ကျားဖြန့်လုပ်ငန်းခေါင်းဆောင်တချို့ ဖမ်းမိထားကြောင်း BGF ပြော

RFA Burmese
2025.02.18
ကျားဖြန့်လုပ်ငန်းခေါင်းဆောင်တချို့ ဖမ်းမိထားကြောင်း BGF ပြော ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်နေရာက ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးတဲ့ လုပ်ငန်းတွေကို အဆင့်သုံးဆင့်ခွဲပြီး နှိမ်နင်းဖြိုခွဲနေတယ်လို့ ကရင်နယ်ခြား စောင့်တပ် BGF သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထိုင်း- မြန်မာနယ်စပ်က သတင်းသမားတချို့နဲ့ တွေ့ ဆုံချိန်မှာ ပြောခဲ့ပါတယ်။

"Plan A ကျတော့ ကျွန်တော်တို့ လူမှောင်ခိုကူးခံရတဲ့သူတွေနဲ့ အိမ်ပြန်ချင်တဲ့သူတွေကို ဆက်သွယ်ဖော်ထုတ်ပြီးတော့မှ ပြန်ပို့ရေး နံပါတ် ၂ကျတော့ ကျားဖြန့်လုပ်နေတဲ့ဖြိုခွင်းရေးပေါ့ plan c ကျတော့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို အားလုံးသိမ်းဆည်းပြီးတော့မှ စုပုံပြီးတော့မှ အဲဒီချိန်ကျရင် ပြည်တွင်းပြည်ပ မီဒီယာတွေအကုန်လုံးကိုခေါ်မယ်၊ တပ်နယ်မှူးကြီး ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ ဒါနောက်ဆုံးအပိတ်ပေါ့နော် အဲ့မတိုင်ခင်လေးအရေးကြီးတဲ့ ခေါင်းဆောင်တချို့ကို တချို့တွေလည်း ထိန်းသိမ်းထားပြီးသားဖြစ်တယ် ကျွန်တော်တို့သတင်းလုံခြုံဖို့အရ အဲ့နေ့ကျမှ ထုတ်ပြမှာဖြစ်တယ်"

လတ်တလောမှာတော့ ရွှေကုက္ကိုက ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသား ၁၅၅၇ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ထိုင်းအာဏာပိုင်တွေဘက် လွှဲအပ်ဖို့ အဆင်သင့်ရှိနေပြီလို့လည်း သူက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ငွေလိမ်လုပ်ငန်းနဲ့ လူမှောင်ခိုလုပ်ငန်းတွေ ကြီးကြပ်သူ ရှစ်ဦးလောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ နောက်ကွယ်က ခိုင်းစေတဲ့ ခေါင်းဆောင်တချို့ကိုတော့ ဖမ်းဆီးဖို့ အခက်အခဲရှိနေတယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

"အချိန်တန်ရင်တော့သိရမှာပေါ့ လောလောဆယ်က ဒီမှာက သူ့ရဲ့ လုပ်ငန်းရှင်ကြီးတွေကျတော့ သူတို့ကဒီမှာနေပြီး အလုပ်လုပ်ကြတာမဟုတ်ဘူး ဒါကတော့ ဒီလုပ်ငန်းကိုနားလည်တဲ့သူတွေသိတယ် သူတို့က ဒီနေရာမှာ လာမနေကြဘူး သူတို့ရဲ့အောက် မန်နေဂျာတို့ ဘာတို့က အစ်ကိုတို့ထိန်းသိမ်းထားပြီးသား အဲ့ဒီကနေပြီးတော့မှ အရင်သူဌေးတွေက လက်ရှိအဝေးကနေပြီးတော့ Control လုပ်ကြတာပေါ့"

ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းရာမှာ ကြုံရတဲ့အခက်အခဲတွေကိုလည်း ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က… "အဆိုးဆုံး အချက်ကဘာလဲဆိုတော့ အမြောက်အများသောလူတွေကို ကျွန်တော်တို့ အခေါက်ခေါက်အခါခါ မော်တော်ယာဉ်နဲ့ သယ်ပို့တဲ့နေရာမှာ ကျွန်တော်တို့အတွက် စက်သုံးဆီ တော်တော်အခက်အခဲဖြစ်တယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့ တင်ပြထားတာရှိပါတယ်၊ မြဝတီကိုပို့ရတာရှိတယ် စစ်သုံးမော်တော်ယာဉ်ကားကြီးတွေနဲ့ ကျွန်တော်တို့ပို့ရတဲ့အခါ စက်သုံးဆီ ကျွန်တော်တို့မှာ အခက်အခဲရှိတယ်၊ စားတာကတော့ ကျွန်တော်တို့က အခုလက်ရှိ Team (အဖွဲ) ကလေးတွေ လုပ်ပြီးတော့မှ ချက်ပြုတ်ပြီးတော့မှ ဗူးလေးတွေနဲ့ထည့်ပေးတယ် အဲ့မှာကလည်း ဘာသာခြားတွေအတွက်လည်း ခွဲချက်ပေးရတာရှိတယ် အဲ့မှာမှ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် ဆေးခန်းပြတာတို့ TB ဆိုရင်လည်း TB ကိုကျော်လွန်ပြီးတော့ ကင်ဆာအဆင့်ကိုရောက်နေပြီ သူ့ကိုလည်းသီးခြားခွဲထားတယ် အဲ့လိုအခက်အခဲတွေလည်း အများကြီးရှိတယ်" လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစပြီး ငွေလိမ်လုပ်ငန်းတွေကနေ ထိန်းသိမ်းထားသူတွေကို မြဝတီ မြို့အားကစားရုံ၊ မြဝတီ BGF စည်းကမ်းထိမ်းသိမ်းရေးနဲ့ ကွပ်ကဲရေးရုံး၊ ချစ်ကြည်ရေးတံတားအမှတ်၂ နေရာတွေမှာ ယာယီထားပြီး ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ထိုင်းအာဏာပိုင်တွေဘက်က လွှဲပြောင်းလက်ခံနိုင်မယ့် အရေအတွက်အတိုင်း ကရင်နယ်ခြားစာင့်တပ် (BGF) နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေက လွှဲပေးသွားမှာဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာတဲ့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို ဖြိုခွဲဖို့အတွက် ထိုင်းအစိုးရက နယ်စပ်နေရာ ငါးခုကို လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်ဖြတ်တောက်လိုက်တာ အခုဆို နှစ်ပတ်ခန့်ရှိလာပါပြီ။


ဆက်နွှယ်သောသတင်းများ

ကျားဖြန့်နဲ့ဆက်စပ်သူ တစ်ထောင်ကျော် ဖော်ထုတ်ထားကြောင်း BGF ပြော

BGF ခေါင်းဆောင်ကို အရေးယူဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ တိုက်တွန်း

ဆိုက်ဘာလိမ်လည်မှုတွေနဲ့ ဆက်စပ်သူ တစ်သောင်းကို ထိုင်းဆီ လွှဲပေးမယ်လို့ BGF ပြော


ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေ အခြေချတဲ့ နယ်မြေတစ်ဝိုက်ကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် သုံးဦးကိုလည်း လူကုန်ကူးမှုနဲ့ ဖမ်းဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေ စွပ်စွဲသလို လူကုန်ကူးမှုတွေနဲ့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ BGF ဘက်က ငြင်းဆိုထားသလို ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေးကို အကောင်အထည်ဖော်လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံထဲကို နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်လာပြီး မြဝတီ-ရွှေကုက္ကိုက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ဒုစရိုက်မှုကျူးလွန်ခဲ့ကြတဲ့ နိုင်ငံခြားသား ၁၃ဝဝ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကြေညာပါတယ်။ ဇန်နဝါရီ ၃ဝ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း ရှာဖွေဖော်ထုတ်ဖမ်းဆီးထားတာလို့ ဆိုပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံထဲ ဝင်လာကြတာလို့လည်း စစ်ကောင်စီက ပြောပါတယ်။ ဒီနိုင်ငံခြားသားတွေကို အမြန်ဆုံးလွှဲပြောင်းပေးဖို့နဲ့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း၊ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် ထိုင်း၊ တရုတ်အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ခန့်မှန်း တစ်သောင်းကို ကယ်တင်နိုင်လိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။