သုံးနှစ်အရွယ်ကလေးငယ် အဖမ်းခံရမှု NUG က ကုလသမဂ္ဂကို သတင်းပို့ထား

မိဘတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံကို ဧပြီ ၅ ရက်နေ့က အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက BC မူကြိုကျောင်း မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်က ဓားစာခံအဖြစ် ဝင်ရောက်ဖမ်းဆီးသွားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ လောက်မှာ မူကြိုကျောင်းကို ဝင်ရောက်လာတာ ဖြစ်ပါ တယ်။ ကျောင်းက ဆရာမတွေကို သေနတ်နဲ့ ထောက်ပြီး ကလေးကို ဖမ်းသွားတာဖြစ်ပြီး အချိန်အားဖြင့် ၁၀ မိနစ်ကျော်သာ ကြာတယ်လို့ BC မူကြိုကျောင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းဆရာမတစ်ဦးက RFA ကို ပြောပါတယ်။
မောင်သန့်ဘုန်းဝေယံကို လာရောက်ဖမ်းဆီးတဲ့အထဲက အရပ်ဝတ်နဲ့ တစ်ဦးက သူဟာ ကလေးရဲ့ ဦးလေးဖြစ်တယ် လို့ ပြောပြီး ကလေးထုတ်ပေးဖို့ တောင်းရာမှာ ကျောင်းဆရာမ တချို့နဲ့ အခြေအတင်ဖြစ်ခဲ့တယ်လို့ အဲဒီ ဆရာမ က ပြောပါတယ်။
"ကလေးတွေအခန်းကို ကျမက လက်နှစ်ဖက်နဲ့ ကာပြီး လုံးဝကို ပေးမဝင်ခိုင်းပါဘူး။ အဲ့ဒီအချိန်မှာပဲ လူတစ်ယောက် က ကျမကို ကလေးထပ်တောင်းတယ်။ ကျမက ကလေးမပေးနိုင်ဘူး။ လူကြီးကိစ္စမို့လို့ ဒီကလေး ကို ကျမမွေးစားမယ် မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ သူတို့က လှုပ်လှုပ်ရှားရှားနဲ့ သေနတ်တွေနဲ့ လူတစ်စု ထပ်ရောက်လာပါတယ်။ အားလုံးပေါင်း လေးယောက်၊ ငါးယောက်လောက်ရှိတယ်။ အဲ့ဒီလို အတိုက်အခံ ငြင်းဆန်နေချိန်မှာပဲ လူနှစ်ယောက်က ကျမကို တွန်းထုတ်ပြီးတော့ ကလေးကို ယူဖို့ လုပ်ပါတယ်။ အဲဒီလို လုပ်နေချိန်မှာ ဆရာမတစ်ယောက်က ကလေးကို ခေါ်ပြီး ထွက်လာတဲ့အချိန်မှာပဲ ကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးတော့ ပြီးတဲ့ အခါမှာ ကလေးဟုတ် မဟုတ်စစ်ပြီး ထွက်သွားဖို့ လုပ်တော့ ကျမကို လက်ထိတ်ခတ်မယ့် အစီအစဉ် ပျက်သွားတယ်။ တံခါးပေါက်နားရောက်မှ သူတို့က ဘာပြောသွားလဲဆိုတော့ PDF တွေ ကလေးကို လာခေါ်လိမ့်မယ်။ အဲလိုလာခေါ်ရင် နင်တို့ ရဲစခန်းကို တိုင်လိုက်လို့ ပြောသွားတယ်"
ကလေးရဲ့ မိခင်ဖြစ်သူ မဝေ ကိုလည်း အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။ ကလေးမိခင်ရဲ့ မိသားစုဝင်တွေကတော့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကလေးမိခင်ဟာ PDF တွေကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တာဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားနေတဲ့အဖွဲ့တွေရဲ့ သတင်းတွေရအောင် အကြပ်ကိုင်ဖော်ထုတ်ဖို့ ကလေးကိုပါ ထပ်ဖမ်းတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
“ကလေးအမေဆီကနေပြီးတော့ သတင်းတွေ ရအောင်လို့ ဆိုပြီးတော့လေ ကလေးကို ဖမ်းတာဖြစ်မယ်။ ဘာလို့လဲဆိုတော့ ကလေးအမေက အဖမ်းမခံရခင်လေးမှာ သူ့ကလေးမွေးနေ့ဖြစ်တဲ့အတွက်ကြောင့်မို့ ကြက်ဆီထမင်း လိုက်ပို့နေတာပေါ့။ အဲ့ဒီအချိန်မှာ အဖမ်းခံလိုက်ရတာ။ ကလေးရှိမှန်းသိတော့ အကြပ်ကိုင်လို့ရအောင် ဆိုပြီးတော့ ကလေးဖမ်းသွားတာလို့ သုံးသပ်တယ်ဗျ။”
၂၀၁၉ ခုနှစ်ဧပြီလ ၅ ရက်နေ့မှာမွေးဖွားခဲ့တဲ့ မောင်သန့်ဘုန်းဝေယံကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၁၂ လပိုင်းက မိခင်ဖြစ်သူကိုယ်တိုင် ကျောင်းလာအပ်ခဲ့တာဖြစ်ပြီး အဲဒီ နောက်ပိုင်း အဘိုးနဲ့ အဘွား ဖြစ်သူတွေကသာ ကျောင်းအကြိုအပို့ လုပ်တယ်လို့ သူက ဆက်ပြောပါတယ်။
အလုံမြို့နယ် ဆင်မင်းရပ်ကွက်မှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကတော့ မိဘတွေကို ဖမ်းဆီးနိုင်ဖို့ အသက်လေးနှစ်အရွယ် ကလေးကို ဓားစာခံအနေနဲ့ ဖမ်းဆီးတာဟာ မဖြစ်သင့်တဲ့လုပ်ရပ် လို့ ဝေဖန်ပါတယ်။
“ဖမ်းချင်ရင် မိဘကို ဖမ်းပေါ့ဗျာ။ ကလေးက ဘာသိမှာလဲ။ ကလေးကိုဖမ်းတော့ သနားတာပေါ့ဗျာ။ ကိုယ့်မှာ လည်း ကလေးရှိတာပဲ။ ကလေးကျတော့ ကြောက်အား လန့်အားဖြစ်ရင် ဖျားတတ်တာတို့၊ ဘာတို့ရှိတယ်။ ဒါကို ဘယ်လိုသွားပြီးပြုစုမလဲ။ သူတို့ (စစ်တပ်) လူကြီးကို ဖမ်းချင်လို့ ကလေးဖမ်းတာပဲနေမယ်။ ဒီလိုပဲ သူတို့ လုပ်နေကျပဲဗျာ”
ကလေးကို ခေါ်ဆောင်သွားချိန်က မီးစက်သံတွေလည်း ဆူညံနေသလို လမ်းအဝင် အထွက်ကိုလည်း စစ်ကောင်စီ တပ်သားတွေက ပိတ်ဆို့ထားတာကြောင့် ပတ်ဝန်းကျင် ကလည်း သိပ်မသိလိုက်ဘူးလို့ ဆိုပါတယ်။
မောင်သန့်ဘုန်းဝေယံ လွတ်မြောက်လာဖို့ ဦးစားပေးလုပ်ဆောင်နေပြီး ကုလသမဂ္ဂ အဖွဲ့အစည်းထံကိုပါ အစီရင်ခံ ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် က RFA ကို ပြောပါတယ်။
"ကျမတို့ဘက်က ဒီအမှုကို သိသိချင်းပဲ ကလေးအမြန်ဆုံးလွတ်ရေးကို ဦးစားပေး လုပ်ဆောင်နေပါတယ်။ အဖေနဲ့ အမေကို ဖမ်းမမိလို့ အလုံမြို့နယ်မှာ လေးနှစ်အရွယ် ကလေးကို ဖမ်းဆီးပြန်ပေးဆွဲတာဟာ အလွန်အံ့သြ တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ဒီနေ့ပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး UN ကို Report တင်ထားတယ်"
"လူကြီးကို ဖမ်းချင်လို့ ကလေးဖမ်းတာပဲနေမယ်။ ဒီလိုပဲ သူတို့ လုပ်နေကျပဲဗျာ"
အခုလို ကလေးငယ်တွေကို ဓားစာခံဖမ်းဆီးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးမှုမရှိဘူးလို့ ငြင်းဆိုပါတယ်။
"အဓိပ္ပာယ်မရှိပါဘူးဗျာ၊။ လျှောက်ပြောနေတာ။ ဘယ်ကလေးကို ကျနော်တို့ ဖမ်းလို့တုန်း။ ဖမ်းဆီးမှုဖြစ်စဉ်လည်း မရှိဘူး"
ဒါပေမဲ့ မဖြစ်မနေ ထိန်းသိမ်းထားဖို့လိုတာကြောင့် တချို့ကလေးသူငယ်တွေကို ထိန်းသိမ်းထားတာ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အခုနှစ် ဇန်နဝါရီလမှာ ဖြေကြားထားဖူးပါတယ်။
ကလေးတစ်ယောက်ကို အခုလို ဖမ်းဆီးတာဟာ စစ်ကောင်စီအနေနဲ့ လက်ရှိ တည်ဆဲ ဥပဒေတွေဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်ရေး ဥပဒေ နှစ်ရပ်စလုံးကို ဆန့်ကျင်ပြီး ဆောင်ရွက်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ထောက်ပြပါတယ်။
“အခုဟာက သူ့မိဘတွေရဲ့ ပြုလုပ်မှုကြောင့် ကလေးကိုဖမ်းတာ။ ကလေးကိုယ်တိုင် ရာဇဝတ်မှုတစ်ခု နောက်ဆုံး လူသတ်မှုတစ်ခုလုပ်ခဲ့ရင်တောင် သူ့ကို ဥပဒေအရ အရေး ယူပိုင်ခွင့်မရှိပါဘူး။ ဖမ်းဆီးပိုင်ခွင့်မရှိပါဘူး။ ဒါဟာ ဥပဒေအရ အကာအကွယ်ပေး ထားပြီး ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သုံးသပ်ရရင် ဒါသည် လက်ရှိ တည်ဆဲ ဥပဒေတစ်ရပ်ဖြစ်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကာကွယ်ရေး ဥပဒေအရရော၊ ရာဇသတ်ကြီး ဥပဒေ အရရော ဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ ဥပဒေကို ဆန့်ကျင်ပြီး ဆောင်ရွက်တဲ့ လုပ်ရပ်လို့ ဒီအတိုင်းပဲ ကျနော် တို့ သုံးသပ်ရမှာ ဖြစ်ပါတယ်”
အသက်မပြည့်သေးတဲ့ ကလေးကို စစ်တပ်က ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အတွင်း ကလေးသူငယ် အခွင့်အရေးတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Save the Children အဖွဲ့ကို RFA က အီးမေးလ်ကနေတစ်ဆင့် မေးမြန်း ထားပေမယ့် အကြောင်းပြန်ကြားလာတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၆ ရက်နေ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် အသက်ကိုးလအရွယ်ကနေ အသက် ၁၈ နှစ် အကြား ကလေးငယ် ၂၅၅ ဦး ဖမ်းဆီးခံထားရပါ တယ်။
အဲဒီအထဲက ၆၂ ဦး ပြန်လွတ်လာပေမဲ့ ၁၉၁ ဦးကတော့ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရသလို နှစ်ဦးကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ AAPP က ပြောပါတယ်။