ဗိုလ်စိန်မှန်လမ်းဖမ်းဆီးမှု အပြစ်ရှာဖမ်းတာလို့ တက်ကြွလှုပ်ရှားသူတွေပြော
2021.04.20
အာဏာသိမ်းစစ်ကောင်စီသြဇာခံတပ်ဖွဲ့တွေက ဒီရက်ပိုင်းအတွင်း လူနေအိမ်တွေဈေးဆိုင်တွေကို ဥပဒေမဲ့ ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေကို ဖျက်ဆီးလုယက်ခြင်း၊ လူတွေကိုရိုက်နှက်ဖမ်းဆီးခြင်းတွေ တနေ့တခြား ပိုမိုများပြားစွာ ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်က သူရိန် အလူမီနီယံလုပ်ငန်းဆိုင်ကို မနေ့မနက် ၁ဝ နာရီခွဲခန့်က စစ်သားတွေနဲ့ ရဲတွေ လာရောက်ရှာဖွေပြီး လူ ၉ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။
အဲဒီဆိုင်ပိုင်ရှင်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးရဲ့အမဖြစ်သူ ပိုင်ဆိုင်တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတဦး ဖြစ်တဲ့ ဦးဇော်ရမ်းက ပြောပါတယ်။
“ဆိုင်ပိုင်ရှင်က မနီနီခိုင်ပေါ့နော် သူကလဲ တကယ်တမ်းဆိုရင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူပေါ့နော်၊ သူ့မောင်ကလဲ ၉၆ ကျောင်းသားဖြစ်ပြီးတော့ ဟိုတုန်းက လွှတ်တော်ခေါ်ယူရေးမှာ ဆန္ဒပြလို့ ထောင် ၅၈ နှစ် ကျထားတာ၊ ဗိုလ်စိန်မှန်လမ်းက တဖက်မှာက ဦးချစ်မောင်လမ်းရှိပြီး တဖက်မှာက ရွှေဂုံတိုင်လမ်း ရှိတယ်။ အဲဒီ နှစ်ဖက် ဖြတ်လမ်းကို ပိတ်ပြီး ဝင်ရှာတယ်။ သူနဲ့ ကပ်ရက်ဆိုင်တွေကိုလည်း လှမ်းမကြည့်ရ ဓာတ်ပုံ မရိုက်ရဆိုပြီး ခြိမ်းခြောက်ထားတယ်။”
အဲဒီအချိန်က သွားရောက်ပြီး ကြည့်ရှုသူတွေထဲမှာ ဒေသခံတဦးဖြစ်တဲ့ ကိုသန့်ဇော် ဆိုသူလည်း ပါဝင်ပါတယ်။
“ကျနော်ရောက်သွားတဲ့ ငမောက်လမ်းဘက်မှာ စစ်ကား နှစ်စင်းက ဖင်ထိုးရပ်ထားတယ်။ အဲဒီမှာ ကြိုးတားထားတယ် မဝင်ရဆိုတဲ့ ပုံစံမျိုး။ ပေ ၂ဝဝ ကျော် လောက်က ကျနော်လှမ်းကြည့်နေတယ် အဲဒီအချိန်မှာ သူတို့က အိမ်ထဲက သိမ်းယူလာတဲ့ ပစ္စည်းတွေကို ကားပေါ်တင်နေကြတယ်။ ကျနော်တွေ့လိုက်တာတော့ စက်ဘီး ၁ စီးတွေ့တယ်။ ဂစ်တာတလုံး တွေ့တယ်”
အခုလို စစ်တပ်နဲ့ ရဲတွေ လာရောက်ရှာဖွေနေစဉ်မှာ ရောက်ရှိသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး လည်းဖမ်းဆီးခံရတယ်လို့ ဦးဇော်ရမ်းက ပြောကြားပါတယ်။
“ကိုတင်မောင်ဦးက ဒါဖမ်းတာတွေ အားလုံးကို စနစ်တကျ ရှာဖွေပုံစံတွေ နဲ့ ဥပဒေအရ လုပ်ဖို့လိုတယ်ပေါ့။ လာဖမ်းတဲ့သူတွေကိုလည်း ကျနော်တို့ကသူတို့မှာ ဘာတွေပါသလဲ အရင်ကြည့်ခွင့်ရှိရမယ် ဘာညာ ပြောတော့ အဲဒီမှာ အခြေအတင်ဖြစ်သွားပြီး သူ့ပါ ဖမ်းခေါ်သွားတယ်ဆိုတာ သိရတယ်။ လောလောဆယ်တော့ သူတို့ကို ရဲတပ်ဖွဲ့ နဲ့ စစ်ကြောင်းကနေ ခေါ်သွားတယ်။ ဗဟန်ုးရဲစခန်းမှာ။ အရွယ်မရောက်သေးတဲ့ ၁၈ နှစ် မပြည့်သေးတဲ့ ကလေးမတွေ ပါတဲ့အခါကျတော့ မိဘတွေက သွားတောင်းတော့ ရဲက မပူပါနဲ့တဲ့ ဒီညတော့ ဒီမှာအိပ်ရမယ်ဆိုပြီး ပြောလိုက်တယ်။ စောစောက ရေဒီယိုက ကြေညာတာကတော့ ဒီဆိုင်မှာ လက်လုပ်ဗုံးတွေ တွေ့တယ်ဆိုပြီး ကြေညာသွားတယ်။ ဒါပေမယ့် ဟိုမှာတွေ့လိုက် ဒီမှာတွေ့လိုက် တနိုင်ငံလုံးမှာလည်း ရန်ကုန်၊ မန္တလေး ဒီလိုပစ္စည်းတွေ လက်လုပ်ဗုံးတွေ တွေ့တယ်ဆိုတော့ ဒီပစ္စည်းတွေ အကုန်လုံးတွေ့တာ သူတို့ဘာသာ သူတို့လူတွေကို မကြည့်ရ မမြင်ရ ဓာတ်ပုံမရိုက်ရ အကုန်လုံး ပိတ်ဆို့ပြီး လုပ်တဲ့အတွက် သူတို့ယူလာတာလဲ ဖြစ်နိုင်တာဘဲလေ။ ဒီလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အားလုံးကို ဖမ်းဆီးထိန်းသိန်းထားမှပဲ ဖြစ်မှာဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ သူတို့ယူလာတာလဲ ဖြစ်နိုင်တာပဲ။ အဲဒါကြောင့် ကျနော်တို့က ဒီအပေါ်မှာတော့ လုံးဝ အယုံအကြည်မရှိဘူး”
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
“မနီနီခိုင်ဆိုရင် ပရဟိတအလုပ်တွေ အများကြီးလုပ်နေတယ်။ လှူတယ် တန်းတယ် လူမျိုးဘာသာ အသားအရောင် ဆင်းရဲချမ်းသာ မခွဲခြားဘဲ လှူနေတာ။ မနီနီခိုင် ရော ကိုတင်မောင်ဦး ဆိုတာက ပြည်သူလူထု ဒီနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း စိန်ခေါ်မှုတွေအတွက်ကို သူတို့က တထောင့်တနေရာက ပံ့ပိုးကူညီနေတာ။ အဲဒါကို အပြစ်ရှာပြီး ဆိုင်ထဲမှာ လက်လုပ်ဗုံးတွေ တွေ့တယ်ဆိုပြီးတော့ ဒါက တကယ် မတရားမှုကြီးဗျာ ဒီလုပ်ရပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချတယ်ဗျ”
Fortify Rights လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင် နစ်ကီဒိုင်းမွန်း ကလည်း စစ်ကောင်စီဟာ သူတို့ိကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကိုသာမက ထောက်ခံအားပေးနေသူလို့ သူတို့ယူဆသူမှန်သမျှကို ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးမှုတွေ နှိပ်စက်ညှင်းပမ်းမှုတွေ ဆောင်ရွက်နေတာမြင်ရတယ်လို့ RFA ကိုပြောပါတယ်။
“သံပုံးတီးတဲ့လူတွေကို အိမ်ပေါ်ကနေ ဆွဲချတာတွေ ပစ်တာ ခတ်တာတွေ၊ တချို့နေရာတွေမှာ ဆိုရင် သံပုံးတီးမယ့်သူတွေ မရှိတော့ဘူးပေါ့နော်။ အဓိကက ဒီစစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို ကြောက်ရွံ့ပြီး လျော့နည်းသွားပြီးတော့ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားမှုရောက်တယ်ဆိုပြီး သူတို့ ကြိုးစားပြီးလုပ်နေတာ”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစပြီး အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၇၄ဝ နီးပါး၊ ဖမ်းဝရမ်းထုတ်ထားခံရသူ ၁ဝ၂ဝ နဲ့ ဖမ်းဆီးခံနေရသူ ၃၃ဝဝ ခန့် ရှိပါတယ်။