စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘာတွေကွာခြားသလဲ
2023.09.02
ဒီမိုကရေစီအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတစ်ရပ်လုံး အုံကြွမှုကနေ ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကြာမြင့်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်အားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အင်အားနဲ့ နယ်မြေထိန်းချုပ်မှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
စစ်ကိုင်းတိုင်း ကနီမြို့နယ် အမှတ် (၁) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုတာတီးက သူတို့တပ်တွေဟာ ချင်းတွင်းမြစ်ဆိပ်ကမ်းတွေကို ထိန်းသိမ်းထားပြီဖြစ်တယ်။ NUG အစိုးရပေးတဲ့ လက်နက်တွေအပြင် သူတို့ကိုယ်တိုင်လည်း ခေတ်မီလက်နက် တချို့ကို ဝယ်ယူသုံးစွဲနေတယ်၊ အရင်နှစ်တွေကလို တူမီးသေနတ်တွေကို မသုံးတော့ပါဘူးလို့ RFA ကို ပြောပါတယ်။
“လက်ရှိတော့ ရေဂိတ်မှာကင်းတွေချပြီး မော်တော်တွေကို စစ်ဆေးတာတွေလုပ်တယ်။ နောက်ပြီး စနိုက်ပါတွေနဲ့ လုပ်တာတွေရှိတယ်။ ကျွန်တော် တို့မှာ စနိုက်ပါ နှစ်လက်ရှိတယ်။ အဲဒါကတော့ ကိုယ်ထူကိုယ်ထ ဝယ်ထားတာပါ၊ တူမီးတွေတော့ ကျွန်တော်တို့ မသုံးတော့ပါဘူးခင်ဗျ။”
သူတို့တပ်ရင်းကို NUG ကလည်း အခုလက်နက်တွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ကနီဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပြီဖြစ်ပေမဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် မြို့သိမ်းတိုက်ပွဲတွေကိုတော့ အကန့်အသတ်နဲ့ပဲ ဆင်နွှဲနေရတယ်လို့လည်း သူကပြောပါတယ်။
“ မြစ်ရဲ့အရှေ့ဖက်အခြမ်းကိုကျွန်တော်တို့ လုံးဝ စိုးမိုးထားပြီခင်ဗျ။ စစ်ကြောင်းကင်းပြီခင်ဗျ။ အနောက်ဖက်အခြမ်းကတော့ စစ်ကြောင်းလာရင် တိုက်ခိုက်မှု ရုပ်ရတယ်ခင်ဗျ။ ဒါပေမဲ့ ရဲစခန်းတွေ ဗျူဟာတွေကို ကျွန်တော်တို့ ခြိမ်းခြောက်နိုင်တယ်။ စိုးမိုးထားတယ်။ စခန်းသိမ်းတွေလုပ်ရင်တော့ လေယာဉ် အန္တရာယ်ရှိတယ်။ လေယာဉ်က ဆယ်မိနစ်လောက်အတွင်း ရောက်လာနိုင်တယ်။ ဒါပေမဲ့ ကနီမြို့နယ်ကတော့ PDF အင်အားကောင်းတဲ့ဒေသပါ။ နောက်ပြီး သွေးစည်းမှုလည်း ညီတယ်ခင်ဗျ။ ကျွန်တော်တို့ PDF အချင်းချင်း ပြဿနာလည်း မရှိဘူးခင်ဗျ။”
ဒီအတောအတွင်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာတော့ စစ်ကောင်စီက သူတို့သြဇာခံ ပျူစောထီး တပ်ဖွဲ့တွေမှာ ပါဝင်အမှုထမ်းဖို့ တပ်သားသစ်တွေ အဓမ္မ စုဆောင်းနေပါတယ်။ တင်ငုတ်ကြီးဆိုတဲ့ အိမ်ခြေ နှစ်ရာခန့်ရှိတဲ့ရွာမှာ ရွာသားတွေဟာ မဲနှိုက်ပြီး ပျူစောထီးသင်တန်း တက်ရပါတယ်။ မတက်ချင်သူတွေကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျပ်ငွေခြောက်သိန်းအထိပေးရပါတယ်။ အဲဒီ ပျူစောထီးတပ်သားသစ်တွေကို ရွာသားတွေကပဲ လစာပေးရတယ်လို့လည်း ဒေသခံ ကိုချစ်ပိုဆိုသူက ပြောပါတယ်။
“ မဲနှိုက်လို့မဲပေါက်တဲ့သူ ပျူစောထီးဝင်ရတယ်။ မဲမနှိုက်ချင်ရင် ခြောက်သိန်းအထိ အခုပေးရတဲ့သူရှိတယ်။ သင်တန်းပေးတယ်ဆိုတာလည်း သေနတ် ဖြုတ်တတ်ယုံလောက် သင်တာပါဗျာ။ ပျူသင်တန်းတက်တဲ့သူတွေကို လစာပေးဖို့ ဆယ်အိမ်ခေါင်းတွေကို အခုခေါ်ပြောတယ်။ လစဉ်တစ်သောင်းခွဲ တစ်အိမ်ကို။”
သူ့ရဲ့လုံခြုံရေးအရ ကိုချစ်ပိုရဲ့ ဓာတ်ပုံကိုတော့ ဖော်ပြလို့မရပါဘူးခင်ဗျ။ ရွာသားတွေဟာ ညစဉ် လုံခြုံရေးကင်းစောင့်တဲ့တာဝန်ကိုလည်း အလှည့်ကျထမ်းဆောင်နေရပြီး ကင်းလှည့်ပျက်ကွက်ရင် ကင်းလာစစ်တဲ့ စစ်ကောင်စီတပ်သားတွေက ငွေဒဏ် သို့မဟုတ် ဖားခုန်သလို ခုန်ခိုင်းတဲ့ ပြစ်ဒဏ်ပေးမှုတွေကို ခံရတယ်လို့ဆိုပါတယ်။
အဲဒီလို အနိုင်ကျင့်ဖိနှိပ်မှုတွေရှိပေမဲ့လည်း စစ်ကိုင်းတိုင်းဟာ တစ်စတစ်စနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးမှုအောက်ကို ရောက်ရှိလာနေပါပြီ။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်အင်အားပိုကောင်းပေမဲ့ PDF တွေကို မြေပြင်မှာ ယှဉ်ပြီး မတိုက်နိုင်တော့ဘူးလို့ ကိုချစ်ပို ကပြောပါတယ်။
“ လက်နက်ကွာပေမယ့် PDF က နှစ်ကြာလာတော့ ပိုပြီးထက်မြက်လာတယ်လေ၊ ဒေသကျွမ်းကျင်မှုလည်း ပိုတယ်။ သူတို့ ဘက်ကျတော့ စွမ်းရည်မရှိဘူး၊ ဒီကောင်တွေ အင်အားလျေ့ာနေပြီဆိုတော့ ဟိုသွားလည်း ကြာကြာမနေနိုင်၊ ဒီသွားလည်း ကြာကြာမနေနိုင်၊ ဟိုပြေး ဒီပြေးနဲ့ ဒီကောင်တွေပမ်းပြီ၊ တော်တော်ပမ်းနေပြီ။ တိုက်ပွဲဖြစ်ရင်လည်း သူတို့ မလှုပ်ရှားနိုင်တော့ဘူး။ စိတ်ဓာတ်တွေကျနေပြီ။ အင်အားက လျေ့ာလျေ့ာ သွားတာလေ။ နောက်ပိုင်းပျူတွေနဲ့ အင်အားဖြည့်ရတာလေ။ ပျူတွေကလည်း သေနတ်ပစ်တတ်ယုံပဲ၊ သင်တန်းမှ ပေးမထားတာကိုး။”
စစ်တပ် အာဏာမသိမ်းခင်က မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိမှာ မြန်မာနိုင်ငံတောင်ပိုင်းတိုင်း PDF ထောက်ပို့ တာဝန်ယူနေတဲ့ ကိုရဲမင်း ကလည်း တော်လှန်ရေး ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်တွေက သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“စိတ်ဓာတ်ရော တိုက်ရည်ခိုက်ရည်ရောက မြင့်လာတယ်။ အရင်တုန်းကလို သေနတ်ဖောက်ရပြီးရော ၊ တိုက်ရပြီးရော ပုံစံမျိုးမဟုတ်ဘဲနဲ့ နည်းဗျူဟာရှိတယ်။ စနစ်တကျတိုက်ပွဲဝင်လာတာတွေ ထင်ထင်ရှားရှားတွေ့လာရတယ်။ နှစ်နှစ်ကျော်ကာလမှာ အခု ပြည်သူ့ကာကွယ်ရေးတပ်မတော်သားကြီးတွေ၊ PDF တွေ အခုမှစစ်သားပုံ ပီပီသသဖြစ်လာတာ။ စစ်ကိုင်းတိုင်းကတော့ဗျာ အတွင်းဘက်တွေမှာ PDF တွေက စိတ်ကြိုက်ကိုသွားလာနေကြတော့တာ။ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ။ သေနတ်လွယ်ပြီး ဆိုင်ကယ်နဲ့ သွားနေကြတဲ့ အဆင့်ဖြစ်နေပြီ။"
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကရင်ပြည်နယ်မှာဆိုရင်လည်း မလှုပ်မရှားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့ ကိုရဲမင်းကပြောပါတယ်။ အခုလို နွေဦးတော်လှန်ရေးမှာ ပါဝင်ထောက်ခံနေတဲ့ တော်လှန်ရေးသမားတွေ၊ ပြည်သူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုတော့ လတ်တလော မရရှိနိုင်သေးပါဘူး။