စစ်ကောင်စီရွေးကောက်ပွဲ အာဆီယံအသိအမှတ်မပြုဖို့ တိုက်တွန်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.01.30
စစ်ကောင်စီရွေးကောက်ပွဲ အာဆီယံအသိအမှတ်မပြုဖို့ တိုက်တွန်း ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြသူများ။
AFP

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ Jentera Law School က ပြုလုပ်တဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံ အခြေအနေကို သုံးသပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ မြန်မာပြည်သူတွေရဲ့ အခြေအနေ တစ်စထက်တစ်စ ပိုဆိုးလာပေမယ့်၊ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံက လုံလုံလောက်လောက် မဆောင်ရွက်တဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောပါတယ်။

“အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် အာဆီယံဟာ မြန်မာ့အရေးအတွက် လုံလုံလောက်လောက် မဆောင်ရွက်ခဲ့ပါဘူး။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးကို အရေးပေါ်ကိစ္စတစ်ခုအဖြစ် သဘောထားပြီး ဆောင်ရွက်ဖို့ လိုနေပါတယ်။ ကျွန်တော် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ် ကာလအတွင်းမှာ မြန်မာနိုင်ငံအရေးအတွက် အစည်းအဝေးတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးတွေ လုပ်နေစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ လူတွေအများကြီး ထပ်ပြီးသေကြေပျက်စီးနေကြပါတယ်။ မြန်မာနိုင်ငံက အခြေအနေမှန်ကို သိချင်ရင် နေပြည်တော်နဲ့ရန်ကုန်ကလာတဲ့ သတင်းအချက်အလက်တွေကိုပဲ မှီခိုနေလို့ မရပါဘူး။ မြေပြင်မှာ တကယ်အလုပ်လုပ်နေတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။ အထူးသဖြင့် NUG NUCC နဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။”

မြန်မာ့အရေးမှာ အာဆီယံအပြင် တရုတ်၊ အီးယူ၊ ကုလသမဂ္ဂ စတဲ့ နိုင်ငံနဲ့အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ခဲ့ပေမယ့် အာဆီယံဟာ မြန်မာပြည်သူတွေက မျှော်လင့်ထားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အကြောင်း မစ္စတာ ဆိုင်ဖူဒင်က ပြောပါတယ်။

အခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရာမှာ ဆက်လက်ဆောင်ရွက်သွားမယ့် ရှေ့ခြေလှမ်းက ဘာဖြစ်မလဲဆိုတာကိုလည်း သူက အခုလိုပြောသွားပါတယ်။

“အာဆီယံရဲ့ရှေ့ခြေလှမ်းအနေနဲ့ NUG NUCC နဲ့ အခြား သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံသွားဖို့ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံးအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အခုနှစ်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပိတ်ဆို့တားဆီးဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲ မဖြစ်မြောက်အောင် တတ်နိုင်သမျှ ဝိုင်းပြီး ကြိုးစားကြဖို့လိုပါတယ်။ တကယ်လို့ ဖြစ်မြောက်သွားခဲ့ရင်တောင် ကျွန်တော်တို့ လုံးဝ အသိအမှတ်မပြုသင့်ပါဘူး။”

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ရှိပြီး ဖြစ်တဲ့အတွက် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုသင့်တဲ့အကြောင်းနဲ့ အနာဂတ်မှာ ရွေးကောက်ပွဲ ပြုလုပ်ရာမှာလည်း NUG NUCC တို့အပါအဝင် အများကလက်ခံတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လိုတဲ့အကြောင်းနဲ့ လက်ရှိ စစ်ကောင်စီက လိုသလို ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေနဲ့ကျင်းပမယ့် ရွေးကောက်ပွဲကို ခွင့်မပြုသင့်တဲ့အကြောင်း မစ္စတာ ဆိုင်ဖူဒင် က ပြောသွားပါတယ်။

“နောက်တစ်ခုက အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ပါ။ ကျွန်တော်တို့ထဲက အများစုက ဘုံသဘောတူညီချက်တွေဟာ တိုးတက်မှုမရှိဘူးလို့ လက်ခံထားပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေ ပေးခွင့်ပြုဖို့ ကိစ္စနဲ့ပတ်သက်လို့တောင် မတိုးတက်ပါဘူး။ အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေဟာ မလုံလောက်တဲ့အကြောင်း၊ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ NUG က အသိအမှတ်မပြုတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေ ပေါ်ထွက်လာကတည်းက အလုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်းလည်း သူတို့ သိပါတယ်။ ဒါပေမယ့် ဒီဘုံသဘောတူညီချက်တွေကို အာဆီယံခေါင်းဆောင်အားလုံးက လက်ခံထားတာဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ထိပ်သီးညီလာခံမှာလည်း ဒီဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်း ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ လိုက်နာရမယ့် မူဘောင် framework တစ်ခု ဖန်တီးဖို့ပြောခဲ့ပါတယ်။ နောက်ဆုံးအဆင့်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရတာနဲ့ အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ ”

min aung hlaing1.jpg
၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်မဲရုံတွင်း ဆန္ဒမဲပေးအပြီး တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo: AFP)

ဘုံသဘောတူညီချက် ငါးချက်ထဲမှာ တစ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေကို အရေးပေါ်အကူအညီပေးအပ်ခွင့်ပြုဖို့ အချက်နဲ့ ပတ်သက်ပြီး၊ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ အလှူရှင်များ ညီလာခံ ကျင်းပဖို့ NUG၊ ချင်း၊ ကရင်နီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အာဆီယံကို စာရေးသား တောင်းဆိုခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ ဖြန့်ဖြူးပေးအပ်ရာမှာ စစ်ကောင်စီကို ထိန်းချုပ်ခွင့်လုံးဝမပေးဘဲ ဒေသခံပြည်သူတွေ ယုံကြည်တဲ့ အဖွဲ့တွေကတစ်ဆင့်ပဲ ပေးအပ်သွားသင့်ကြောင်း မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို လူငယ်တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်၊ ဒေါ်ခင်ဥမ္မာ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရက်စမင် အူလာနဲ့ အင်ဒိုနီးရှားဥပဒေပညာရှင်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။