တပ်သိမ်းမြေကိစ္စ လျော်ကြေးပဲပြန်ပေးဖို့ လွှတ်တော်မှာ တိုင်းအစိုးရဆွေးနွေး


2018.10.19

ရန်ကုန်တိုင်းဒေသကြီးအတွင်း တပ်မတော်က ပြန်စွန့်လွှတ်ထားတဲ့ လယ်မြေဧက တစ်ထောင်နီးပါးကို မူလပိုင်ရှင်လယ်သမားတွေဆီ မြေပြန်မပေးဘဲ လျော်ကြေးပဲပြန်ပေးဖို့ တိုင်းအစိုးရက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဆွေးနွေးတာကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကွင်းနဲ့ ထောက်ကြံ့ကွင်းက လယ်မြေဧက ၁၀၀၀ နီးပါးကို တပ်မတော်က ၂၀၁၄ ခုနှစ် မေလမှာ စွန့်လွှတ်ခဲ့ပြီး အဲဒီမြေတွေကို တိုင်းအစိုးရက မြေယာအတိုင်း ပြန်မပေးဘဲ လျော်ကြေးအနေနဲ့ပေးဖို့ အောက်တိုဘာ ၁၇ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို တိုင်းနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်တွေက မင်္ဂလာဒုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တောင်သူ ကိုယ်စားလှယ်တွေကို အစည်းအဝေးလုပ်ဖို့ဆိုပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကို ခေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ရောက်မှ စမ်းကြီးဝကွင်းက တောင်သူတွေကို မြေယာလျော်ကြေးပေးဖို့ ညှိနှိုင်းအစည်း အဝေးဖြစ်နေတယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အဲဒီလို လျော်ကြေးပေးဖို့ဆိုတာ ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအရ အစိုးရရဲ့ စီမံကိန်း လုပ်နေတာရှိမှသာ လျော်ကြေးပေးရမှာဖြစ်ပြီး အခုနေရာဟာ အစိုးရရဲ့ ဘာစီမံကိန်းမှမရှိတဲ့အတွက် သူ့အနေနဲ့ လက်မခံဘူးလို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

"ဒီနေရာတွေမှာက အစိုးရရဲ့ တိုင်တစ်လုံးမရှိဘူး။ စီမံကိန်းအတွက် တစ်လက်မမှ မရှိဘူး။ အရင်တုန်းက တပ်မတော်က သိမ်းတယ်။ အခု တပ်မတော်ကိုယ်တိုင်က အစိုးရကိုလွှဲလိုက်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က လျော်ကြေးဆိုတာက နိုင်ငံတော်ရဲ့ မူဝါဒမဟုတ်တဲ့အတွက် လက်မခံဘူး"

တိုင်းအစိုးရက ဖွဲ့ထားတဲ့ လျော်ကြေးပေးရေးအဖွဲ့မှာလည်း မင်္ဂလာဒုံမြို့နယ်ကို ကိုယ်စားပြုတဲ့၊ ဒေသခံကို ကိုယ်စားပြုတဲ့သူ တစ်ယောက်မှမပါဘူးလို့ သိရပါတယ်။ အဲဒီအဖွဲ့ကို လက်ခံလိုက်ရင် အရင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ မြေစစ်ကော်မတီက စိစစ်ထားတာတွေကို ပယ်ဖျက်ပြီး အသစ်ပြန်ပြီး စစ်ဆေး မယ့်ပုံစံမျိုးဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီလယ်မြေတွေဟာ အချက်ချာကျတဲ့ နေရာဖြစ်တယ်လို့လည်း ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

"အချက်ချာ ကျတာပေါ့ဗျာ။ ဇေကမ္ဘာဝင်း ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းပဲ။ အမှတ် ၃ လမ်းမရဲ့ ဘေးမှာရှိနေတော့ မြေတန်ကြေးတွေက တအားတက်နေတာ။ အဲဒီတော့ ဒီဟာပေါ်မှာ လိုချင်တဲ့သူ အများကြီးရှိတယ်။ အဲဒါကို ပြန်ပေးဖို့ သူတို့က တော်တော်ကို နှမြောနေတာ။ ဝန်ကြီးချုပ် ကိုယ်တိုင်ပြောတာ ဒီဝင်းကြီးကို အောင်မင်္ဂလာ အဝေးပြေးဝင်းရွှေ့လိုက်ရင် တော်တော်အဆင်ပြေမယ်တို့၊ စီမံကိန်းတို့ ကျနော်တို့ကို ဝန်ကြီးချုပ်ကိုယ်တိုင် ပြောခဲ့တာတွေရှိတယ်"

အဲ့ဒီလို မြေယာတွေကို မူလပိုင်ရှင်ဆီ ပြန်မပေးဘဲ လျော်ကြေးပေးဖို့ စီစဉ်တာဟာ ဗဟိုမြေစစ်ကော်မတီရဲ့ မူဝါဒနဲ့ လွဲချော်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။

"ဗဟိုမြေစစ်ကော်မတီရဲ့ Final မူဝါဒမှာလည်း ပါပါတယ်။ စီမံကိန်းဆောင်ရွက်ထားခြင်း မရှိဘူးဆိုရင် မူလ ပိုင်ရှင်လက်ဝယ်ကို အမြန်ရောက်ရှိရမယ်လို့ ပါပါတယ်။ စီမံကိန်းဆောင်ရွက်ထားတာမရှိဘူး မြေလွတ်ဆိုရင် ပြန်ပေးရမယ်လို့ ပါပါတယ်"

တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတောင်သူတွေဟာ အစည်းအဝေးမှာ လက်မှတ်တွေ ထိုးပြီးကာမှ မြေယာပြန်ပေးဖို့မဟုတ်ဘဲ မြေယာလျော်ကြေးအတွက်ဆိုတဲ့ ခေါင်းစဉ်ပေါ်လာတာကြောင့် တိုင်းအစိုးရ အဖွဲ့ဝင်တွေနဲ့ အချေအတင် ဖြစ်ခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။

အဲဒီလယ်မြေတွေကို ၁၉၉၂ ခုနှစ်တုန်းက တပ်တည်ဆောက်ရန်နဲ့ တပ်ရိက္ခာအလို့ငှာဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်သူ ၇၀ ကျော် ပိုင်ဆိုင်တဲ့ မြေဧက ၁၀၀၀ နီးပါးကို အသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ အသိမ်းခံရတုန်းကလည်း လျော်ကြေးငွေ လုံးဝမရခဲ့ဘူးလို့ မြေသိမ်းခံတောင်သူလည်းဖြစ်၊ တောင်သူ ကိုယ်စားလှယ် တစ်ယောက်လည်းဖြစ် တဲ့ ဦးထွန်းထွန်းက ပြောပါတယ်။

အဲဒီမြေတွေကို ၂၀၁၄ ခုနှစ်မှာ တပ်မတော်က ပြန်လည်စွန့်လွှတ်တဲ့အကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ အသိမ်းခံရတဲ့ တောင်သူတွေကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီမြေတွေ ပြန်ရဖို့ မျှော်လင့်ချက်တွေနဲ့ အစည်းအဝေးကို သွားခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘူးလို့ ဦးထွန်းထွန်းက ပြောပါတယ်။

"မြေယာပြန်ပေးမယ်ထင်လို့ သွားတဲ့အစည်းအဝေးပါ။ မြေယာပြန်ပေးဖို့ မှန်မှန်ကန်ကန် စိစစ်ထားလား ညွှန်ကြားမယ်ထင်လို့ သွားတာပါ။ သူတို့က ဟိုရောက်မှ မြေယာလျော်ကြေး ပြန်ပေးရေးအဖွဲ့ကြီးဆိုတာကို ကျနော်တို့က လက်ခံအတည်ပြုရမယ့် ပုံစံဖြစ်နေလို့ ဒီအစည်းအဝေးကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်"

မြေသိမ်းခံရတဲ့ တောင်သူတွေအနေနဲ့ မြေတွေကိုပြန်ရဖို့ လယ်ယာမြေနဲ့ အခြားသိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေးကော်မတီရဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင်ခဲ့ကြတာဆိုရင် ၂ နှစ်ကျော်ကြာခဲ့ပြီလို့ သိရပါတယ်။

မူလပိုင်ရှင်တွေကို ပြန်ပေးသင့်တယ်လို့ တင်ပြချက်တွေကို တိုင်းအစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက ဗဟိုမြေစစ်ကော်မတီကို မပို့ဘဲ မြေလျော်ကြေးယူကြမလားဆိုပြီး ထားထားတဲ့အကြောင်း အစည်းအဝေးမှာ ပြောခဲ့တယ်လို့လည်း တောင်သူတွေက ပြောကြပါတယ်။

အဲ့ဒီအစည်းအဝေးမှာ လျော်ကြေးမယူတဲ့ တောင်သူတွေက ၂၀ ရာခိုင်နှုန်းသာ ပြန်ရမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက တိုင်းအစိုးရကို ပေးရမယ်လို့ တိုင်းအစိုးရအဖွဲ့ဝင်တွေက ပြောကြားခဲ့တယ်လို့လည်း တောင်သူ ဦးသန်းထိုက်က ပြောပါတယ်။

"အဲဒါကိုမှ မယူနိုင်ဘူးဆိုရင် လယ်ကိုပဲ ရာသက်ပန်လုပ်ရမယ်။ အခြားသုံးစွဲခွင့်တွေ မလုပ်ရဘူး။ လုပ်ရင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့ဗျာ။ ကျနော်တို့ လယ်သမား လယ်ပြန်စိုက်မှာ။ ကျနော်တို့က ဒီအလုပ်ပဲရှိတာလေ။ ကျနော်တို့က လယ်ပဲပြန်ယူမှာ"

သိမ်းဆည်းခံလယ်ယာမြေတွေအရေးကို တောင်သူတွေ မနစ်နာအောင် အဂတိကင်းကင်းနဲ့ အမြန်ဆုံးဖြေရှင်းကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံတုန်းက ပြောကြားခဲ့ ပါတယ်။

တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင် တောင်သူတွေကို မြေယာတွေပြန်ပေးနိုင်ပေမယ့် ရန်ကုန် တိုင်းဒေသကြီးထဲမှာတော့ တစ်ခါမှ ပြန်ပေးနိုင်တာ မရှိသေးဘူးလို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။