ငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရေး ဆက်လုပ်နေကြောင်း BGF ပြော
2025.03.09

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာရှိနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ထောင့်လေးရာကျော် (၁၄၃၀ ဦး)ကို မတ်လအတွင်းမှာ ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံကတစ်ဆင့် တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း BGF တပ်ဖွဲ့က ပြောပါတယ်။
မတ်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အတွင်းမှာ တရုတ်နိုင်ငံသား အလုပ်သမား ၁၄၃၀ ဦးကို လေကြောင်းနဲ့ သုံးကြိမ်ခွဲပြီး ပြန်ပို့ခဲ့တာလို့ မြဝတီ BGF ကွပ်ကဲရေးရုံးသတင်းအရင်းအမြစ်က ပြောပါတယ်။
BGF တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ငါးထောင်ဝန်းကျင်လောက်ကျန်နေသေးတာကြောင့် သံရုံးတွေ၊ စစ်ကောင်စီဌာနဆိုင်ရာအကြီးအကဲတွေ၊ ထိုင်းအာဏာပိုင်၊ တရုတ်နိုင်ငံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြန်လည်လွှဲပြောင်းဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ BGF တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
"ကျွန်တော်တို့ ဒီအထူးနှိမ်နင်းရေးအဖွဲ့ကတော့ ကျွန်တော်တို့က ခေတ္တယာယီဖွဲ့လိုက်တဲ့အဖွဲ့တော့မဟုတ်ဘူး၊ ဒီအဖွဲ့ကတော့ ကျွန်တော်တို့က အမြဲရှိသွားမဲ့အဖွဲ့ဖြစ်တယ်။ ဒီအဖွဲ့ကတော့ တောက်လျှောက်အလုပ်လုပ်သွားမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ဒါပေမဲ့ ခုနလိုပေါ့ ကျွန်တော်တို့ကတော့ အလုပ်ကတော့ ဆက်တိုက်ဆက်တိုက်လုပ်သွားမယ်။ ကျွန်တော်တို့ အခုရပ်တန့်လိုက်တာမဟုတ်ဘူး။ လက်ရှိလူထောင်ဂဏန်းဖြစ်တဲ့ ဥစ္စာကို ထားဖို့အခက်အခဲတစ်ခုကြောင့် ကျွန်တော်တို့ဟာ လက်ရှိအရှိန်နည်းနည်းလျှော့လိုက်တာပေါ့။ ဒါပေမဲ့ တောက်လျှောက် ကျွန်တော်တို့ဆက်လုပ်သွားမယ်"
BGF တပ်ဖွဲ့က ရှာဖွေဖမ်းဆီးခဲ့တဲ့ ငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသား ခုနစ်ထောင်ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံက နိုင်ငံသားတွေပါဝင်ပြီး အများစုက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံတစ်ဆင့် ပြန်ပို့နေရာမှာ ဖေဖော်ဝါရီလက ၆၂၁ ဦးနဲ့ မတ်လအတွင်း ၁၄၃၀ ဦး ရှိခဲ့တာကြောင့် ပြန်လွှဲပေးထားတဲ့ တရုတ်နိုင်ငံသား နှစ်ထောင်ကျော် (၂၀၅၁ ဦး) ရှိနေပြီ ဖြစ်ပါတယ်။
ငွေလိမ်လုပ်ငန်းနှိမ်နင်းရေးကို တခြားနိုင်ငံတွေ အဖွဲ့အစည်းတွေက ကူညီတာမရှိဘဲ BGF အဖွဲ့တစ်ခုတည်းကသာ ဆောင်ရွက်နေရကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
ငွေလိမ်လုပ်ငန်းနဲ့ လူမှောင်ခိုတိုက်ဖျက်ရေး လုပ်နေကြောင်းပြောပေမဲ့ BGF ထိန်းချုပ်နယ်မြေတွေမှာ ငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငွေလိမ်လုပ်ငန်းတွေ ဆက်လုပ်နေတဲ့အပြင် အလုပ်ခေါ်နေတာတွေလည်းရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငွေလိမ်လုပ်ငန်းမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
"တရုတ်တွေဖမ်းတယ် ပြန်ပို့တယ်။ နိုင်ငံခြားသားတွေဖမ်းတယ်။ ပြန်ပို့မယ် လုပ်နေတာက သပ်သပ်ပေါ့နော်။ အဲဒီလိုမဖမ်းသေးဘဲ ဆက်လုပ်နေတဲ့ တရုတ်ရုံ၊ ထိုင်းရုံတွေရှိနေတယ်။ ကျောက်ဖျာဂိတ်၊ ခရမ်းပြာရုံတို့ ၃၂ ဂိတ်၊ ၄၆ ဂိတ်တို့ မြဝတီမှာရှိတယ်။ ကုက္ကိုမှာလည်းရှိတယ်။ မြန်မာပိုင်းကလုပ်မဲ့သူတွေလည်း အလုပ်သမား ခေါ်နေတာပဲ"
ဆက်နွှယ်သောသတင်းများ
ကျားဖြန့်လုပ်ငန်းတွေက နောက်ထပ် တရုတ်နိုင်ငံသား သုံးရာဝန်းကျင်ကို လွှဲပြောင်း
မြဝတီကလူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော် နေရပ်ပြန်ဖို့ ကြိုးစားနေ
ငွေလိမ်လုပ်ငန်းကလူတွေကို သက်ဆိုင်ရာနိုင်ငံတွေကလက်မခံသေးကြောင်း BGF ပြော
ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင် သုံးဦးကို လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ရှေ့နေချုပ်ရုံးကို မတ် ၃ ရက်က တင်သွင်းထားပါတယ်။
ထိုင်းအာဏာပိုင်တွေ စွပ်စွဲသလို BGF ခေါင်းဆောင်တွေ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း BGF အဖွဲ့က ငြင်းဆိုထားပါတယ်။