EAO တွေ လက်နက်ကိုင်ချင်ရင် BGF အဖြစ် ပူးပေါင်းနိုင်တယ်လို့ စစ်ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုး ပြီးရင် လက်နက်ဆက်ကိုင်ချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင် စီတပ်နဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခွင့် ပေးမယ်လို့ ဩဂုတ် ၂၂ ရက် နေပြည်တော်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
တိုင်းရင်းသား အခွင့်အရေး၊ ဒေသအခွင့်အရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်မှာ ဆွေးနွေးကြရမှာဖြစ်သလို စီးပွားရေးလုပ်လိုတဲ့ EAO တွေကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြု ပေးမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ဖိတ်ခေါ်ရာမှာ NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နဲ့ NCA မထိုး ရသေးတဲ့ သုံးဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့က လက်ခံပြီး နေပြည်တော်မှာ လာရောက်ဆွေးနွေး နေတာ နှစ်ကြိမ်ရှိပါပြီ။
"ညှိနှိုင်းနေတုန်းရှိသေးတယ် စောလျင်စွာနဲ့ ပြေးပြီးလက်မှတ်သွားထိုးလိုက်ကြတော့ ဒါမျိုးတွေ ဖြစ်ပေါ်လာတာ"
စစ်ခေါင်းဆောင်ပြောတဲ့ အချက်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် ဖြစ်လာမှသာ စဉ်းစားကောင်း စဉ်းစားနိုင်မယ်လို့ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု နှစ်ကြိမ်လုပ်ခဲ့တဲ့ PNLO အဖွဲ့ရဲ့ ဒုတိယဥက္ကဌ (၁) ခွန်ထွန်းတင်က ပြောပါတယ်။
“အမှန်ဆိုတော့ ကျနော်တို့ဘက်မှာတော့ အများကြီး ဖြတ်သန်းရဦးမှာပေါ့။ NCA အရ ဆိုရင် DDR တို့ SSR တို့ အဲလိုမျိုးတွေ အများကြီး သဘောတူထားတာမျိုးတွေ ရှိတာ ပေါ့နော့်။ ကျနော်တို့ ဆက်သွားဖို့တော့ လိုသေးတာပေါ့ ။ အခုသူပြောတာတော့ အစိုးရ အတွင်းမှာ သူပြောပြထားတာလား ဘယ်လိုလဲတော့ ကျနော်တို့လည်း ရှင်းရှင်းလင်း လင်း မသိဘူးပေါ့နော်။ နောက်တစ်ခုကလည်း အဲဒီအချိန်တုန်းက ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင် တော်တော်များများကတော့ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမယ်ဆိုတာကိုတော့ သဘောတူပြဌာန်းထားကြတာပေါ့။ ဥပမာ ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ လိုလားတဲ့ နိုင်ငံရေး ပုံစံရလာပြီဆိုရင်တော့ ဒါကတော့ ဖြစ်လာနိုင်တာပေါ့နော့်။ အဓိကကတော့ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ်ပေါ့”
လက်နက်ဆက်ကိုင်ချင်တယ်ဆိုရင် BGF အဖြစ် တာဝန်ထမ်းနိုင်ကြောင်း စစ်ခေါင်းဆောင် ရဲ့ ပြောဆိုချက်အပေါ် စိုးရိမ်ပူပန်မှုတော့ အနည်းငယ်ရှိတယ်လို့ NCA ၁၀ ဖွဲ့ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြော ပါတယ်။
“ဒါ NCA ရဲ့ အနှစ်သာရအရဆိုရင်တော့ NCA ထိုးပြီးတော့ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ နှစ်ဖက်စလုံး ပြောဆိုမှုအရရော နားလည်မှုအရရော NCA ထိုးတယ်ဆိုတာ ကိုယ့်လက်နက်ကို ကိုင်ထား သို့သော် ခလုတ်ပိတ်ထား၊ ပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ဆိုတဲ့ ဒါသူ့ရဲ့အနှစ်သာရပေါ့လေ။ အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ န.စ.က. ဥက္ကဋ္ဌ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုတာတော့ ဒီအပေါ်မှာ လည်းပဲ ဒါကျနော်တို့ အဖွဲ့အစည်းကြားထဲမှာဖြစ်ဖြစ်ပေါ့လေ ကျနော်တို့ တစ်ဖွဲ့ချင်း ကြားထဲမှာဖြစ်ဖြစ် ပူပန်မှုတွေ ရိုက်ခတ်မှုတွေကတော့ အနည်းငယ်ရှိပါတယ်”
PPST အနေနဲ့ကတော့ လက်ရှိ ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအရ အရပ်သားတွေ ကို အကာအကွယ်ပေးရေး အပါအဝင် NCA အနှစ်သာရတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆိုပါတယ်။
အပစ်ရပ် လက်မှတ်မထိုးရသေးပေမယ့် စစ်ခေါင်းဆောင်နဲ့ ပထမအကြိမ် တွေ့ဆုံထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းစုက စစ်ခေါင်း ဆောင် ပြောစကားဟာ NCA ထိုးပြီးမှလို့ ဆိုထားတဲ့အတွက် သူတို့အဖွဲ့အတွက် အကျုံး မဝင်ဘူးလို့ RFA ကို ပြောပါတယ်။
“NCA အချက်အလက်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ အဲလိုနေရာမျိုး သွားဖို့က နိုင်ငံရေးပြေလည်ပြီးမှသာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေ၊ မူဘောင်တွေ အမျိုမျိုး ပေါ့နော်၊ လူနည်းစု အခွင့်အရေးတွေ အာမခံမှုရှိမှပဲ နိုင်ငံရေးကနေ အဆင်ပြေပြီးမှပဲ လုံခြုံရေးပေါင်းစည်းရေးကို ပြန်သွားမယ်လို့ အရင်ထဲက ညှိနှိုင်းခဲ့တာကိုး။ ညှိနှိုင်းနေ တုန်းရှိသေးတယ် စောလျင်စွာနဲ့ ပြေးပြီးလက်မှတ်သွားထိုးလိုက်ကြတော့ ဒါမျိုးတွေ ဖြစ်ပေါ်လာတာ။ အမှန်တကယ်က ဒါက ကျနော်တို့အဖွဲ့ကျတော့ အကျုံးမဝင်ဘူး”
စစ်ကောင်စီဥက္ကဋ္ဌဟာ သူ့ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ခံထားတဲ့ စုစုပေါင်း ၁၀ ဖွဲ့ထဲက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဦးယွက်ဆစ် ခေါင်းဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ အပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) က ကိုယ်စားလှယ်တွေကို မကြာသေးခင်ကပဲ နေပြည်တော်မှာ ဒုတိယအကြိမ် အဖွဲ့လိုက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေး ကလည်း လက်နက်ဆက်ကိုင်ချင်ရင် နယ်ခြားစောင့်တပ် BGF တွေအဖြစ် တာဝန်ထမ်းနိုင်တယ်ဆိုတဲ့ စစ်ခေါင်ဆောင်ရဲ့ ပြောဆိုချက်ကို စစ်မှန်တဲ့ ပြည်ထောင်စု တစ်ရပ် ပေါ်လာမှပဲ ဆက်ဆွေးနွေးရမယ်လို့ RFA ကို ပြောပါတယ်။
“အဲဒီကိစ္စက ကျနော်တို့ အဖွဲ့အနေနဲ့ သိပ်လေးလေးနက်နက် မတွေးမိပါဘူးနော်။ လက်ရှိ နိုင်ငံရေးအခင်း အကျင်းပေါ်မှာ မူတည်ပြီးတော့ သူ့ဘက်ကိုယ့်ဘက် ပြောချင် တာတော့ ပြောကြတာပဲ။ နိုင်ငံရေးအရ အဖြေရှာလို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားနိုင်ပြီ ဆိုခါကျမှပဲ ဒီကိစ္စက ပြောသင့်တဲ့ ဆွေးနွေးသင့်တဲ့ကိစ္စပဲလို့ အဲလိုပဲ မြင်ပါတယ်”
စစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်ဖြုတ်သိမ်းရေးနဲ့ စစ်တပ် အောက် တာဝန်ထမ်းပြီး တပ်မတော်တစ်ခုတည်း ထားရှိရေး မူဝါဒကို ၁၉၈၈ ခုနှစ်နောက် ပိုင်းကတည်းက ကျင့်သုံးလာတာဖြစ်ပြီး ဒီနေ့အထိ ဒီမူကိုပဲ ကိုင်စွဲထားတာလို့ တိုင်းရင်း သားအရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အရင်တုန်းကလည်း အင်အားနည်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက် ဖြုတ်သိမ်းခဲ့ရတာရှိခဲ့ပေမယ့် အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်ဖြုတ်သိမ်းပြီး စစ်တပ်လက်အောက်မှာ တာဝန်ထမ်းဖို့ဆိုတာကို လက်မခံခဲ့တဲ့ အတွက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ တိုင်းရင်းသားအရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အရင်ခေတ်အဆက်ဆက် ဦးသန်းရွှေ လက်ထက်ကရော ရှစ်လေးလုံနောက်ပိုင်း ခေတ် တစ်လျှောက်လုံး သူတို့ အဲဒီမူကိုပဲ ကိုင်ဆွဲထားတာပါ။ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခု သူတို့နဲ့ ပြန်ပေါင်းတယ်ဆိုတာ ဝ တို့ မိုင်းလားတို့ RCSS တို့ ဒီသုံးဖွဲ့ကလွဲရင် ကျန်တာ တွေက အင်အားမရှိတဲ့ အဖွဲ့တွေလေ။ အဲဒီသုံးဖွဲ့ကလည်း အဲဒါကို လက်မခံဘူး။ လက် မခံနိုင်လို့ ဗိုလ်ခင်ညွှန့် လက်ထက်က လုပ်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ပျက်ပြီးတော့ အခု စစ်ရေးအရ ရင်ဆိုင်ထားတာလေ။ စစ်လည်းမဖြစ် ငြိမ်းချမ်းရေး လည်း မရတဲ့ အနေအထားပေါ့ဗျာ။ နောက်ပြီး အဲအဖွဲ့တွေကလည်း နိုင်ငံရေးအရ သူတို့ လိုလားတဲ့ မူရဦးတော့ လက်နက်ကို ဖြုတ်မယ့်အဖွဲ့တွေ မဟုတ်ပါဘူး”
တိုင်းရင်းသားအဖွဲ့တွေ လက်နက်ဖြုတ်သိမ်းပြီး စစ်တပ်အောက် တာဝန်ထမ်းဆောင်ရေး မူကြောင့်ပဲ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု NCA မှာ ပါမလာခဲ့ သလို၊ လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီအခြေအနေဟာ ပိုပြီးအလှမ်းဝေးသွားတယ် လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
ဩဂုတ်လအတွင်း တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွင်း အရင်အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက နေ ရရှိခဲ့တဲ့ သဘောတူညီချက် အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါ အချက်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက တူညီတဲ့အချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။