၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

RFA Burmese
2024.06.16
၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော ၂ဝ၂၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က မိတ္ထီလာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ တက်ရောက်လာသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

လာမယ့် ၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး၊ စစ်တပ်က နိုင်ငံ့အာဏာသိမ်းယူထားတာဖြစ်ပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်ကြာ ကာလတစ်လျှောက်လုံး ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ အချိန်ကာလကို စစ်ခေါင်းဆောင်ဘက်က ထုတ်ပြောတာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၁၅ ရက်နေ့မှာ မိတ္ထီလာမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်မှာတော့ ၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပထမဆုံးထုတ်ပြောလာတာဖြစ်ပါတယ်။

အဲဒီလိုကျင်းပနိုင်ရေး လာမယ့်အောက်တိုဘာလကစလို့ လူဦးရေသန်းခေါင်စာရင်းကောက်ယူမယ်လို့လည်း ဆိုပါတယ်။

လတ်တလော ဒေသတော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ထောက်ပြနေတာပါ။

ဘယ်လိုပုံနဲ့ ရွေးကောက်ပွဲကျင်းပမလဲ၊ ဘယ်ဒေသတွေမှာ ကျင်းပမလဲဆိုတာကိုတော့ စစ်ခေါင်းဆောင်က မပြောသေးပါဘူး။

နိုင်ငံရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲ မကျင်းပဘဲနေရင် နောက်ကျကျန်ခဲ့လိမ့်မယ်လို့လည်း သူကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တချို့အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသကာကွယ်ရေးတပ်တွေကတော့ ရွေးကောက်ပွဲမဖြစ်အောင်လုပ်သွားမယ်လို့ ကြေညာထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။