ငွေလိမ်လုပ်ငန်းကလူတွေကို သက်ဆိုင်ရာနိုင်ငံတွေကလက်မခံသေးကြောင်း BGF ပြော
2025.02.26

ကရင်ပြည်နယ် မြဝတီမြို့နယ်က ငွေလိမ်လုပ်ငန်းတွေမှာရောက်နေတဲ့ နိုင်ငံခြားသား ခုနစ်ထောင်ကျော်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ရှာဖွေထိန်းသိမ်းခဲ့ပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပြန်လက်ခံဖို့ အသင့်မဖြစ်သေးကြောင်း BGF တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။
သူတို့ကို ထိုင်းနိုင်ငံကတစ်ဆင့် ပြန်ပို့ဖို့စီစဉ်တဲ့အခါမှာ မူလနိုင်ငံတွေက ပြန်လက်ခံဖို့တွန့်ဆုတ်နေကြတဲ့အတွက် သူတို့ဆီမှာ သောင်တင်နေတယ်လို့ BGF သတင်းပြန်ကြားရေး တာဝန်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
"တစ်နေ့ကို ငါးရာနှုန်းနဲ့ ပြန်ပို့နိုင်မယ်ဆိုရင်တော့ လက်ရှိကယ်ဆယ်ရေးနဲ့ ချေမှုန်းရေးကို ကျွန်တော်တို့ ဦးစားပေးအမြန်လုပ်တာပေါ့နော်၊ လုပ်တဲ့အခါကျတော့ အခုလူဦးရေ ခုနစ်ထောင်ကျော်ဖြစ်လာတယ်၊ ဒီစည်းကမ်းထိန်းသိမ်းရေးရုံးမှာ တရားဝင်နိုင်ငံတော်ဘက်က စစ်ဆေးနေတဲ့အပိုင်းက လူပေါင်း နှစ်ထောင်ကျော်သွားပြီ၊ နောက်ထပ် ငါးထောင်ကျော် စစ်ဖို့ကျန်တယ်၊ ဒါပေမဲ့ နှစ်ထောင်ကျော်စစ်ပြီးတော့လည်း ဒီ နှစ်ထောင်ကျော်က ပြန်မပို့နိုင်သေးဘူး၊ အဲလိုဖြစ်တယ်၊ နေရာကိုထားလို့မရဘဲနဲ့ အနောက်ကတစ်ဖွဲ့ပို့၊ စစ်၊ ဒီနေရာပြန်ထား၊ အဲလိုတွေလုပ်နေရတယ်ပေါ့နော်၊ အစတုန်းကတော့ အားလုံးကဆောင်ရွက်မယ်ဆိုပြီးတော့ ပြောတာဘဲ၊ တကယ်တမ်း ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါကျတော့ ပြန်လက်ခံဖို့အတွက်က တွန့်ဆုတ်ကြတော့ အဲဒါကြီးကပြဿနာရှိတယ်"
မြဝတီမြို့တွင်းနဲ့ KK park၊ AA Park၊ ဧကတစ်ရာက တရုတ်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ နိုင်ငံ နှစ်ဆယ့်ရှစ်နိုင်ငံက လူပေါင်း ခုနစ်ထောင်ကျော် (၇၁၄၁ ဦး) ကို တွေ့ရှိခဲ့တာလို့ ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်နဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ ပါဝင်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
ဆက်နွှယ်သောသတင်းများ
BGF ခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီးဖို့ ထိုင်းအစိုးရကို JFM တိုက်တွန်း
ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား သုံးရာကို BGF ထပ်မံလွှဲပြောင်း
ငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံခြားသား ခြောက်ထောင်ကျော် ထိန်းသိမ်းထားကြောင်း BGF ပြော
အဲဒီနိုင်ငံခြားသား ခုနစ်ထောင်ကျော်ကို KK park၊ မြဝတီအားကစားရုံ၊ BGF ကွပ်ကဲရေးရုံး၊ ရွှေကုက္ကို ရထိုက်ကုမ္ပဏီရုံး နေရာတွေမှာ BGF အဖွဲ့က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတချို့ ကြုံတွေ့ခဲ့ရတာတွေကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ရာမှာ တရုတ်နိုင်ငံသား တစ်ယောက်က လစာမရဘဲ အလုပ်လုပ်ခဲ့ရကြောင်း ပြောထားပါတယ်။
"မြဝတီမြို့ မေတ္တာလင်းမြိုင်ကျေးရွာ ဧက ၁၀၀ ဆိုဒ်ထဲက တရုတ်လူမျိုး Zhong Guo ပိုင်တဲ့ Huan Ya ကုမ္ပဏီမှာ အွန်လိုင်းကနေတစ်ဆင့် လိမ်လည်ရတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ လစာတော့ မရခဲ့ပါဘူး"
BGF ထိန်းသိမ်းထားတဲ့ထဲက အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဆယ့်လေးဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးတာဝန်ရှိသူတွေက မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေလွှဲပြောင်းလက်ခံပြီး ဘန်ကောက်မြို့က အင်ဒိုနီးရှားနိုင်ငံသံရုံးကို ခေါ်သွားမယ်လို့ ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) ကတော့ BGF က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ခုနစ်ထောင်ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေက အမြန်ဆုံးပြန်ခေါ်ဖို့ တိုက်တွန်းထားပြီး ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားကြောင်း The Nation သတင်းမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံက ပြန်လက်ခံဖို့ အာမခံချက်မရှိသူတွေကို ထိုင်းနိုင်ငံထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ တရုတ်နိုင်ငံသား လေးထောင့်ရှစ်ရာကျော်ပါဝင်ပြီး အဲဒီထဲက လူခြောက်ရာကျော်ကိုသာ တရုတ်နိုင်ငံက ပြန်ခေါ်ထားကြောင်း The Nation သတင်းမှာ ဖော်ပြထားပါတယ်။
မကြာခင်မှာ မြန်မာ၊ ထိုင်းနဲ့ တရုတ်သုံးနိုင်ငံ ဆွေးနွေးပွဲကျင်းပဖို့ရှိနေပြီး ကျန်နေသေးတဲ့ တရုတ်နိုင်ငံသားတွေကို ခေါ်ယူရေး ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။
တရုတ်နိုင်ငံသားတွေ ပြန်ခေါ်ဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ထိန်းသိမ်းထားသူတွေကို တစ်နေရာထဲမှာ လူမျိုးပေါင်းစုံ စုပေါင်းထားရတာကြောင့် ပြန်ပို့ဖို့အတွက် ရက်ကြာလာရင် ထိန်းသိမ်းထားသူတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိလာနိုင်ကြောင်းလည်း ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
"ကျွန်တော်တို့ကလည်း အရမ်းထိန်းသိမ်းရခက်တယ်ဗျ၊ အဲဒီအခါကျတော့ နှုတ်နဲ့ပဲ ကိုကဖြေရှင်းနေရတယ်၊ သူတို့ကအုပ်စုနဲ့ဆိုရင် အဲလိုမျိုးပေါ့ သူတို့ဘက်က တစ်ယောက်တစ်ပေါက်နဲ့ တင်ပြတာတွေကလည်း အများကြီး၊ အခက်အခဲက ကျွန်တော်တို့က မပို့တာမဟုတ်ဘူး၊ ကျွန်တော်တို့က ဒီနေ့ရရင် ဒီနေ့ပို့ချင်တယ်၊ ဒါပေမဲ့ တစ်ဖက်နိုင်ငံက သူတို့လူကြို ကိစ္စတွေမှာ နှောင့်နှေးနေတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီ Operation ကလည်း အရှိန်လျှော့ထားရတယ်ပေါ့"
BGF တပ်ဖွဲ့အနေနဲ့ ငွေလိမ်လုပ်ငန်းတွေပြန်မလုပ်နိုင်အောင် စီမံချက်ချပြီး ဆက်လုပ်သွားမယ်လို့လည်း ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်သွားမယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြောထားပါတယ်။