ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ

2022.08.10
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ukhia ရှိ Jamtoli ဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်တဲ့ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်တွေကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကနေ ပယ်ချပြီးတဲ့နောက် သိပ်မကြာခင် အခု ဩဂုတ် လဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လက်ခံမယ့် အကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်ဖော် အသိပေးလာပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကလည်း ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးကို စီစဉ်နေတယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စာရင်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းလောက်ရှိနေပြီး လာမယ့် စက်တင်ဘာလကစလို့ တစ်ရက်ကို အယောက် ၁၅၀ နှုန်းနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်နေတယ်လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ပြောပါတယ်။

"မွတ်စလင်တွေကို ပြန်လက်ခံဖို့အစီအစဉ်က အရင်ကတည်းက အစီအစဉ်ဖြစ်ပါတယ်။ အကောင်အထည်ဖော်ဖို့ကတော့ ကျနော်တို့ဘက်ကတော့ အဆင်သင့်လို့ သိရတာပေါ့ နော်။ မူအားဖြင့်တော့ တစ်ရက်ကို ၁၅၀ တောင်ပြိုလက်ဝဲနဲ့ ငါးခူရက လက်ခံမယ်လို့ ကျနော်တို့ သိထားပါတယ်။ ကျနော်တို့စာရင်းမှာတော့ ငါးသိန်းကျော် ရှိပါတယ်"

သူတို့ကို ပြန်လည်လက်ခံရေးကိစ္စဟာ ပြည်ထောင်စုအဆင့်ကနေ ပြီးခဲ့တဲ့နှစ်တွေ ကတည်းက စီစဉ်နေတာဖြစ်ပြီး ကိုဗစ်ကပ်ဘေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကြန့်ကြာနေတာလို့ သူက ဆိုပါတယ်။

အခုအချိန်မှာတော့ ပြန်လည်လက်ခံရေးကိစ္စဟာ အဆင်သင့်ဖြစ်နေပြီး ပြန်လာမယ့်သူတွေ ကို တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင် စတဲ့ ဒုက္ခသည်စခန်းတွေကတစ်ဆင့် သူတို့ရဲ့ မူလနေရပ်ကို ပို့ဆောင်သွားမယ်လို့လည်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ပြောပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင် က ဒီလိုပြန်လက်ခံတာဟာ စေတနာအမှန်နဲ့ ဆောင်ရွက်တာ ဆိုရင် သူတို့လို အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ထောက်ပြပြောဆိုပါတယ်။

"သူတို့စေတနာမှန်နဲ့ လုပ်နေတာလား ကျနော်တို့မှာ မေးခွန်းထုတ်စရာ ရှိပါတယ်။ သူတို့က နိုင်ငံတကာကို ပြချင်တဲ့အတွက် ဒီလိုလုပ်တာ။ တကယ်လို့ သူတို့ စေတနာ အမှန်နဲ့ လုပ်ချင်ရင် ကျနော်တို့ကို ဆွေးနွေးပါ။ ကျနော်တို့လည်း ပြန်လာချင်ကြတာ လေ။ ဒီမှာ ကျနော်တို့အတွက် အစစအရာရာ အဆင်မပြေဘူး။ အဲဒါကြောင့် ဒီ အခက်အခဲတွေကို နားလည်ပေးပါ။ စာနာပေးပါ။ အဲဒီလိုဆိုရင် ကျနော်တို့လုပ်ပေးလို့ ရတယ်လေ။ အဲဒါတွေ ကို လုံးဝအရေးမစိုက်ဘဲ သူတို့ဟာ သူတို့ လုပ်နေတာ"

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် ဘူးသီးတောင် မောင်တောဒေသကနေ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ခုနစ်သိန်းကျော်၊ ရှစ်သိန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာသတင်းမီဒီယာ တွေက ရေးသားဖော်ပြကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နဲ့ ရခိုင် ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြောင်း အဲဒီအချိန်က စစ်ကောင်စီ ရဲ့ သတင်းစာတွေမှာ ထုတ်ပြောထားပါတယ်။

တရုတ်နိုင်ငံကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကူညီဖို့ စီစဉ်နေပြီး ဩဂုတ်လ ၈ ရက်နေ့က မြို့တော် ဒက္ကားမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူမိုမင်တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ဂျာမနီအခြေစိုက် DW သတင်းက ဖော်ပြပါတယ်။

ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် တရုတ်နိုင်ငံက ရခိုင်ပြည်နယ်မှာ အိမ်အလုံး ၃ဝဝဝ ဆောက်ပေးထားပြီး ပြန်လာမယ်ဆိုရင် ကနဦးပိုင်းမှာ ရိက္ခာအကူအညီတွေ ထောက်ပံ့ပေး ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် ဘာလူဟာလီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် အာလီဂျိန်နာကတော့ နိုင်ငံသားဖြစ်ခွင့်အပါအဝင် သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အဝပေးမယ်ဆိုရင် ပြန်လာဖို့ အဆင်သင့်ရှိပါတယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ကတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးကို ပေးရမယ်။ ကျနော်တို့ လူ့အခွင့်အရေးကို ပြန်လည် ချမှတ်ပေးရမယ်။ ကျနော်တို့မှာရှိတဲ့ မူလနေရာကို ပြန်လည် ချမှတ်ပေးရမယ်။ ကျနော်တို့ ဆုံးရှုံးသွားခဲ့တဲ့ ပစ္စည်းတွေကို နစ်နာကြေး ပေးရမယ်။ အဲဒီလိုမျိုးဆိုရင်တော့ ကျနော်တို့ပြန်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ရဲ့ မူဝါဒနဲ့ဆိုရင်တော့ ကျနော်တို့ ပြန်လာစရာအကြောင်း မရှိတော့ဘူး"

လက်ရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးအပါအဝင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေရတာကြောင့် နေရပ်ကိုပြန်လာချင်ပေမယ့် စစ်ကောင်စီဘက်က သူတို့ရဲ့ အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး တိတိကျကျ အာမခံတာမျိုး မရှိတာကြောင့် ပြန်မလာရဲကြတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုပါတယ်။

"တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီလိုအနေအထားမှာ ပြန်လည်လက်ခံမယ်ဆိုတဲ့စကားဟာ ဘယ်လိုမှဖြစ်နိုင်ခြေမရှိပါဘူး"

စစ်ကောင်စီက အခုချိန်မှာ နိုင်ငံရေးအကျပ်အတည်းမျိုးစုံကြောင့် ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ရှိ တိုင်းပြည်အခြေအနေ မတည်ငြိမ်မှုတွေ ကြောင့် လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ထောက်ပြ ဝေဖန်ပါတယ်။

"ဒီစစ်အစိုးရမှာက သူ့ဟာသူတောင် မနိုင်တဲ့အနေအထားမှာ ပြန်လည်လက်ခံရေးကိစ္စ ကို ဆွေးနွေးနိုင်မလား။ ပြီးတော့ တစ်ဖက်ကလူတွေက သူတို့လိုချင်တဲ့ အခွင့်အရေးကို ရော ဘယ်လောက်ထိရမှာလဲ။ ဒီဘက်ကရော ဘယ်လောက်ထိ အဆင်သင့်ဖြစ်ပြီလဲ၊ အဲဒီအပေါ်မှာ အများကြီးမူတည်တာပေ့ါ။ အခုက ကိုယ့်ဟာကိုယ်တောင် နေလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီလိုအနေအထားမှာ ပြန်လည် လက်ခံမယ်ဆိုတဲ့စကားဟာ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိပါဘူး"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ် တယ်ဆိုတဲ့ စွဲချက်အပေါ် NLD အစိုးရက အရင်က ICJ တရားရုံးအထိ သွားရောက် ကန့်ကွက်ထားတာကို ပယ်ဖျက်လိုက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို လက်ခံမယ်၊ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တိုင်းကို ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ပေးမယ် လို့ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ICJ တရားရုံးဟာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဆက်လက်ကန့်ကွက်ထားတာတွေကို ပယ်ချကြောင်း ဇူလိုင် ၂၂ ရက်နေ့က အမိန့်စာ ဖတ်ကြားခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးဖို့ လက်ခံထားပါတယ်။

icj-jul2022.jpg
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ ရိုဟင်ဂျာမွတ်စလင်များ လူမျိုးတုံးသတ်ဖြတ်မှု အမှုကို ICJ တရားရုံးမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ် (Photo: ICJ)

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင် ကတော့ ဒုက္ခသည်အများစုဟာ ဘဝလုံခြုံမှုရှိရှိ နေရပ်ပြန်လာနိုင်ဖို့အတွက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ICJ တရားရုံးရဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြတယ်လို့ RFA ကို ပြောပါတယ်။

"အခုစစ်ကောင်စီက ပြန်ခေါ်မယ်ဆိုတာက ဘာအခွင့်အရေးပေးမယ်ဆိုပြီး ဘာမှ ပြောကြားထားတာ မရှိတဲ့အတွက် ပြန်လာဖို့လုပ်နေတဲ့ သူတို့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။ အများအားဖြင့် ဒုက္ခသည်တွေက တရားမျှတမှုကို စောင့်ဆိုင်းနေကြ တယ်။ တရားရုံးတွေက ဘယ်လိုဆုံးဖြတ်မယ်၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မူလနေရပ်ပြန်ရေး၊ နောက်ပြီးတော့ သွားလာခွင့်၊ ပညာရေး၊ ပြီးတော့ သူတို့ဆုံးရှုံးသွားတာတွေအတွက် နစ်နာကြေး အားလုံးကို အိုင်စီဂျေက ဆုံးဖြတ်တဲ့အခါ ဒါတွေ ပါလာမယ်။ အိုင်စီဂျေ ကိစ္စက သူတို့နေရပ်ပြန်ရေး အခွင့်အရေး တွေနဲ့ အားလုံး တိုက်ရိုက်ပတ်သက်နေတဲ့အတွက် အများစုကတော့ ဒီဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်"

ဒီအခြေအနေအတွင်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းရေးယန္တရား (IIMM) အဖွဲ့က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို စနစ်တကျ စီစဉ်ပြီးမှ ကျူးလွန်ခဲ့ကြောင်း ဩဂုတ်လ ၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ စာရွက်စာတမ်း အထောက်အထားတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေအပါအဝင် သက်သေခံအထောက်အထား သုံးသန်းကျော်ကို သတင်း ရင်းမြစ်ပေါင်း ၂၀၀ နီးပါးထံကနေ ကောက်ယူစုဆောင်းပြီးမှ ဒီအစီရင်ခံစာကို ရေးသား ထားတာ ဖြစ်ကြောင်းလည်း IIMM အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။