ဒီမိုကရေစီလိုလားသူတွေနဲ့ စစ်ကောင်စီအကြား အားပြိုင်မှု
2022.02.01

အာဏာသိမ်းမှု တစ်နှစ်ပြည့်ကာလဖြစ်တဲ့ မနေ့က မြန်မာနိုင်ငံတဝန်း အသံတိတ် ဆန္ဒပြကြဖို့ ဒီမိုကရေစီ ပြန်လည်ရရှိရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက နှိုးဆော်ခဲ့တဲ့လှုပ်ရှားမှုကို အောင်မြင်မှု မရရှိအောင် စစ်ကောင်စီသြဇာခံအဖွဲ့အစည်းတွေက နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့် လူထုက ဆန့်ကျင်အန်တုခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေ နိုင်ငံအနှံ့ တနေ့တခြား ပိုမိုကျယ်ပြန့်လာနေချိန်မှာ စစ်ကိုင်းတိုင်းရဲ့ အခြေအနေက အထူးပြင်းထန်နေတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါး က RFA ကိုပြောပါတယ်။
“စစ်ကောင်စီက ပုလဲ-ဂန့်ဂေါလမ်းရဲ့ တောင်ဘက် မြောက်ဘက်ပေါ့။ တောင်ဘက်ခြမ်းမှာ တစ်ရွာ၊ မြောက်ဘက်ခြမ်းမှာ တစ်ရွာ ပျူစောထီးသင်တန်း ပေးဖို့ ကြိုးပမ်းတယ်။ ကျနော်တို့က ဒါကို လက်ခံမှာ မဟုတ်ဘူး။ တမြို့နယ်လုံး ပြာကျသွားလည်း ချမှာပဲ။ သူတို့ဘယ်လိုပဲဖြစ်နေနေ ကျနော်တို့က ဒါကိုလက်မခံဘူး။ အခုလည်း ပျူစောထီးသင်တန်းပေးနေတဲ့ရွာကို မနေ့က ဝင်တိုက်တယ် ပြင်မထီးရွာကို။ သူတို့ တော်တော်များများ ကျတယ်၊ အဲဒီမှာ ဘာလုပ်လဲဆိုတော့ အဲဒီရွာကြီးကို မီးရှို့တယ် အိမ်ခြေတော်တော်များများ ရာနဲ့ချီပြီး မီးလောင်ခံရတယ်။ ဒီကနေ့မှာတော့ မွေ့တုံရွာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ပြီး မီးရှိ့တယ်။ ကျနော်တို့ မြို့မှာ တော်တော်တော့ ယုတ်မာတယ်။ ရက်စက်တဲ့ ဒဏ်ကို ခံနေရတယ်၊ အပျက်အစီးတွေ အယိုအယွင်းတွေ ရှိပေမယ့်လို့ တော်လှန်ရေးက အရှိန်အဟုန်နဲ့ တိုးတက်လာတယ်။ ဘာလို့ တိုးတက်လာသလဲဆိုတော့ သူတို့ရဲ့ စရိုက်ကို ပြည်သူက မြင်သွားတယ်။”
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က မြန်မာပြည်မှာ အာဏာသိမ်းထားတဲ့အုပ်စုနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်းနေကြတဲ့အုပ်စု အကြား အားပြိုင်မှုကို မနေ့က အသံတိတ်သပိတ်မှာ အထင်အရှားမြင်ခဲ့ရတယ်လို့ ပြောပါတယ်။
“တစ်ဖက်က အာဏာသုံးတယ်။ ဖိနှိပ်တယ်။ အတင်းအကြပ်လုပ်ခိုင်းတယ်။ တဖက်က စည်းရုံးတယ။ တိုက်တွန်းတယ်။ လှုံ့ဆော်တယ်။ အဲဒီအချက် ၃ ချက်စီ ဟိုဘက် ဒီဘက် ပြိုင်ဆိုင်တာပဲ။ ဘယ်သူနိုင်မယ်ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့ဗျာ၊ အဖြေပေါ်လာမှာပဲ။”
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်ကတော့ ဒီမိုကရေစီအောင်ပွဲဟာ ပြည်သူတွေနဲ့ လက်တစ်ကမ်းကို ရောက်ရှိနေပြီလို့ သုံးသပ်ပါတယ်။
“သမိုင်းမှာ တစ်ခါမှ မကြုံဘူးသေးတဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး စုစည်းပြီးတော့ ညီညွတ်မှုတခုကို ခက်ခက်ခဲခဲ ကြားထဲက တည်ဆောက်နိုင်ခဲ့ပြီ။ ဒါက တော်လှန်ရေး တစ်ရပ်ကို ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေ တော်တော်ပြ ည့်စုံနေပြီလို့ ပြောလို့ရတယ်။ တဖက်မှာလည်းပဲ ခုခံစစ်တွေ တိုးပွားလာတယ်၊ တဖက်မှာလည်း သံတမန် မျက်နှာစာမှာ အောင်မြင်မှုတွေ ဆက်တိုက်ရတယ်။ ဒါတွေက ပြည်သူ တစ်ရပ်လုံးက တစိုက်မတ်မတ်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ အန်တုနေမှုကြောင့် အခုလိုအခြေအနေရောက်ရှိလာတာ ဖြစ်တယ်။ ဒီအခြေအနေကို ဆက်ပြီးတော့ ကျနော်တို့က အရှိန်မြင့်ဆက်လုပ်လိုက်မယ်ဆိုရင် မကြာခင်မှာ ကျနော်တို့ရည်မှန်းချက်တွေ တဆင့်ပြီးတဆင့် အခိုင်အမာရရှိမယ်လို့ ကျနော်ယုံကြည်တယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်အာဏာသိမ်းမှုတစ်နှစ်ပြည့်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်ရဲ့ လူမဆန် လုပ်ရပ်တွေကို ရှုတ်ချထားပြီး အာဏာရှင် အဖွဲ့အစည်းအနေနဲ့ လက်ရှိ သူတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကနေ နောက်ပြန်လှည့်ရမယ်လို့ အတိအလင်း ဖော်ပြတောင်းဆိုထားပါတယ်။