စစ်တပ်ရက်စက်မှု စစ်ရာဇဝတ်မှုအဆင့်ရောက်ဟု သတင်းတစ်ရပ် ဖော်ပြ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.02.13
စစ်တပ်ရက်စက်မှု စစ်ရာဇဝတ်မှုအဆင့်ရောက်ဟု သတင်းတစ်ရပ် ဖော်ပြ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတချို့။
Reuters

မြို့နယ် ၃၇ မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် ကြေညာထားပြီး ဒေသခံပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု စစ်ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေကြောင်း ဗာတီကန်အခြေစိုက် Agenzia Fides သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကြားက ပြည်သူ့ကာကွယ်ရေး အမာခံနယ်မြေတွေမှာ အရပ်ဘက်ပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီက ပိုမိုပြင်းထန်တဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့အတူ ပြည်သူတွေအပေါ် စစ်တပ်ရဲ့ဖိအားဟာ ပိုမိုပြင်းထန်ခဲ့ပါတယ်။

နေရာပြောင်းရွှေ့ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ဆင်းရဲဒုက္ခကလည်း ဆိုးရွားလွန်းလှပြီး ဒေသခံပြည်သူတွေအပေါ် စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုက စစ်ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေကြောင်း၊ ဗာတီကန်အခြေစိုက် Agenzia Fides သတင်းက ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ တိုးမြှင့်လိုက်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတတစ်ဝန်း မြို့နယ် ၃၃၀ ထဲက ၆၅ မြို့နယ်မှာ တရားဥပဒေစိုးမိုးရေး ပြန်လည်ဖော်ဆောင်မှာဖြစ်ကြောင်း ဒါ့ပြင် အတည်ပြုပြီးဆောင်ရွက်ချက် အစီအစဉ်တွေနဲ့အတူ ဒေသန္တရအုပ်ချုပ်ရေးမြို့သစ် ၃၇ ခု တရားဝင်ပြဋ္ဌာန်းမှာဖြစ်ပြီး ဒေသဆိုင်ရာတပ်မှူးတွေရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ ရန်ကုန်၊ မန္တလေး နဲ့ ချင်းပြည်နယ်တွေထဲက တချို့နေရာတွေကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာခဲ့တဲ့အတွက် နောက်ထပ် ပြည်သူခြောက်ထောင်ဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။

image.jpg
စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အာဏာသိမ်းစစ်ကောင်စီကလည်း စစ်အုပ်ချုပ်ရေးကြေညာချက် ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ အမှုအားလုံးကို ရုံးတင်စစ်ဆေးမှာဖြစ်ပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ကြေညာထားပါတယ်။

ဒါ့ပြင် အဲဒီလိုအမှုမျိုးတွေကို သေဒဏ် က လွဲပြီး အယူခံခွင့်မရှိကြောင်း၊ အဲဒီသေဒဏ် အယူခံခွင့်ကိုလည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ထံကို တိုက်ရိုက်တင်ပြရမှာ ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင်းက မြို့နယ် ၃၃၀ မှာ ၁၉၈ မြို့နယ် မှာ တည်ငြိမ်အေးချမ်းနေကြောင်း ဒီအတွက် ဆူပူဆန့်ကျင်မှု မှန်သမျှကို တားဆီးဖြိုခွဲဖို့ လိုကြောင်းလည်း စစ်ကောင်စီက ပြောဆိုပါတယ်။

ဒီအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီရက်ပိုင်းအတွင်း တွေ့ဆုံပြီး အာဆီယံ ညီလာခံအတွင်း မြန်မာကိစ္စ ဖြေရှင်းကြဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အဆိုပြုလိုက်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ကောင်စီ ကိုယ်တိုင် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း သဘောတူညီခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် အမြန်ဆုံးအကောင်အထည်ဖော်ရေး ဖြစ်ပါတယ်။ အဲဒီအဆိုကို အာဆီယံကလည်း နိုင်ငံအားလုံးရဲ့ကျယ်ပြန့်တဲ့ သဘောတူညီချက်တရပ်အဖြစ် ကြေညာခဲ့ပါတယ်။

မြန်မာအနေနဲ့ အာဆီယံအဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်နေပေမယ့် ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်မဖော်ဘဲ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာကို အဆင့်မြင့်ဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ခံထားရတာဖြစ်ကြောင်း Agenzia Fides သတင်းက ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။