အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရဆိုပြီး နေအိမ် ၇၀ ခန့်ကို စစ်ကောင်စီ သိမ်းယူ

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ် လဆန်းကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ PDF အဖွဲ့ဝင်တွေနဲ့ PDF တွေနဲ့ ပတ်သက်ဆက်စပ်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းယူနေတာ အခုနိုဝင်ဘာလဆန်းအထိ နေအိမ်အလုံး ၇၀ ခန့်ရှိနေပါပြီ။
ချိတ်ပိတ်ခံရတဲ့အထဲမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ဒေါ်ရွှေပုံ၊ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့အတူ ရန်ကုန်တိုင်းက အဖမ်းခံထားရတဲ့ ကျောင်း သားသမဂ္ဂခေါင်းဆောင်တွေ၊ မန္တလေးတိုင်း မြင်းခြံ၊ စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ မကွေးတိုင်း စေတုတ္တရာ မြို့နယ်က NLD ပါတီဝင်တွေရဲ့ နေအိမ်တွေ ပါဝင်ပါတယ်။
မြင်းခြံမြို့နယ်က NLD ပါတီဝင် ငါးဦးရဲ့ နေအိမ်တွေကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ချိတ်ပိတ်သိမ်းယူ ခဲ့ရုံမက၊ အိမ်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကိုပါ သိမ်းယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ အိမ်ကို ချိတ်ပိတ်တာက ရှစ်လပိုင်းလောက်မှာ ချိတ်ပိတ်တာ။ အိမ်ရှိပစ္စည်းတွေအကုန် ဘာမှမရှိတော့ဘူး။ ကျနော်တို့အိမ်တွေ NLD အဖွဲ့တွေ အကုန်လုံးကို ချိတ်ပိတ်လိုက်တာလေ။ လော်စပီ ကာကြီးနဲ့ ကြေညာပြီးတော့ ချိတ်ပိတ်လိုက်တာပေါ့။ နိုင်ငံပိုင်၊ ပြည်သူပိုင်ပေါ့ဗျာ။ သူတို့ စစ်တပ်က ပိုင်တယ်ပေါ့။ အများပြည်သူပိုင်ပေါ့။ သိမ်းဆည်းထားကြောင်းပေါ့။ မည်သူမျှ အိမ်ကို မကပ်ရဘူး။ ကပ်ရင် ပစ်မယ်ပေါ့ဗျာ”
ချိတ်ပိတ်ခံခဲ့ရတဲ့ အိမ်ရှင်တွေဟာ မြင်းခြံမြို့နယ် NLD ပါတီ နာယကနဲ့ ပါတီဝင်တွေရဲ့ နေအိမ်တွေဖြစ်ပြီး၊ မြင်းခြံမြို့နယ် လယ်သစ်ရွာက ကျေးရွာ NLD နာယကရဲ့အိမ်ထဲက ဆီပေပါတွေနဲ့ ထွန်စက်နှစ်စီးကိုပါ စစ်တပ်က သိမ်းယူသွားတယ်လို့လည်း ကာယကံရှင်တွေက ပြောကြပါတယ်။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ခိုနမ်းကျေးရွာမှာနေထိုင်တဲ့ ဦးဝင်းအောင်ရဲ့နေအိမ်ကိုလည်း နိုဝင်ဘာလ ၃ ရက် ညပိုင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး၊ လူကိုမတွေ့တဲ့အခါ အိမ်ထဲမှာရပ်ထားတဲ့ အိမ်စီးကား တစ်စီးနဲ့ လုပ်ငန်းသုံး မော်တော်ယာဉ်တစ်စီးကို သိမ်းယူသွားပြီးတဲ့နောက် အိမ်ကိုလည်း ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ကာယကံရှင် ဦးဝင်းအောင် က RFA ကို ပြောပါတယ်။
“သူတို့လာတဲ့အချိန်က ၉ နာရီခွဲအချိန်မှာ ဝင်စီးတာ။ အဲဒီအချိန်မှာ အကိုလည်း မရှိဘူး။ အကို့သားသမီး တွေလည်း မရှိဘူး။ ပစ္စည်းတွေလည်း ကျန်တာပေါ့ ညီလေးရာ။ အကိုလည်း တိမ်းရှောင်နေတာ သုံးလ လောက်ရှိပြီဆိုတော့။ အဲဒါကို အိမ်မှာ လူမတွေ့ဘူးဆိုပြီး တိုယိုတာ Wish တစ်စီးနဲ့ သဲကျောက်တင်တဲ့ Faw ကားတစ်စီး အဲဒီ နှစ်စီးကို သူတို့ယူသွားတယ်။ အကို့အိမ်ထဲက သေတ္တာတွေ အကုန်လုံး သော့တွေ ဖျက်ပြီးတော့မှ ဗိုလ်ချုပ်ပိုက်ဆံတွေလည်း ယူသွားကြတယ်။ အကုန်လုံး အိမ်တစ်ခုလုံးကတော့ ညစ်ညစ် ကြေလို့ ဖွထားခဲ့တာ။ သေတ္တာတွေရော လန်ပြန်လို့”
ဦးဝင်းအောင်ကိုတော့ PDF တွေနဲ့ ဆက်သွယ်ပြီး လက်နက်ဝယ်ဖို့ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကွေးတိုင်း စစ်ကောင်စီတာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့က နေအိမ်ကို သိမ်းယူခံလိုက်ရတဲ့ NUG အစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကတော့ စစ်ကောင်စီကိုယ်တိုင် တရားမဝင် အာဏာရယူထားတဲ့အစိုးရဖြစ်တာ ကြောင့် နေအိမ်ချိတ်ပိတ်မှု၊ ပစ္စည်းသိမ်းယူမှုဆိုတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တိုင်းက တရားမဝင်ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့လုပ်ရပ်အားလုံးက တရားမဝင်တဲ့လုပ်ရပ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် NUG က ယာယီသမ္မတ ကြီး အပါအဝင်ပေါ့နော်။ အိမ်တွေကို လိုက်ပိတ်တယ်ဆိုတာမျိုးက တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို တရားမဝင်တဲ့လုပ်ရပ်ကို လုပ်နေတဲ့အတွက် မင်းအောင်လှိုင်ကိုယ်တိုင်ပဲ အဲဒီမတရားတဲ့လုပ်ရပ် အပေါ်မှာ ပြန်လည်ပြီးတော့ တရားစွဲဆိုခြင်းခံရလိမ့်မယ်။ ပြန်လည်ပြီးတော့ အပြစ်ပေးခြင်းခံရလိမ့်မယ်။ ပြန်လည်ပြီးတော့ သူ ကိုယ်တိုင် လည်စင်းခံပြီးတော့မှ လုပ်ရပ်အမှားတွေအပေါ်မှာ သူပဲတရားခံဖြစ်သွား လိမ့်မယ်လို့ ပြောချင်ပါတယ်”
ဒီလိုမတရား အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို မှတ်တမ်းပြုစုပြီး နိုင်ငံတကာတရားရုံးတွေကို တိုင်ကြားသွားမှာမို့ တစ်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဒီကိစ္စတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့လည်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသွားပါတယ်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း လိုပဲ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့နေအိမ်ကို ချိတ်ပိတ်သိမ်းယူမယ့်အကြောင်း ဧရာဝတီတိုင်း စစ်ကောင်စီတာဝန်ရှိသူတွေက မိသားစုကို ခေါ်ယူသတိပေးခဲ့တယ်လို့ သားဖြစ်သူ ကိုစောမင်းထိုက်ကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ရေးသားခဲ့ပါတယ်။
"တရားမဝင်တဲ့လုပ်ရပ်ကို လုပ်နေတဲ့အတွက် မင်းအောင်လှိုင်ကိုယ်တိုင်ပဲ အဲဒီမတရားတဲ့လုပ်ရပ်အပေါ်မှာ ပြန်လည်တရားစွဲဆိုခြင်းခံရလိမ့်မယ်"
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အကြမ်းဖက်သမား တွေကို နှိမ်နင်းတဲ့အခါ သူတို့ရဲ့ရေသောက်မြစ်ကို ဖြတ်ရတာကြောင့် အခုလို သိမ်းယူတာလို့ RFA ကို ပြောပါတယ်။
“ကြေညာချက်တွေ ဥပဒေတွေအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လာရင် အကြမ်းဖက်လုပ်ရပ်တွေရဲ့ ရေသောက်မြစ်ကို ဖြတ်ရတာရှိပါတယ်။ အကြမ်းဖက်လုပ်ရပ် အားပေးတဲ့သူတွေနဲ့ အကြမ်းဖက်လုပ်ရပ်ကို အားပေးနေတဲ့သူတွေ ပိုင်ဆိုင်နေတဲ့ ဟာတွေ စီးဆင်းမှုတွေကို ဖြတ်တောက်ရတာ ရှိပါတယ်။ ဒီတိုင်းပဲ ကျနော်တို့ ဆောင်ရွက်ခြင်းဖြစ် ပါတယ်”
နေအိမ်တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုကျူးလွန်ရင် အဲဒီနေအိမ်၊ တိုက်ခန်းတွေ သက်သေခံအဖြစ် သိမ်းဆည်းခံရမှာဖြစ်သလို အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ရင် နိုင်ငံပိုင်သိမ်းယူသွားမယ့်အကြောင်း စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူ့အတွက်အကျိုးရှိမယ့် ဥပေဒတွေကို လိုသလိုပြင်ဆင်ထုတ်ပြန်ပြီးမှ ပြည်သူတွေရဲ့ နေအိမ်တွေကို အခုလို လက်လွတ်စပယ်သိမ်းယူနေတာ ဥပဒေနဲ့မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြဝေဖန်ပါတယ်။
“အဲဒါကို စစ်တပ်က အဲဒီအာဏာကို လုပ်ခွင့်မရှိဘူး။ သူတို့ပြင်ဆင်ထားတဲ့ ဥပဒေတွေ အများကြီးပဲ။ အဲဒီမှာလည်း မပါဘူး။ အဲဒါတွေက မင်းအောင်လှိုင်လက်ထက်မှာ ဥပဒေတွေ အသစ်ပြဌာန်းပြီးတော့ ငါလုပ်တယ်ကွာ။ ဘာဖြစ်လည်း ငါဘုရင်ဖြစ်တယ်။ ငါ့ဟာငါ ဘယ်နှစ်ပတ် ပတ်ပတ်။ ဘာနိုင်ငံတကာ ဥပဒေလဲ။ ဘာတွေ ညာတွေ လိုက်နာစရာလိုလဲ။ ဘယ်ကောင်မှ ဂရုမစိုက်ဘူး။ အမေရိကန်၊ တရုတ်။ တရုတ်တော့ ဂရုမစိုက်လို့ မရဘူး။ အမေရိကန်လား ပျင်းတယ်။ သံတမန်ကိစ္စကုန်သွားရင် အမေရိကန်က ဘာလုပ်မှာလဲ။ အမေရိကန်က ဝင်တိုက်မှာလား။ လုံးဝ မတိုက်ဘူး။ သိတယ်။ သူတို့က အဲဒါတွေကို သိတယ်။ သိလို့ ထင်ရာလုပ်နေတာ”
စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေတွေ အမိန့်တွေအားလုံးရဲ့ ရည်ရွယ်ချက်က NLD ပါတီနဲ့ ဆက်စပ်သူအားလုံး အလုံးစုံ ပျက်သုဥ်းရေးကိုပဲ ဦးတည်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
“အိမ်တွေ စီးပွားရေးလုပ်ငန်းတွေ နောက်ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတယ်ဆိုတာကတော့ အခြေခံလူ့အခွင့်အရေးကို ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ ဥပဒေအရလားဆိုရင် စကစကဖန်တီးထားတဲ့ ဥပဒေနဲ့ လုပ်နေတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအရ NLD ပါတီ ဘယ်လိုမှနလန်မထူ နိုင်အောင် NLD ပါတီထောက်ခံတဲ့လူ၊ NLD ပါတီ လိုလားတဲ့လူမှန်သမျှ အားလုံးကို နိုင်ငံရေးအရဖမ်းဆီးဖို့၊ စီးပွားရေးအရ ဖြိုခွဲဖို့ နောက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူထောင်ချဖို့၊ လိုအပ်လို့ရှိရင် လိုအပ် တယ်ထင်တဲ့တချို့ကိုတော့ သတ်ဖြတ်တာတွေအထိပါ လုပ်နေပါတယ်”
RFA က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းတွေအရ ချိတ်ပိတ်သိမ်းယူခံရတဲ့အထဲမှာ NUG အစိုးရအဖွဲ့ ဝန်ကြီးတွေအပြင် မန္တလေးတိုင်း မိတ္ထီလာမြို့က ရွှေအုန်းပင်စားသောက်ဆိုင်၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရာဂူးနေမြင့်၊ သူနဲ့အတူ အဖမ်းခံထားရတဲ့ မမေဇော်အောင်၊ ၈၈ (မျိုးဆက်) ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးအဖွဲ့မှူး ဦးဇော်ဝမ်းမောင်၊ မြင်းခြံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုစည်သူမြတ်နဲ့အတူ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းက NLD ပါတီဝင်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။