၂၀၂၅ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

RFA Burmese
2024.08.25
၂၀၂၅ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင် စစ်ကောင်စီ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေးအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။
Myanmar Military

လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ အဲဒီအစည်းအဝေး တက်ရောက်ခဲ့သူတွေက RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲ လုပ်မဲ့အချိန်ဟာ ကြားထဲမှာ တစ်နှစ်နဲ့ နှစ်လသာ ကျန်တော့တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲက ၂၀၂၅ နိုဝင်ဘာလထဲမှာ လုပ်မယ်လို့ ပြောသွားတယ်။ ခန့်မှန်းခြေပေါ့။ တစ်နှစ်နဲ့ နှစ်လလောက်ပဲ လိုတော့တယ် ဆိုတဲ့အကြောင်းလည်း သူ ပြောသွားတယ်လေ။ သူတို့ ပြင်ဆင်ထားတယ်။ ဒါက နစကရဲ့ရည်မှန်းချက်ပဲ။ Road Map ငါးချက်မှာ နောက်ဆုံးအချက်က ရွေးကောက်ပွဲပဲလေ။ ဒါကို သူမလုပ်လို့ မရဘူး။ ဒါကိုလုပ်မယ်ဆိုတော့ ပြောတယ်”

လာမဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးမယ်လို့ စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုထားပေမဲ့ မနေ့က အစည်းဝေးမှာတော့ ဘယ်စနစ်နဲ့ လုပ်မယ်ဆိုတာမျိုးကို တိတိကျကျပြောသွားတာ မရှိဘူးလို့ သူက ဆိုပါတယ်။

လက်ရှိ တိုင်းပြည်အနေအထားအရ ရွေးကောက်ပွဲကို တစ်ရက်တည်းအပြီး ကျင်းပသွားမှာမဟုတ်ဘဲ နယ်မြေလုံခြုံမှုအပေါ် မူတည်ပြီး အပိုင်းလိုက်လုပ်သွားဖို့ ရွေးကောက်ပွဲကော်မရှင် ပြောဆိုတဲ့အကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးဆက်သွေးက ပြောပါတယ်။

“UEC ဥက္ကဋ္ဌ ပြောတာကတော့ ရွေးကောက်ပွဲကို တစ်ရက်တည်းနဲ့ အပြီးလုပ်ဖို့ မဖြစ်နိုင်ဘူး။ ဆိုလိုတာက လုံခြုံရေးအခြေအနေတွေ တခြားအခြေအနေတွေအရပေါ့နော်။ ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်မယ်လို့ ပြောတယ်။ လုံခြုံရေးအရ အခြေအနေ ကောင်းတယ်။ တည်ငြိမ်မှု ရှိတဲ့နေရာတွေမှာ အရင်လုပ်မယ်။ ပြီးရင် နောက်ထပ် တည်ငြိမ်မှု အလယ်အလတ် ရှိတဲ့နေရာတွေမှာ နောက်တစ်ဆင့် လုပ်မယ်ဆိုပြီး အပိုင်းလိုက် ခွဲလုပ်မယ်”

ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မနေ့က ဆွေးနွေးပွဲမှာတော့ ရွေးကောက်ပွဲစနစ်ကိစ္စ၊ မဲစာရင်းမှန်ကန်ရေးနဲ့ အီလက်ထရောနစ် မဲပေးစက်ကိစ္စအပါအဝင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ကိစ္စတွေကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းစာတွေမှာ ဖော်ပြပါတယ်။

“စစ်ကောင်စီက ကျင်းပမဲ့ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲတစ်ခုသာ ဖြစ်လိမ့်မယ်”

စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တို့က သြဂုတ် ၂၃ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြတာရှိပါတယ်။

နေပြည်တော်တွင် ငြိမ်းချမ်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး ဆွေးနွေးခဲ့ကြသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။ (Photo: NSPNC)
နေပြည်တော်တွင် ငြိမ်းချမ်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး ဆွေးနွေးခဲ့ကြသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။ (Photo: NSPNC)

အဲဒီဆွေးနွေးပွဲမှာတော့ ရွေးကောက်ပွဲအတွက် နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါ လိုအပ်တဲ့ပူးပေါင်းမှုတွေလုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြောထားပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာတာပါ။

စစ်ကောင်စီဟာ အရပ်သားအသွင်ဆောင်တဲ့ စစ်အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့အတွက် ဟန်ပြရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ ကြိုးပမ်းနေတာလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က RFA ကိုပြောပါတယ်။

“ဒီတော်လှန်ရေး ဖြစ်ပွားမှုအခြေခံက ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ အငြင်းပွားမှုဖြစ်တယ်။ မြန်မာပြည်ရဲ့ ပြဿနာကို ရွေးကောက်ပွဲဆိုတဲ့နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာ လက်တွေ့မကျဘူးဆိုတာ တောက်လျှောက် ပြောပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံမှာ လိုအပ်နေတာက ရွေးကောက်ပွဲတစ်ခု မဟုတ်ဘူး။ စနစ်တစ်ခု ပြောင်းလဲဖို့ဖြစ်တယ်။ အုပ်ချုပ်ပုံ ပြောင်းလဲဖို့အတွက် ဟန်ပြလုပ်တဲ့ ရွေးကာက်ပွဲကို နိုင်ငံတကာကရော၊ လူထုကရော၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီရွေးကောက်ပွဲဆိုတာက နောက်ထပ်တက်လာမဲ့ အရပ်သားအသွင်ဆောင်တဲ့ စစ်အုပ်ချုပ်ရေးကိုပဲ ထပ်ပြီးတော့ ဖော်ဆောင်ဖို့အတွက်ကို ကြိုးစားတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်”


ဆက်နွှယ်သောသတင်းများ

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ငြိမ်းချမ်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေး

စစ်ကောင်စီ UEC က နိုင်ငံရေးပါတီနှစ်ခုကို ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်

၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ စစ်ကောင်စီက ကျင်းပမဲ့ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲတစ်ခုသာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

“သူတို့ ကျင်းပမယ်လို့ ပြောနေတဲ့ရွေးကောက်ပွဲက တကယ့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထင်ဟပ်စေမဲ့ ပြည်သူလူထုကို အကျိုးရှိစေမဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ အတုအယောင် ရွေးကောက်ပွဲတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာက တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့အတွက်ကို တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းနေတာကို သူ့ရဲ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ထွက်ပေါက်တစ်ခုတည်းကို ကြည့်ပြီးတော့ အတုအယောင် ရွေးကောက်ပွဲတစ်ခုကို ကျင်းပဖို့ စီစဥ်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့အားလုံး ပြည်သူတစ်ရပ်လုံး ဆန့်ကျင်ကြရပါမယ်”

စစ်ကောင်စီကတော့ လာမဲ့ အောက်တိုဘာလမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ချတာတွေလည်း ဆက်လုပ်လာပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ပါတီကိုးခုကသာ တစ်နိုင်ငံလုံး စည်းရုံးမဲ့ပါတီတွေဖြစ်ပြီး ကျန်တဲ့ ပါတီလေးဆယ်ကတော့ တိုင်းနဲ့ပြည်နယ်အဆင့် စည်းရုံးမဲ့ပါတီတွေ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပါတယ်။

(မှတ်ချက်။ ။ နိုင်ငံရေးပါတီ တာဝန်ရှိသူများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။