စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြန်လက်ခံရေးအစီအစဉ် ယုံကြည်မှုနည်း

RFA Burmese
2023.03.14
စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြန်လက်ခံရေးအစီအစဉ် ယုံကြည်မှုနည်း ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Chinese Embassy in Myanmar

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒုက္ခသည်တစ်ထောင်ကျော်ကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်နေပြီး ပြန်လာသူတွေ အတွက် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက RFA ကို ဒီနေ့ပြောပါတယ်။
 
ပြန်လည်လက်ခံရာမှာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊ မိမိဆန္ဒအရ ပြန်လာသူ ဖြစ်ရမယ်၊ ကွဲကွာနေတဲ့ မိသားစုဝင်တွေအတွက် ဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်ပါရမယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့ ကလေးဆိုရင် မိဘနှစ်ဦးလုံးဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊ အဲဒီမှာ မွေးဖွားတဲ့ ကလေးတွေအတွက် မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့ ထောက်ခံချက်ပါရမယ် စတဲ့အချက်(၅)ချက်နဲ့ လက်ခံသွားမှာလို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ လက်ခံဖို့အတွက် မြန်မာဘက်က စနစ်တကျဆောင်ရွက်ထားတာကို နိုင်ငံခြားသံအမတ်တွေကိုလည်း ပြထားပြီးဖြစ်သလို ဒီရက်ပိုင်းမှာပဲ မြန်မာဘက်က ပြန်လည်လက်ခံရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက် ဆွေးနွေးဖို့ ရှိတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကိုပြောပါတယ်။
 
“မြန်မာနိုင်ငံကတော့ လက်ခံဖို့အတွက် အစီအစဉ်ဟာ စနစ်တကျ ဆောင်ရွက်ထားတယ် ဆိုတာကို နိုင်ငံခြား သံအမတ်တွေကိုလည်း ပြထားပြီးဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ ရခိုင်ပြည်နယ်က ပြည်နယ် လဝကမှူးလည်းဖြစ်၊ လူမှုရေးရာ ဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်မျိုးဦး ဦးဆောင်တဲ့ မြန်မာနိုင်ငံက လက်ခံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တစ်ဖွဲ့က မကြာခင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားပြီးတော့ ညှိနှိုင်း ဆွေးနွေးဖို့ ရှိပါတယ်။ ဒီအဖွဲ့ ဆွေးနွေးပြီး ပြန်လာတဲ့အခါကျရင်တော့ နှစ်ဖက်နိုင်ငံခြားမှာ ဘယ်လိုသဘောထားတွေ ဆုံးဖြတ်ချက်တွေ ရခဲ့တယ် ဘယ်နေ့စပြီးတော့ လူဦးရေ ဘယ်လောက်ကို လက်ခံမယ်ဆိုတဲ့အပိုင်းတွေ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ယူဆပါတယ်”
 
ပြန်လာသူတွေအတွက် ငါးခူရ၊ လှဖိုးခေါင်စတဲ့ ပြန်လည်လက်ခံရေးစခန်းနှစ်ခုကို ပြင်ဆင်ထားပြီး အဲဒီနေရာတွေမှာ အသက်မွေးဝမ်းကျောင်းကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံ လိုအပ်ချက်တွေအတွက်လည်း ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။
 
အဲဒီလို လက်ခံရေးစခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံ သံရုံးအကြီးအကဲတွေကို စစ်ကောင်စီက လိုက်လံပြသခဲ့တာပါ။ အဲဒီအစီအစဉ်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက သံရုံးအကြီးအကဲတွေလည်း ခရီးစဉ်မှာ လိုက်ပါခဲ့ကြပါတယ်။
 

"အဲဒီမှာရှိနေတဲ့ တခြားတိုင်းရင်းသားတွေလိုမျိုး ကျွန်တော်တို့မှာလည်း အခွင့်အရေးရှိရမယ်။"

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို ရှေ့ပြေးစီမံချက်နဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီက ပြင်ဆင်နေတဲ့ ပြန်လည်လက်ခံရေး အစီအစဉ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာတွေ ဆောင်ရွက်နေတယ် ဆိုတာကို သိနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ် မေးမြန်းထားပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းမပြန်လာသေးပါဘူး။
 
စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ဆောင်နေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းမှာတော့ ဒုက္ခသည်တွေကို တစ်စုံတစ်ရာ ပြောဆိုလာတာ မရှိသေးဘူးလို့ အဲဒီစခန်းမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတွေ က RFA ကိုပြောပါတယ်။
 
ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်၊ တန်းတူအခွင့်အရေးနဲ့ မူလနေရာမှာ ပြန်ထားမယ်ဆိုမှသာ နေရပ်ကိုပြန်လာမယ်လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ဒုက္ခသည်ခစန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
 
“ဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေအားလုံးက ဒီနေရာမှာမနေဘူး။ အမှန်အတိုင်းပြောရရင် အားလုံးက ပြန်လာချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာရှိခဲ့တဲ့ လယ်ယာမြေတွေကို ပြန်ပေးရမယ်။ မူလနေရာမှာ ပြန်ထားရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေ ပေးရမယ်။ အဲဒီမှာရှိနေတဲ့ တခြားတိုင်းရင်းသားတွေလိုမျိုး ကျွန်တော်တို့မှာလည်း အခွင့်အရေးရှိရမယ်။ အဲဒီလိုမျိုး တန်းတူဖြစ်မယ်ဆိုလို့ရှိရင် ကျွန်တော်ာ်တို့က ဒီကနေ ပြန်လာဖို့ အဆင်သင့်ရှိနေပါတယ်”
 
စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာတွေ တောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ မူလနေရာမှာ ပြန်လည်နေရာချထားဖို့ ကိစ္စတွေနဲ့ပတ်သက်လို့ တိတိကျကျ အာမခံတာ မတွေ့ရသေးဘူးလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

 

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်လက်ခံရေးကိစ္စကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုင်တွယ်တာဖြစ်လို့ အဲဒီကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
 
ဒါကြောင့် စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ လုပ်ဆောင်နေတဲ့အပေါ် မေးခွန်းထုတ်စရာတွေ များနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ထောက်ပြပါတယ်။
 
“အခုစစ်ကောင်စီက လုပ်နေတာဟာ သူတို့တကယ်စေတနာမှန်နဲ့ လုပ်နေတာလား။ အဲဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျွန်တော်တို့က ပြန်လာစေချင်ရင် ရိုးရိုးသားသားလုပ်ပေးပါ။ ကြားစခန်းမှာ နေရမယ်ဆိုရင် တစ်ပတ်နေရာမှာလား၊ တစ်လနေရမှာလား။ ဘယ်လောက်နေရမှာလဲ။ အဲဒီလို နေပြီးရင် ဘယ်ကိုပို့မှာလဲ။ အဲဒါလုပ်ပေးရမှာလေ။ တကယ်လို့မှာ ကိုယ်ရွာကိုပြန်မသွားနိုင်ရင်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရရင် ဘယ်လိုဖြစ်လို့ လူတွေလာမှာလဲ။ အဲဒါကြောင့် စစ်ကောင်စီကို မေတ္တာရပ်ခံလိုတာက စေတနာမှန်နဲ့လုပ်ပါ။ ကျွန်တော်တို့ ပြန်လာဖို့အဆင်သင့်ရှိပါတယ်”
 
အခုလို ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင် ကြိုးပမ်းမှုတွေ ရှိခဲ့ပြီး အဲဒီအချိန်တုန်းက ပထမအကြိမ်လက်ခံဖို့ လျာထားသူ ၂၂၆၀ ဦးနဲ့ ဒုတိယအကြိမ်အတွက် ၃၄၅၀ ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာသူမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာ ပြန်လက်ခံရေးအစီအစဉ်အား သွားရောက်ကြည့်ရှုခဲ့သည့်  စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာ ပြန်လက်ခံရေးအစီအစဉ်အား သွားရောက်ကြည့်ရှုခဲ့သည့် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
 

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကတော့ စစ်ကောင်စီဟာ နိုင်ငံတကာက အမြင်ကောင်းအောင်လုပ်နေတာဖြစ်ပြီး ပြန်လာသူတွေကတော့ ဒုက္ခသည်စခန်းမှာပဲ နှစ်ရှည်လများ နေသွားရမယ့် အခြေအနေရှိတယ်လို့ပြောပါတယ်။
 
“ဒါက Pilot Project အနေနဲ့လုပ်တာပေါ့။ ပထမဆုံး တသုတ်ခေါ်မယ်။ ပြီးရင် တဖြေးဖြေးနဲ့ ပြန်ခေါ်မယ် ဆိုပြီး ပြောနေတာ။ လှဖိုးခေါင်တို့ ငါးခူရတို့စခန်းတွေမှာပဲ ဒီလူတွေကို နှစ်ရှည်လများထားသွားမယ်လို့ ကျွန်တော်ထင်တယ်။ ဒီလူတစ်ထောင် ခေါပြီးသွားရင် နောက်ထပ်ခေါ်ဖို့လည်း လမ်းမမြင်ဘူး။ ဒါက နိုင်ငံတကာက အမြင်ကောင်းအောင် တရုတ်က ဖိအားလည်းရှိတော့ အမြင်ကောင်းအောင်လုပ်နေတာလို့ပဲ မြင်ပါတယ်”
 
လက်ရှိမှတော့ အဲဒီရိုဟင်ဂျာတွေ မူလနေထိုင်ခဲ့တဲ့ နေရာတွေမှာ ဘာမှမရှိတော့သလို စစ်ကောင်စီကလည်း အဲဒီနေရာမှာ ဘာမှကြိုတင်ပြင်ဆင်ထားတာမတွေ့ရသေးဘူးလို့လည်း သူကပြောပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခကလည်း စစ်ကောင်စီဟာ သူတို့ရဲ့အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဟန်ပြလုပ်နေတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အွန်လိုင်း ဗွီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
 
“မွတ်စလင်တွေကို ပြန်လည်လက်ခံဖို့ လုပ်နေတဲ့ကိစ္စဟာ ဟန်ပြဖြစ်ဖို့များပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တည်ငြိမ်မှုမရှိဘူး။ လုံခြုံရေးအရလည်း စိတ်မချရသေးတဲ့အခြေအနေမှာ အခုလို လက်ခံဖို့ လုပ်ပြနေတာက အဲဒီနောက်မှာ နိုင်ငံရေးနောက်ခံစဉ်းစားချက်တွေ အများကြီးပါနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ လက်ရှိ စစ်ကောင်စီက သူတို့ရဲ့အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှုရရှိဖို့အတွက် ဟန်ပြလုပ်နေတဲ့ ခြေလှမ်းတစ်ခုပဲလို့ ကျွန်တော်တို့မြင်တယ်”
 
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားခဲ့ရတာပါ။
 
သူတို့ဟာ အဲဒီက ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးအခက်အခဲနဲ့ ခိုလှုံနေခဲ့တာ ခြောက်နှစ်လောက်အထိ ကြာမြင့် နေပြီဖြစ်ပေမယ့် ဒုက္ခသည်တွေအားလုံး နေရပ်ပြန်လာရေးကတော့ မရေရာ မသေချာသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။