စစ်ခေါင်းဆောင်တွေနဲ့မိသားစုတွေ နိုင်ငံ့အဓိက စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထား
2021.07.15
အာဏာရှိရင်ငွေရှိတယ် ဆိုလေ့ရှိတဲ့စကား မှန်ကန်တဲ့အကြောင်း မြန်မာစစ်တပ်နဲ့ သူ့အသိုင်းအဝိုင်းက သက်သေထူပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ အာဏာက လူထုလက်မှာရှိတယ်လို့ ပြောပါတယ်။ လူထုကရွေးကောက်တင်မြှောက်သူလက် အာဏာလွှဲအပ်တာကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလို စစ်အာဏာသိမ်းတယ်ဆိုရင် အာဏာလွှဲအပ်ခံရတာမဟုတ်ဘဲ အာဏာကိုယူလိုက်တာ တနည်း အာဏာလက်ကိုင်ထားလိုက်တယ်ဆိုတာ ထင်ရှားပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တာဟာ အာဏာထိန်းတာပါလို့ ဘယ်လိုပဲ စကားလှည့် ပြောပြော သိမ်းတာပဲဖြစ်ပါတယ်။ လက်နက်အားကိုးတဲ့ စစ်တပ်ဟာ သူကာကွယ်စောင့်ရှောက်ရမယ့် လူထုပေါ် အကြမ်းဖက်တဲ့အတွက် အနောက်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေနဲ့ မိသားစုတွေအပြင် သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို အရေးယူဒဏ်ခတ် ပိတ်ဆို့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Bloomberg သတင်းကဖော်ပြသလို မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုကို ခံနိုင်ရည်ရှိလုနီးနီး လုပ်ငန်းကြီးတွေ လည်ပတ်နေတယ်ဆိုတဲ့အတိုင်း နိုင်ငံရေးအရသာ သိက္ခာကျပြီး စီးပွားရေးက ပွန်းပဲ့မသွားပါဘူး။
ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်ထားတဲ့ ဧရာမလုပ်ငန်းကြီး နှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ MEC မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက စစ်တပ်စီးပွားရေးမဏ္ဍိုင် အခြေခိုင်အောင် စိုက်ထူပေးထားပါတယ်။

ဘယ်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်ဖြစ် ဘယ်အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် စစ်တပ်နဲ့ စစ်တပ်နဲ့နီးစပ်သူတွေ ချုပ်ကိုင်ထားတဲ့ အပြင် ပြည်ပက စစ်လက်နက်ပစ္စည်းနဲ့ စစ်ဘက်ဆိုင်ရာသုံး ပစ္စည်းတွေ ဝယ်ရင် ကော်မရှင်လည်း ရတယ်လို့ လေ့လာသူတွေက ပြောပေမယ့် အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်က လက်မခံတာကို RFA က တင်ပြဖူးပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကနေ မြန်မာစစ်ခေါင်းဆောင်တွေဟာ စီးပွားရေး အချက်အချာကျတဲ့ လုပ်ငန်း ၁၁၀ ထက် မနည်း ချုပ်ကိုင်ထားတယ်လို့ အမေရိကန်အခြေစိုက် Bloomberg သတင်းက သုတေသနလုပ်ထားပါတယ်။
ဒီလုပ်ငန်းတွေကနေ ဒေါ်လာ ကုဋ္ဋေနဲ့ချီ ရပြီး စစ်တပ်အင်အား တောင့်တင်းတဲ့အပြင် ထိပ်တန်းအရာရှိတွေနဲ့တပ်ဖွဲ့တွေ ချမ်းသာကြွယ်ဝစေတယ်လို့ ကုလသမဂ္ဂနဲ့ တခြား လူ့အခွင့်အရေးအဖွဲ့တွေက ပြောတယ်လို့လည်း ဆိုပါတယ်။ တပ်ဖွဲ့ဝင် ငါးသိန်းရှိတဲ့ မြန်မာစစ်တပ်ဟာ စစ်အင်အား၊ ဘဏ္ဍာရေးအနေအထားကစ ထောက်ပံ့ ပို့ဆောင်ရေးအထိနဲ့ ပထဝီဝင် အနေအထားအရ ကမ္ဘာ့နိုင်ငံ ၁၄၀ အနက် ၃၈ နိုင်ငံမြောက်မှာ ရှိတယ်လို့ Global Firepower ကမ္ဘာလုံးဆိုင်ရာ စစ်အင်အား ညွှန်းကိန်းမှာ ဖော်ပြပါတယ်။ နိုင်ငံကသာ ကမ္ဘာ့အဆင်းရဲဆုံး တစ်နိုင်ငံစာရင်း ဝင်ပေမယ့် စစ်တပ်က အဲဒီလောက်အင်အားတောင့်နေတာပါ။
စစ်ခေါင်းဆောင်တွေလည်း ချမ်းသာကြွယ်ဝကြပါတယ်။ ၂၀၁၀-၁၁ စာရင်းအရ မြန်မာ့စီးပွားရေးဦးပိုင်မှာ အစုရှယ်ယာ ၅၀၀၀ ပိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုလည်း စီးပွားရေး အကြီးအကျယ်လုပ်ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းလိုက်တဲ့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူနဲ့ သူ့မိသားစု ဘဏ္ဍာရေးအကျိုးစီးပွားနဲ့ စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားတဲ့ စီးပွားရေးကို အကာအကွယ်ပေးတယ်လို့ ဟောင်ကောင် အခြေစိုက် Asia Times သတင်းက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ တခြားစီးပွားရေးလုပ်ငန်းတွေအပြင် ဆေးပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်း၊ ဆေးဝါးနဲ့ ဆေးပညာဆိုင်ရာ နည်းပညာလုပ်ငန်းတွေ လည်ပတ်နေတာကို Justice for Myanmar က ဖော်ပြထားပါတယ်။ ပြည်ပက ဆေးဝါးနဲ့ ဆေးပစ္စည်း တင်သွင်းမယ်ဆိုရင် FDA အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှာ သွင်းကုန်လိုင်စင် လျှောက်ထားရပါတယ်။
ပြည်တွင်းက ဆေးဝါးနဲ့ ဆေးပစ္စည်းကုမ္ပဏီတွေဟာ ဒီအဆင့်ကို ဖြစ်တဲ့နည်းနဲ့ ကျော်လွှားရတဲ့အခါ ငွေကြေးသုံးရသူ ငွေကြေးသုံးပြီး အာဏာရှိသူက အာဏာသုံးလေ့ ရှိပါတယ်။ လောလောလတ်လတ် ကိုဗစ်တတိယလှိုင်းဝင်နေတဲ့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင်က အရေးပါနေချိန်မှာ လိုအားနဲ့ ရှိတဲ့အားမမျှ ဖြစ်နေပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီလ ၁၁ ရက်မှာ ကြေညာချက်တစောင်ထုတ်ပြန်ပါတယ်။

ကိုဗစ်ကုသရေးအတွက် လိုအပ်တဲ့ Oxygen Concentrator အောက်ဆီဂျင်စက်တွေကို FDA ထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ထားဖို့မလိုတဲ့အပြင် အကောက်ခွန် သုံးရာခိုင်နှုန်း လက်ငင်းပေးဆောင်စရာမလိုဘဲ ကြိုတင်ထုတ်ယူနိုင်တယ်လို့ ကြေညာပါတယ်။
သေရေးရှင်ရေးကိစ္စမှာ ငွေကို လူထုကလှည့်မကြည့်အားဘဲ အသက်လုရမယ့်အခါ အောက်ဆီဂျင်စက်ရတဲ့နည်းနဲ့ ဝယ်ယူရမယ့် အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ခုချိန်မှာ ဘယ်သူ -ဘယ်ဆေးဝါးကုမ္ပဏီက ဒီစက်တွေ အများဆုံးတင်သွင်းနိုင်သလဲဆိုတာ စောင့်ကြည့်ရပါမယ်။