ့ ပြည်သူတွေအနေနဲ့ အမေးအမြန်းမရှိ ပစ်ခတ်မယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကန့်သတ်မှုအပေါ် စိုးရိမ်ပူပန်နေကြရတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။