ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား သုံးရာကို BGF ထပ်မံလွှဲပြောင်း

RFA Burmese
2025.02.20
ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား သုံးရာကို BGF ထပ်မံလွှဲပြောင်း မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းမှ တရုတ်နိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းဘက်သို့ လွှဲပြောင်းပေးနေသည်ကို တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေက တရုတ်နိုင်ငံသား သုံးရာကို ဖေဖော်ဝါရီလ ၂၁ ရက် ဒီနေ့မှာ ထပ်မံလွှဲပြောင်းပေးမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးချိန် တရုတ်နိုင်ငံသားတွေထဲက ပြစ်မှုကျူးလွန်ရာမှာ သံသယရှိသူတွေလို့ ယူဆသူတွေကို လွှဲပြောင်းပေးတာလို့ သူက ပြောပါတယ်။

“ဒီနေ့ တရုတ်နိုင်ငံသား သုံးရာ သွားပို့နေပြီ။ ကျားဖြန့်ရုံတွေထဲက မိတာဆိုတော့ သံသယရှိ တရားခံတွေကိုပဲ ကျွန်တော်တို့က ပို့ဆောင်ပေးတာပါ။ လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရအချင်းချင်း ဆောင်ရွက်ကြတာ”

ကျားဖြန့်လုပ်ငန်းတွေထဲက စိစစ်ထားတဲ့ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ရှိတဲ့အထဲ ဖေဖော်ဝါရီလ ၂၀ ရက် မနေ့က တရုတ်နိုင်ငံသား နှစ်ရာကို လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့မှာ သုံးရာ ထပ်မံလွှဲပေးပြီး နောက်ရက်တွေမှာလည်း လွှဲပြောင်းပေးဖို့ရှိတဲ့အကြောင်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစလို့ မြဝတီနဲ့ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက်စစ်ဆေးနေပြီး လက်ရှိအချိန်အထိ တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ၁၅၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူအဖြစ် သံသယရှိတဲ့ တရုတ်နိုင်ငံသား ရှစ်ရာကျော်ကို ထိုင်းနိုင်ငံကနေတစ်ဆင့် တရုတ်ကို ပြန်ပို့မယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပူးပေါင်းပြီး ရာဇဝတ်မှုတိုက်ဖျက်ရေး၊ အွန်လိုင်း လိမ်လည်မှုနဲ့ လူကုန်ကူးမှုစတဲ့ နိုင်ငံဖြတ်ကျော်ပြစ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ သဘောတူထားတယ်လို့ တရုတ်သံရုံးက ပြောပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၁၇၆၃ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွင်းမှာ စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။