စစ်တပ်က ပြည်သူတွေဆီကငွေနဲ့ပစ္စည်းတွေပါ မတရားသိမ်းယူမှုများလာ
2021.04.19
ဧပြီလ ၉ ရက်နေ့မှာ ပဲခူးမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီလက်အောက်ခံတပ်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် လူပေါင်း ၈၀ ကျော်သေဆုံးရတာဟာ ဖေဖော်ဝါရီတရက်နေ့ အာဏာသိမ်းပြီးကတည်းက လူအသေအပျောက်အများဆုံး အဖြစ်အပျက်တခု ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက အလောင်း ၅၇ လောင်းကို စစ်ကောင်စီတပ်သားတွေက ကောက်ယူသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဲဒီအလောင်းတွေကို စစ်ကောင်စီတပ်သားတွေ ဘာလုပ်ကြတာပါလဲ။
"အလောင်းဟုတ် မဟုတ်၊ မိသားစုကလာကြည့်။ မိသားစုက အလောင်းကြည့်ပြီး ဟုတ်လို့ သူတို့မြုပ်ပေးရမယ် ဆိုရင်တော့ ပိုက်ဆံမပေးရဘူး။ ဒါမှမဟုတ်လို့ အလောင်းကို အိမ်ပြန်သယ်ပြီး မိသားစုက သဂြိုလ်မယ်ဆိုရင် တော့ ပိုက်ဆံ တသိန်း ၂ သောင်းပေးရပါတယ်။ စစ်တပ်က တောင်းတာပါ။ အလောင်းကိုထုတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ထုတ်တဲ့သူတွေက ဒီသတင်းနဲ့ပတ်သက်ပြီး ဘာတခုမှ ထုတ်ဖော်မပြောရပါဘူးဆိုပြီး လက်မှတ် ထိုးရပါတယ်။ အလောင်းကို ပဲခူးရင်ခွဲရုံမှာ ထုတ်ရပါတယ်။"
ပဲခူးမြို့ခံ မျက်မြင်သက်သေတယောက်ပြောသွားတာပါ။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ဆန္ဒပြ ပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖြိုခွဲခဲ့ပါတယ်။ မီးသတ်ပိုက်နဲ့ ထိုးပြီးဖြိုခွဲတာကစလို့ မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ဖြိုခွဲတာအလယ် ခေါင်းနဲ့ ဗိုက်တွေကို သေနတ်နဲ့ ပစ်သတ်တာအဆုံး နည်းမျိုးစုံသုံးခဲ့ပုံတွေကို ပြည်တွင်း ပြည်ပသတင်းစာမျက်နှာတွေမှာ နေ့စဉ်မြင်နေရပါတယ်။
အာဏာသိမ်းပြီး နှစ်လကျော်အကြာမှာတော့ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးအဖွဲ့တွေဟာ နောက်ထပ် နည်းအသစ်တွေကို သုံးလာတာဖြစ်ပါတယ်။ အဲဒီအထဲမှာ အလောင်းတွေ ထုတ်ယူဖို့် ပိုက်ဆံတောင်းရုံတင်မက သူတို့ ဖမ်းဆီးထားတဲ့သူတွေကို ငွေယူပြီးမှ ပြန်လွှတ်ခဲ့တာတွေ ပါဝင်တဲ့အကြောင်းကို ရန်ကုန်မြို့က ကိုယ်တိုင် အဖမ်းခံခဲ့ရသူတယောက်က ပြောပြပါတယ်။
"ကျနော်တို့က သုံးသိန်းပေးရတယ်။ နောက်တနေ့ကျတော့လည်း တသိန်းခွဲတန် အရက်တပုလင်း ထပ်ပေးလိုက် ရတယ်ဆိုတော့ လေးသိန်းခွဲဖြစ်သွားတာပေါ့။ ကားမှန်ကိုထုလိုက်တာ။ ထုလိုက်တော့ ကားမှန်ကွဲသွားတာပေါ့။ အဲမှာ ရိုက်ပြီးတော့ နှစ်ယောက် သုံးယောက်လောက်က အတင်းချုပ်ပြီးတော့ ခေါ်သွားတာပေါ့။ ခေါ်သွားတဲ့ တောက်လျှောက်လည်း အရိုက်ခံရတယ်။ စခန်းထဲ ရောက်တော့ အဝင်ဝမှာပဲ ဒူးထောက်ပြီး လက်နောက်ပစ် ခိုင်းထားတယ်။ အဲဒီမှာ တခြားဖမ်းထားတဲ့ ကလေးတွေလည်း အများကြီးပဲ။ အဲဒီအချိန်မှာ နောက်က ရိုက်တယ်ဗျ။ ပတ်သွားနေတာဗျ၊ ရဲတွေရော စစ်သားတွေရောက။ ပတ်သွားနေရင်း တွေ့ရင် တွေ့သလို ကန်သွားတာ။ ကြိုးတွေနဲ့ရိုက်တယ်။ နံပတ်တုတ်တွေနဲ့ရိုက်တယ်။ ဘယ်ရောက်နေမှန်းမသိရင် ပြဿနာဗျ။ ကျနော်တို့ကတော့ အပြင်ကလူတွေက သိသွားတာ"
နောက်ထပ် ပိုက်ဆံနဲ့ပစ္စည်းတွေ ယူတဲ့နည်းတမျိုးကတော့ ဖမ်းလည်းဖမ်း အိမ်မှာရှိသမျှငွေသားနဲ့ ပစ္စည်းတွေ ကိုလည်း သိမ်းယူတဲ့နည်းဖြစ်ပါတယ်။ ဓါးပြတိုက်နေသလိုပဲလို့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့က အဖမ်းခံရသူ မိသားစုဝင်တယောက်က ပြောပါတယ်။
"အင်အားက ၇၀ လောက်ရှိမယ်။ သမီးတို့လည်းပုန်းနေရတာ။ နောက်တော့ အိမ်ထဲထိ ရောက်လာတော့ မေမေ က အဖမ်းခံလိုက်တယ်။ မောင်လေးကိုလည်းရိုက်တယ်။ ၆ ချက် လောက်ရှိမယ်။ စီစီတီဗွီတွေ အကုန်လုံးကိုလည်း သေနတ်နဲ့ပစ်သွားတယ်။ ထုတ်ထားတဲ့ ပိုက်ဆံတွေ အကုန် ပါသွားတယ်။ ၁၅ သိန်းလောက်ရှိမယ်၊ ငွေသားချည်းပဲ။ အထည်တွေဆိုတာလည်း တခြားစီ။ နားကပ်ဆိုလည်း တဖက်ကျန်တာတို့၊ လက်စွပ်လည်းပါ သွားတယ်။ ဖေဖေရဲ့ ရိုးလက်စ်နာရီ ၆ လုံးပါသွား တယ်။ ဖုန်းကလည်း iPhone 10 တလုံး ဆမ်ဆောင်းတလုံး ပါသွားတယ်။ တခြားပစ္စည်းတွေလည်း အကုန် ဖျက်ဆီးသွားတာ။ ပြီးတော့ တမိသားစုလုံးကို ဖမ်းသွားတာ။ သမီးတို့က နောက်တနေ့ ၂၉ ရက်နေ့မှာ ပြန်လွတ်လာတာ။ မောင်လေးရယ်၊ သမီးရယ် အိမ်က အလုပ်လုပ်တဲ့ အဒေါ်ကြီးရယ် ပြန်လွတ်တာ"
ဒါတွေဟာ နည်းပေါင်းစုံနဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူတွေရဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ သူတို့ ပြောပြတာတွေကို ထပ်ဆင့် အတည်ပြုတာကတော့ စစ်သားအချင်းချင်း ပြောနေတာကို ကြားလိုက်တဲ့ မန္တလေး မြို့ခံတယောက်ဖြစ်ပါတယ်။
"အဲဒီစစ်သားနှစ်ယောက်က ကွမ်းယာဆိုင်ဘေးမှာပြောနေတာ။ ၃၆ လမ်း ၈၄၊ ၈၅ ကြား မှာပေါ့။ မင်းက ဖုန်း ဘယ်နှစ်လုံးရတာလဲဆိုတော့ တယောက်က ငါက ၄ လုံးရပြီးတဲ့။ ငါကတော့ ၅ လုံးရပြီတဲ့။ သူတို့နှစ်ယောက်က တယောက်နဲ့တယောက် ပြောနေတာပေါ့နော်။ ၆၂ လမ်းတွတ်ပီကွေ့မှာ ကျနော်က ဆိုင်ကယ် နဲ့ရပ်ကြည့်နေချိန် စစ်ကားနှစ်စီးက စက်မှုဘက်ကနေ ကွေ့လာတာ၊ နန်းတွင်းထဲကိုသွားမှာ ထင်တယ်။ ကျနော်က စစ်ကားပေါ်မှာ စစ်သားတွေပါတယ် အောက်မေ့လို့လှမ်းကြည့်လိုက်တော့ ဆိုင်ကယ်တွေ။ သပိတ်ဖြိုလာတာ ထင်တယ်။ ဆိုင်ကယ်တွေ ကြည့်ရတာ တကယ့်တန်ဖိုးကြီးတဲ့ဆိုင်ကယ်တွေချည်းပဲ။ သိန်း ၂၀- ၃၀ ပေးရတဲ့ စကိုဘီးတို့ ကလစ်တို့ ယိုးဒယားဆိုင်ကယ်တွေ။ စစ်ကား နှစ်စီးစလုံးမှာ ဆိုင်ကယ်တွေ အပြည့်ပဲ။ ဘယ်များ ပို့တာလဲဆိုပြီး သူတို့စစ်ကားနှစ်စီးနောက်က ဆိုင်ကယ်နဲ့လိုက်ကြည့်တော့ ဟုတ်တယ်ဗျ မန္တလေး နန်းတွင်းထဲကို အဲဒီစစ်ကား နှစ်စီးကဝင်သွားတာ"
ဆန္ဒပြပွဲတွေ သပိတ်တွေမှာ ပါဝင်သူတွေကိုဖမ်းဆီးပြီး ငွေနဲ့ပိုင်ဆိုင်မှုတွေကို တောင်းရမ်း လုယူနေသလို တခြားသော သန်းနဲ့ချီတဲ့ ပြည်သူတွေရော စစ်ကောင်စီတပ်သားတွေရဲ့ ဘယ်လိုဒဏ်မျိုးကို ခံနေရပါသလဲ။ သံလျင်မြို့နယ်က အိမ်ရှင်မတယောက်ပြောပြတာကို နားဆင်ကြည့်ပါ။
"စစ်သားတွေ ရဲတွေက ဆိုင်ကယ်တွေတားပြီးစစ်တယ်။ ပြီးရင် ဖုန်းကိုစစ်၊ ဖုန်းထဲမှာ ဘာမှမတွေ့လို့ရှိရင်လည်း လက်ထဲမှာ ပိုက်ဆံဘယ်လောက်ပါသလဲ၊ ပါတဲ့ပိုက်ဆံ တောင်းယူ။ အဲဒီလိုမျိုးတွေ။ ကိုယ့်အသိအကျွမ်းထဲကလည်း အဲလိုတောင်းခံရတဲ့သူတွေ ရှိတယ်။ တချို့ဆိုလို့ရှိရင် ဆိုင်ကယ်ဘောက်စ်ထဲမှာ ထည့်ထားတဲ့ ပိုက်ဆံကို ပါခိုးသွားတာမျိုးပါ ကြုံရတယ်။ ကျမတို့လည်း ဈေးသွားရင် ပိုက်ဆံကို ပိုပြီးမယူရဲဘူး။ လက်ထဲမှာ ပိုက်ဆံလေး ကို ကျစ်နေအောင်ဆုတ်၊ ပါသွားတဲ့ပိုက်ဆံနဲ့ ကမန်းကတန်းဝယ်ပြီးပြန်ပဲ။ အဲဒီလိုမျိုးဖြစ်နေတာပေါ့၊ လူတွေက။ အမှန်အတိုင်း ပြောရရင် သူတို့နဲ့ တည့်တည့်ကို မတိုးချင်တာ၊ စကားလည်း မပြောချင်ဘူး။ သူတို့နဲ့တိုးပြီး စကား ပြောရမှာကို လူတွေအကုန်လုံးက ရွံလည်းရွံ၊ ကြောက်လည်း ကြောက်နေကြတာ။ အဲဒီလိုဖြစ်နေတာ"
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းက တပ်မတော်တိုင်းရဲ့တာဝန်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်။ တပ်မတော် လက်အောက်ခံ အဖွဲ့အစည်း တခုဖြစ်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်တွေကတော့ ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးတို့ဖြစ်ပါတယ်။
လက်ရှိကာလမှာတော့ ပြည်သူကို ကာကွယ်ရမယ်ဆိုတဲ့ မြန်မာ့တပ်မတော်ကို ဦးဆောင်သူ ဗိုလ်ချုပ်တွေရဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေရဲ့ရန်ကနေ ပြည်သူပြည်သား အချင်းချင်း ကာကွယ်နေရသလို တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက် ရမ်းကားနေတာကလည်း သူတို့တွေပဲ ဖြစ်တယ်လို့ ပြည်သူတွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေကို စစ်ကောင်စီလက်အောက်ခံတပ်သားတွေက ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ဧပြီလ ၁၉ ရက်နေ့မနက်အထိ သေဆုံးသူပေါင်း ၇၃၂ ယောက်၊ ဖမ်းဆီးခံခဲ့ရသူပေါင်း ၄၂၅၂ ယောက်နဲ့ ဒီကနေ့ထိ ဖမ်းဆီးခံထားရဆဲသူ ၃၂၂၉ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။