စစ်အာဏာသိမ်းမှုအောက်က အကြမ်းဖက်ဝါဒနဲ့ မုသာဝါဒ

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021.03.10

၁၉၆၂ ခုမတ်လ ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းတော်လှန်ရေးကောင်စီတက်တဲ့အချိန်ကစလို့ မြန်မာ့ဒီမိုကရေစီရေး မှေးမှိန်သွားပါတယ်။

၂၀၁၀ လွန်နှစ်ပိုင်းတွေမှာ နိုင်ငံအပြောင်းအလဲ ကြောင့် ဒီမိုကရေစီ အရိပ်အယောင်သမ်းလာခဲ့ သမျှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဗိုလ်နေဝင်းနဲ့ မျိုးဆက်ကွာပေမယ့် စစ်မျိုးဆက်တဆက်တည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာထပ်သိမ်းလိုက်တဲ့အတွက် အမှောင်ခေတ် ကံကြမ္မာဆိုးကို နိုင်ငံကြုံရမယ့် အနေအထား ရောက်သွားပြန်ပါတော့တယ်။

၁၉၅၈ မှာ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရတက်ပြီး ခုစစ်ကောင်စီပြောတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့အတိုင်း ၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပပေးလို့ ဦးနုခေါင်းဆောင်တဲ့ သန့်ရှင်းအစိုးရအနိုင်ရပေမဲ့ ၁၉၆၂ ခုမှာ စစ်အာဏာသိမ်းလိုက်တာမို့ နိုင်ငံအမှောင်ခေတ် စတင်ကျရောက်သွားပါတယ်။

အမေရိကန် Washington Post သတင်းစာမျက်နှာဖုံးမှာ Democracy dies in Darkness အမှောင်ခေတ်မှာ ဒီမိုကရေစီ ကျဆုံး ဆိုတဲ့ စာသားဟာ မြန်မာနိုင်ငံကို ရည်ညွှန်းတယ်လို့ ပြောနိုင်ပါတယ်၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာဟာ အမှောင်ခေတ်ကို ပြန်လှည့်တာလားလို့ နိုင်ငံရေးရာတွေသုံးသပ်တဲ့ Global Risk Insights မှာ မနေ့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

အာဏာခွဲဝေရေးအတွက် စားပွဲဝိုင်းကနေ ဆွေးနွေးဖို့ စစ်ကောင်စီက မဆုံးဖြတ်တော့ဘူးဆိုရင် မြန်မာနိုင်ငံဟာ ရွေးချယ်စရာ ဗလာကျင်းသွားပြီလို့ သုံးသပ်ထားတာပါ။ စစ်အုပ်ချုပ်ရေးကာလ တလျှောက်လုံးလည်း လူထုက ရွေးချယ်စရာမရှိဘဲ သေနတ်ပြောင်းဝအောက်၊ စစ်ထောက်လှမ်းရေးက မျက်စိဒေါက်ထောက်ကြည့်နေတဲ့ အောက်မှာ နေခဲ့ရတာပဲ ဖြစ်ပါတယ်။

အတိုချုံးပြောရရင် ၁၉၆၂ ကနေ ၁၉၈၈ ထိ ၂၆ နှစ်ကာလအတွင်း စစ်ယူနီဖောင်းကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေါင်းစဉ်အောက် အရပ်ဝတ်ပြောင်းပြီး အရပ်သားအစိုးရ ပုံစံဖမ်းပြလည်း စစ်တပ်အုပ်ချုပ်ရေးပဲ ဖြစ်ပါတယ်။

ခါးသီးတဲ့ တစ်ပါတီစနစ်ကို ၂၆ နှစ် ခံစားလာရတာ လူထုက မခံမရပ်နိုင်ဖြစ်နေချိန် ၁၉၈၈ မတ်လ ၁၃ ရက် ဖုန်းမော်အရေးအခင်းက မီးပွားတစ ဖြစ်လာပါတယ်။ လက်ဖက်ရည်ဆိုင်က ရန်ပွဲမီးစဟာ ပြာဖြစ်ပြီး လွင့်ပျောက်မသွားဘဲ ယမ်းအိုးပေါ် ကျရောက်ပေါက်ကွဲသွားတယ်လို့ တင်စားရမှာဖြစ်ပြီး တနိုင်ငံလုံး အုံကြွတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံပေါက်ဖွားလာပါတော့တယ်။

လက်နက်ပဲ အားကိုးတတ်တဲ့ စစ်တပ်ဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပြီး ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ စစ်အာဏာ ထပ်သိမ်းပါတယ်။ ဒါဟာ ဆန္ဒပြလို့ သိမ်းတာဖြစ်ပြီး ခုကမ္ဘာတဝန်း မမြင်ချင်အဆုံး ရက်စက်မှုအပေါင်း သရဖူဆောင်းနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်တပ်က အာဏာသိမ်း လိုက်တာကို မခံမရပ်နိုင်လို့ ဆန္ဒပြတာပါ။ အများစုဟာ ပါတီစွဲ ပုဂ္ဂိုလ်စွဲ သက်သက်ကြောင့်မဟုတ်ဘဲ ဒီနေ့ခေတ်မှာ မရှိသင့်တော့တဲ့ စစ်အာဏာသိမ်းလိုက်တာကို ခါးသီးနာကျည်းတဲ့အတွက် လက်နက်နဲ့ အနိုင်ကျင့်မှာ သိရက်နဲ့ အနာခံအံတု ရင်ဆိုင်တာလည်း ဖြစ်ပါတယ်။

တူနီးရှားက သစ်သီးသည်ကလေးကို အာဏာပိုင်တွေက မတရားလုပ်လို့ ၂၀၁၀ ဒီဇင်ဘာက စတင်တဲ့ Arab Spring အာရပ်အုံကြွမှုဟာ နည်းပညာခေတ်မှာ အာဏာရှင်တွေ အံတုစိန်ခေါ်တဲ့ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။ အာရပ်အုံကြွမှု ဖြစ်ပွားပြီး နောက်ဆယ်စုနှစ်ကျော်မှာ မြန်မာ့နွေဦးတော်လှန်ရေး သန္ဓေတည်ပါတယ်။ ခု နဲ့ ၈၈ နဲ့မတူတော့တာကို ဒီလ ၉ရက် စီးနင်းခံလိုက်ရတဲ့ ကမာရွတ်မီဒီယာ ထူထောင်သူတဦးဖြစ်တဲ့ ကိုဟံသာငြိမ်းရဲ့ ညီမကပြောပါတယ်။

"သတင်းစီးဆင်းမှုတွေက သူတို့အတွက် အန္တရာယ်ဖြစ်နေတယ်လို့ပဲကျမယူဆတယ်။ ဒါကြောင့် အကြမ်းဖက် ဖမ်းဆီးနေတာ။ ဘယ်နေရာ ဘာဖြစ်သလဲဆိုတာ အမှန်ပြောနိုင်တဲ့ မီဒီယာတွေကို စစ်ကောင်စီက ပစ်မှတ်ထားနေပါတယ်။ ဒါကလည်း အမှန်တွေဖုံးပြီး မုသားတွေနဲ့ မှိုင်းတိုက်တဲ့ ခေတ်မဟုတ်ပေမယ့် ရတဲ့နည်းနဲ့ နှိမ်နင်းနေတာပဲဖြစ်ပါတယ်"

ဒီနေရာမှာ ၂၀၀၈ ခုနှစ်ကကွယ်လွန်သွားတဲ့ ရုရှားစာရေးဆရာနဲ့ နိုင်ငံရေးအကျဉ်းသား Aleksandr Solzhenitsyn က အကြမ်းဖက်မှုကို မုသားနဲ့ပဲ ဖုံးကွယ်လို့ရတယ်။ မုသားကိုလည်း အကြမ်းဖက်မှုနဲ့ပဲ ထိန်းထားလို့ရတယ်လို့ ရေးသားခဲ့တာနဲ့ အံဝင်ခွင်ကျဖြစ်လို့ နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။