မကွေးတိုင်းမှာ စစ်ကောင်စီတပ် စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်
2023.03.20

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မကွေးတိုင်းက ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေကို စစ်ကောင်စီက မြေပြင်ရော ဝေဟင်ကနေပါ စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
လက်ရှိမှာ ပေါက်နဲ့ မြိုင်မြို့နယ်ကြား နေရာတွေကို စစ်ကောင်စီတပ်က အင်အား ၆၀၀ ဝန်းကျင်နဲ့ ဖြန့်ကျက်လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အဲဒီဒေသမှာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၁၀၀ ကနေ ၂၀၀ နီးပါးထိ အသုံးပြုပြီး ထိုးစစ်ဆင်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
"လွတ်ရာကျွတ်ရာတွေကို ရှောင်ပြေးပြေးလွားနေကြရတဲ့ အခြေအနေပေါ့ အခုကတော့"
စစ်ကြောင်းထိုးဝင်ရောက်တဲ့အခါ တိုက်ပွဲနဲ့မဆိုင်တဲ့ နေရာတွေပါမချန် ဒေသခံ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ကျားသစ်နက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမာရှယ်လော နယ်မြေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပေါ်ကိုတော့ သူတို့ ပိုပြီးတော့ ရက်စက်ပြတယ်။ ပိုပြီး ကြမ်းကြုတ်ပြတယ်။ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာခတ်တာတွေ ဒါတွေကတော့ အရင်ထက် ပိုပြီးရှိလာတာ တွေ့ရတယ်ဗျ။ ဟိုတစ်ရက်က ၉ ရက်နေ့ ဖြစ်တဲ့ Well - 2 တိုက်ပွဲမှာဆိုလို့ရှိရင် ဒီတိုက်ပွဲ ဧရိယာနဲ့ လုံးဝကို မနီးတဲ့ နေရာပေါ့နော် အဲဒီနေရာမျိုးကို ကျေးရွာထဲမှာ ဗုံးကြဲချတာတွေ ရှိတယ်ပေါ့။ ဒီ့အရင်ရက်ပိုင်းကလည်း စာသင်ကြောင်းတစ်ကျောင်းကို ဝင်ပစ်သွားတဲ့ ဖြစ်စဉ်တွေ၊ နောက်ပြီးတော့ ဆေးရုံကို ဝင်ပစ်သွားတဲ့ ဖြစ်စဉ်တွေပေါ့။ ဒါတွေကတော့ ဒီမာရှယ်လော ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အခင်းအကျင်းတွေပေါ့"
စစ်ကောင်စီတပ်က ရွာတွေကို ထိုးစစ်ဆင်တဲ့အခါ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လေ့ရှိပြီး တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရလာ ရင်လည်း ကျေးရွာတွေပေါ်ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲလေ့ရှိတယ်လို့ သူက ပြောပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မုံရွာကနေ ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 တွေကိုသုံးပြီးတော့ ပစ်ခတ်တယ်လို့ လည်းဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မတ်လ ၁၃ ရက်နေ့တုန်းကလည်း မကွေးတိုင်း ပခုက္ကူမြို့ကနေ စစ်ကားအစီး ၅၀ ကျော် ကျောက်ထုမြို့ကို ထွက်ခွာချိန် ရှေ့ပြေးနယ်မြေရှင်းလင်းတဲ့အနေနဲ့ စစ်သား ၁၅၀ လောက် ကားလမ်းတစ်ဘက်တစ်ချက်က ကျေးရွာ ၁၅ ရွာကို လက်နက်အပြည့်နဲ့ ဝင်ရောက်လာ တာကြောင့် လူဦးရေ ငါးထောင်ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောက်ထုမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တချို့ သက်ကြီးရွယ်အိုတွေ ကျန်ခဲ့တယ်။ မပြေးနိုင် မလွှားနိုင် ထားခဲ့ကြရတာပေါ့ မိသားစုတွေ။ ကျနော့်ဆီမှာလည်း စစ်ရှောင်ရှိနေတာဘဲ။ ကျနော်လည်း ကျွေးမွေး စောင့်ရှောက်နေရတာ။ သက်ကြီးရွယ်အိုတွေ မွေးထားတဲ့ တိရစ္ဆာန်တွေ အဲလိုတွေပေါ့။ ချန်ထားခဲ့ရတယ် စိတ်မချမ်းသာဘူးပေါ့ဗျာ။ အဲနားက ရွာတွေအားလုံးကတော့ ပြေးကြရတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ တွေ့တဲ့သူကို ဓားစာခံခေါ်တာကိုဗျ။ စားဖို့သောက်ဖို့တောင်မှ ကျနော်တို့ မစဉ်းစားနိုင်ဘူး။ ရာသီဥတုဆိုးရွား မိုးရွာတာ တွေကို မစဉ်းစားနိုင်ဘူး။ လွတ်ရာကျွတ်ရာတွေကို ရှောင်ပြေးပြေးလွားနေကြရတဲ့ အခြေအနေပေါ့ အခုကတော့"
အဲဒီ စစ်ကြောင်းဖြတ်သန်းသွားတဲ့ ဆောမြို့နယ်က ပန်းဆန်၊ နသိုး၊ မိအယ်၊ လယ်ဆော၊ တပြင်း၊ အညာပန်းပလွန်း၊ အကြည်ပန်းပလွန်းနဲ့ သရက်ချဉ်ရွာတွေက ရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပေါက်မြို့နယ်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ မတ်လ ၅ ရက်၊ ၉ ရက် နဲ့ ၁၁ ရက်နေ့တွေမှာ ဒေသခံ ပျူစောထီးအဖွဲ့တွေ အပါအဝင် ပခုက္ကူနဲ့ ပေါက်မြို့ အခြေစိုက် စစ်သားနှစ်ရာလောက်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးနေတာ လေးကြိမ်ထက်မနည်းရှိနေပြီလို့ ပေါက်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ရေးအခြေအနေ ပိုတင်းမာနေတဲ့ ပေါက်မြို့နယ်က ရွာပေါင်း ၁၂ ရွာက ဒေသခံ ခုနစ်ထောင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပေါက် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဗိုလ်လရောင်က ပြောပါတယ်။
"ရွာပေါင်း အထိုးခံရတာတော့ လေးငါးခြောက်ရွာလောက် အထိုးခံရတာ။ အဲမှာ ပြည်သူတွေက အခုလက်ရှိ အနီးအနားရွာတွေလေ အနီးအနားရွာက ပြည်သူတွေ ကတော့ ခုနစ်ထောင်ကျော်လောက်က ရှောင်နေရတာ။ အခုအချိန်အထိ။ စစ်ရေး အခြေအနေက တင်းမာလာတာပေါ့ဗျာ။ ဒီပေါက်မြို့နယ်တွေကိုလည်း သူတို့ ပိုပိုပြီး ဖိလာတာပေါ့။ စစ်အုပ်ချုပ်ရေးနယ်မြေတွေ ကြေညာထားတဲ့ နောက်ပိုင်းမှာပေါ့ဗျာ"
ဒီတပ်တွေက ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ခလရ ၂၅၁ က စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ်က ဒေသခံတစ်ဦးကလည်း စစ်အုပ်ချုပ်ရေးဒေသတွေကို စစ်ကြောင်း ထိုးနေတဲ့တပ်တွေက တစ်နေရာတည်းမှာ အထိုင်ချနေတာမဟုတ်ဘဲ ရွေ့လျှားစစ်ဆင်ရေး ပုံစံမျိုး လှုပ်ရှားနေတယ်လို့ ပြောပါတယ်။
"အခု စစ်ကြောင်းတွေကကျတော့ နည်းပညာတွေတော့ တော်တော်သုံးတယ်ပေါ့။ ဂျမ်ဘာတွေ မိုင်းတွေ ဘာတွေနဲ့ ဂျမ်ဘာတွေပါတယ်။ နောက်အနေအထားကျတော့ ဟိုပျောက်လိုက် ဒီပျောက်လိုက် ပျောက်ပျောက်နေတယ်ပေါ့။ နောက်မှ ပြန်ပြန် ပေါ်လာပြီး အပြစ်မဲ့ ပြည်သူတွေကို ပစ်လိုက်ခတ်လိုက် လုပ်တော့တာပေါ့။ နောက်လက်နက်သုံးတာတွေ ဘာတွေက အာပီဂျီတို့ ဘာတို့ တိကျတယ်ပေါ့။ လေယဉ် သုံးတယ်၊ လက်နက်ကြီး သုံးတယ်၊ နည်းပညာပို သုံးလာတယ်"
ဒီနှစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ဒီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာပြီး နယ်မြေရှင်းလင်းရေးတွေ တိုးမြှင့်လုပ်ဆောင်နေတာလို့ သူက ပြောပါတယ်။
ပျူစောထီးရွာတွေမှာ စစ်ကောင်စီတပ်သား ၂၀ ခန့် ချထားသလို စက်သေနတ်တွေ၊ လက်နက်ကြီးတွေ အထိုင်ချထားပြီး ဒီရွာတွေရဲ့ အဝင်အထွက်လမ်းကြောင်းတွေကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၃၁ ရက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးမှာ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်တဲ့ မြို့နယ်က ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ အစည်းအဝေးမှာလည်း စစ်အုပ်ချုပ်ရေးကြေညာတာဟာ ပြည်သူတွေကို ရည်ရွယ်တာမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူတွေအတွက်သာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် နောက်ခြောက်လအတွင်း အဲဒီဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု အတိုင်းအတာတစ်ခုထိ တိုးတက်လာမယ်လို့လည်း သူက ပြောပါတယ်။
မတ်လ ၃ ရက်နေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး အစီရင်ခံစာမှာ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေပြီး စစ်အာဏာသိမ်း နှစ်နှစ်အတွင်း လူသုံးထောင်ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။