အာဏာသိမ်း ၁၈ လအကြာမှာ စစ်ကောင်စီက အစိုးရအဖွဲ့ကို ပိုခိုင်မာအောင် ဖွဲ့စည်းလာ

2022.08.29
အာဏာသိမ်း ၁၈ လအကြာမှာ စစ်ကောင်စီက အစိုးရအဖွဲ့ကို ပိုခိုင်မာအောင် ဖွဲ့စည်းလာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ သူ့အစိုးရအဖွဲ့ကို ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြောင်းအလဲ လုပ်ခဲ့ပြီးတဲ့နောက် အာဏာသိမ်းပြီးပြီးချင်း အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဟာ လက်တွေ့ အလုပ်မဖြစ်ဘူးဆိုတာကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းချိန်က နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ အငြိမ်းစား ဝန်ထမ်းတွေ၊ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းအကြီးအကဲတွေနဲ့ ဖွဲ့စည်းခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ချိန်မှာ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၂၂ ရက်နေ့က လုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ခံပြောဆိုသွားတာပါ။

ဒီအပြောင်းအလဲမှာ စစ်ကောင်စီရဲ့ လဝက ဝန်ကြီးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးခင်ရီ၊ အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂)က ဝန်ကြီး ဦးချစ်နိုင် နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် တို့ကို အနားပေးခဲ့ပါတယ်။ အရင် အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်ကို လဝက ဝန်ကြီး၊ အရင်က ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကို ဗဟိုဘဏ်ဥက္ကဋ္ဌနေရာနဲ့ အရင် ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ဇော်မြင့်နိုင်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် ရာထူးတိုးခန့်အပ်လိုက်တာပါ။

အရင် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန် ကို စီမံဘဏ္ဍာ ဝန်ကြီး၊ အရင် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန် ပေးအပ်ပြီး၊ ဒေါက်တာ ကံဇော် ကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ် လိုက်ပါတယ်။ အရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ ပွင့်ဆန်း ကိုတော့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ သူ့အစိုးရမှာ သူနဲ့နီးစပ်တဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီကို ဩဇာခံသူတွေနဲ့ အစားထိုးမှသာ စီမံခန့်ခွဲမှုနဲ့ အမိန့်နာခံမှုမှာ ပိုထိရောက်မယ်လို့ ယူဆတာကြောင့် ဒီလိုအပြောင်းအလဲ လုပ်တာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

"တကယ်တမ်း လက်တွေ့လုပ်တဲ့အခါကျတော့ တချို့နေရာတွေမှာ ထင်သလို အောင်မြင်မှုတွေ မရတာရယ်၊ ကိုယ်ဖြစ် ချင်တဲ့အတိုင်း ဖြစ်မလာတာရယ်၊ သူတို့ အားမရဘူးပေါ့။ အရင်စစ်ခေါင်းဆောင်တွေလည်း ကြုံဖူးတယ်။ ကျနော်တို့ သတိထားမိ တာက အရပ်ဘက်က အဖွဲ့အစည်းတွေ၊ အရပ်သားတွေကို မယုံဘူး။ သူ့တပ်ကလူတွေနဲ့ အစားထိုးမှ အခွန်တွေ ဘာတွေ ကောက်လို့ရမယ်။ အကျင့်ပျက်မှုတွေ ထိန်းနိုင်မယ်လို့ ထင်တာပေါ့နော်။ အဲဒီတော့ တပ်ကလူတွေကို သူတို့ အစားထိုးတာပေါ့"

ဒီလိုအစားထိုးလိုက်တဲ့အတွက် အမိန့်နာခံမှုမှာ ပိုအားကောင်းလာနိုင်ပေမယ့် ဝန်ကြီးဌာနရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ စနစ်တွေကို မပြောင်းနိုင်ရင် အဂတိလိုက်စားမှုတွေက ဆက်ရှိ နေတာပဲလို့ ဦးရဲထွန်းက ပြောပါတယ်။ စစ်ခေါင်းဆောင်ဟာ အခုချိန်မှာ လူတွေကို ရွေးချယ် နေရာချနေတာကိုကြည့်ရင် ရွေးကောက်ပွဲအလွန်ကာလအထိ ကြိုတင်တွက်ချက် ပြီး သူကိုယ်တိုင် သမ္မတဆက်လုပ်နိုင်မယ့် လမ်းကြောင်းမျိုးကို ခင်းနေတာလို့လည်း ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကလည်း စစ်ကောင်စီဥက္ကဋ္ဌက လူတွေကို နေရာချထားတဲ့ပုံစံကို ကြည့်လိုက်ရင် ၂၀၂၃ ရွေးကောက်ပွဲအလွန်ကာလ အတွက် ကြိုပြင်နေသလားဆိုတာကို စဉ်းစားကြည့်လို့ရတယ်လို့ RFA ကို ပြောပါတယ်။

"ကျနော့်အနေနဲ့ မြင်တာကတော့ လာမယ့် ရွေးကောက်ပွဲအတွက် သူ … လူတွေကို စိစစ်ပြီးတော့ သူ ခွဲဖြန့်တယ်လို့ ကျနော် မြင်တယ်ဗျ။ အထူးသဖြင့် ဦးခင်ရီက သိသာ တယ်လေ။ ဦးခင်ရီကို လွှတ်တော် ဥက္ကဋ္ဌ ခန့်မလားဆိုတာမျိုးကို စဉ်းစားလို့ရတယ်"

ဝန်ကြီးဌာနတိုင်းမှာ စစ်တပ်အရာရှိ သို့မဟုတ် စစ်တပ်နဲ့ နီးကပ်သူတွေကို ဒုဝန်ကြီးတွေ အဖြစ် အရန်ပို့ထားပြီး ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေ၊ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းနှိုက်ယူလိုပုံ ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ နေပြည်တော်က သတင်းရင်းမြစ်တချို့က RFA ကို ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ထိပ်တန်းအရာရှိကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူး သူ တစ်ယောက်ကတော့ ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ်၊ အာဏာသိမ်းအစိုးရပဲဖြစ်ဖြစ် အစိုးရသက်တမ်း နည်းနည်းကြာလာရင် ဒီလိုအပြောင်းအလဲက လုပ်လေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ အရည်အသွေး ရှိ မရှိဆိုတာကို အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ လူထုကြုံနေရတဲ့အခြေအနေကို ကြည့်ရင်သိနိုင်တယ် လို့ သူက ဆိုပါတယ်။

minaunghlaing.jpg
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အခုလ ၁၉ ရက်နေ့ကလုပ်တဲ့ အပြောင်းအလဲမှာ စစ်ကောင်စီဥက္ကဋ္ဌက ဝန်ကြီးဌာန တချို့ကိုလည်း တိုးချဲ့ ဖွဲ့စည်းခဲ့ပါသေးတယ်။ အဲဒီထဲမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့် ကတော့ အရင် အရပ်သား အစိုးရတွေ လက်ထက်မှာ ရှေ့နေအသိုက်အဝန်းက တောင်းဆိုခဲ့တာက တရားရေး ဝန်ကြီးဌာနသာဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာန မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"နိုင်ငံအတွက် အရေးကြီးတာက တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်ဖို့အတွက် ထိန်းကျောင်းပေးနိုင်တာသည် တရားစီရင်ရေး ဝန်ကြီးဌာနပဲ။ နိုင်ငံတကာမှာလည်းပဲ တရားရေးဝန်ကြီးဌာနဆိုတာပဲ ရှိတယ်။ ဥပဒေရေးရာ ဝန်ကြီးဌာန ဆိုတာက ရှေ့နေချုပ်ရုံး ရှိနေတဲ့အတွက် ကျနော့်အမြင်မှာတော့ ဒါလိုအပ်မှု မရှိဘူး။ နောက်တစ်ခါ ရှေ့နေချုပ်နဲ့ ဥပဒေရေးရာ ဝန်ကြီးဌာန ဝန်ကြီးနဲ့ နေရာပေါ့။ ပို့စ်ကို တစ်ယောက်တည်း က ယူထားတာ ဒါဟာ အပြန်အလှန် ထိန်းညှိတဲ့ ဒီမိုကရေစီ ကျင့်စဉ်အရ ဒါသင့်တော်တဲ့ ကိစ္စ မဟုတ်ဘူး"

စစ်ကောင်စီက အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းထားပေမယ့် လက်တွေ့ မှာ ဘာစွမ်းဆောင်ရည်မှ မရှိဘူးလို့ NLD အစိုးရလက်ထက်မှာ လူငယ်ရေးရာမူဝါဒ မဟာ ဗျူဟာရေးဆွဲရေး အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ လူငယ်တစ်ဦးက ထောက်ပြဝေဖန်ပါတယ်။

"လူငယ်တွေမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး အစရှိသဖြင့် ကဏ္ဍအလိုက် စနစ်တကျ အကောင်အထည် ဖော်ရမယ်။ အချက်တွေ အများကြီးရှိတယ်။ ကဏ္ဍအလိုက်ရှိတယ်။ သူတို့ နားလည်တဲ့ လူငယ်ဖွံ့ဖြိုးရေးဆိုတာက သူတို့ စာသင်ကျောင်းမှာ ရှိတဲ့ ကလေးတွေကို အားကစား လုပ်ပေးတဲ့ အဆင့်လောက်ပဲ သူတို့က နားလည်ပြီး တွေးပြီးတော့ လုပ်နေတာလေ။ ကျနော်တို့ တွေ့တာတော့ ဒီလောက်ပါပဲ။ အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနကနေပြီးတော့ ကျောင်းက ကလေးတွေကို အားကစားချိန်ပေး တယ်။ ဒါက သူတို့တွေးတဲ့ အတွေးနဲ့ ဒီဘက်မှာ အကောင်အထည် ဖော်နေတဲ့ဟာက ပြဒါးတစ်လမ်း၊ သံတစ်လမ်းပဲ"

NLD အစိုးရလက်ထက်မှာ စတင်ရေးဆွဲခဲ့တဲ့ လူငယ်ရေးရာမူဝါဒတွေကို လက်ရှိ စစ်ကောင်စီ လက်ထက်မှာ ဆက်မလုပ်တော့သလို ပါဝင်တဲ့လူငယ်တွေကလည်း လက်တွဲမလုပ်ချင်တာကြောင့် နုတ်ထွက်သွားကြပြီလို့ သူက ဆိုပါတယ်။

"သူတို့တွေးတဲ့ အတွေးနဲ့ ဒီဘက်မှာ အကောင်အထည် ဖော်နေတဲ့ဟာက ပြဒါးတစ်လမ်း၊ သံတစ်လမ်းပဲ"

လက်ရှိမှာတော့ စစ်ကောင်စီဟာ ဝန်ကြီးဌာန ၃၁ ခုနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်၊ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပါတယ်။

အာဏာသိမ်းပြီးပြီးချင်းမှာ အစိုးရအဖွဲ့လို့ တွင်တွင်ကျယ်ကျယ် မသုံးခဲ့ပေမယ့် အခု နောက်ပိုင်းမှာတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ သူ့ရဲ့ ဝန်ကြီးတချို့က လက်ရှိဖွဲ့ထားတဲ့ အစိုးရအဖွဲ့ကို တရားဝင် အစိုးရအဖွဲ့၊ သူတို့ကိုယ်သူတို့ တရားဝင် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်တွေအဖြစ် ပြောင်းလဲသုံးနှုန်းလာတာကို တွေ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။