စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်မထွက်

2022.02.15
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်မထွက် စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၂၀၂၂ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ တွေ့ဆုံစဥ်
Photo: DSINFO

စစ်ကောင်စီက ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့နဲ့ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့ တက်ရောက်ခဲ့ပေမယ့် ဘာရလဒ်မှမထွက်ဘဲ ပြီးဆုံးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့သူတွေက RFA ကို ပြောပါတယ်။

အဲဒီနေ့က ဆွေးနွေးပွဲကို NCA တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ကို ဖိတ်ခေါ်ခဲ့ပေမယ့် ကိုးဖွဲ့ပဲ တက်ခဲ့တာပါ။

NCA လက်မှတ်ထိုးထားပြီး ဆွေးနွေးပွဲတက်ခဲ့တဲ့အဖွဲ့တွေကတော့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ဖြစ်ပါတယ်။ NCA မထိုးထားဘဲ ဆွေးနွေးပွဲတက်ခဲ့တဲ့အဖွဲ့တွေကတော့ ရက္ခိုင့်တပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့တွေ ကိုယ်စားတက်ရောက်ခဲ့တဲ့သူအများစုဟာ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ မဟုတ်တဲ့အတွက် ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် ဘာရလဒ်မှ မထွက်ဘဲ ပြီးဆုံးခဲ့တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက RFA ကိုပြောပါတယ်။

 “ဘာမှလည်း သဘောတူညီချက်ရှိတဲ့ အစည်းအဝေးမဟုတ်ဘူး။ ကိုယ့်အမြင်သူ့အမြင် ပြောကြတဲ့ အစည်းအဝေးပဲဖြစ်တယ်။ ဆုံးဖြတ်ချက်ချမယ့် ခေါင်းဆောင်မပါတဲ့အဖွဲ့ တွေလည်း အများကြီးရှိတယ်။ ဆိုတော့ ဒီကဆွေးနွေးတာတွေကို ကိုယ့်ခေါင်းဆောင် တွေဆီကို ယူသွားပါဆိုတာမျိုးပါပဲ။ နောက်ထပ်လည်း အလွယ်တကူပေါ်လာစရာ အကြောင်း မရှိနိုင်သေးဘူး။ အများကြီး ကြိုးပမ်းရဦးမယ်။ အဲဒီလောက်ပဲ ပြောချင် တယ်”

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က သူတို့အနေနဲ့ တိုင်းရင်း သားနယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ချင်ကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု အတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်တာဟာ ရေရှည်အတွက် မကောင်း တာကြောင့် လာဆွေးနွေးဖို့နဲ့ NCA လမ်းကြောင်းအတိုင်းပဲ ပုံဖော်ချင်ကြောင်း ပြောဆိုခဲ့ တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဆွေးနွေးပွဲအပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့ဟာ  တက်ရောက်လာတဲ့ တစ်ဖွဲ့ချင်းစီနဲ့ သီးခြားတွေ့ဆုံတာ၊ အားလုံး စုပေါင်းပြီးတွေ့ဆုံတာမျိုးတွေ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ နှစ်ဖက်ဆက်လက်တွေ့ဆုံညှိနှိုင်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် ကတော့ သူတို့အဖွဲ့အနေနဲ့ အပြုသဘောဆောင်ပြီး တက်ရောက်ခဲ့တာဖြစ်ပေမယ့် အဓိက ခေါင်းဆောင်တွေ မပါဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာမျိုးက ဟန်ပြသက်သက်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲကို Stake holders တွေ အကုန်လုံးမပါဘဲနဲ့ ဘယ်လိုလုပ် မလဲဗျာ။ ဒါက ယုတ္တိရှိရှိ စဉ်းစားလို့ရပါတယ်။ ဒီလိုပဲ သီးခြားလုပ်လို့မရပါဘူး။ EAOs တွေမပါဘဲနဲ့ အခြား သက်ဆိုင်တဲ့ Stake holders တွေမပါဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တယ်ဆိုရင် ဒါက အယောင်ပြရုံသက်သက်ပဲဆိုရင် ကျွန်တော်တို့က မလုပ်ပါဘူး ”

ဖေဖော်ဝါရီလဆန်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ကလည်း ANP ပါတီရဲ့ လွှတ်တော်အမတ်ဟောင်း ဦးဦးလှစောကို နိုင်ငံရေးမှူးအဖြစ် နေပြည်တော်ဆွေးနွေးပွဲကို စေလွှတ်ခဲ့ပါတယ်။

AA ပြောခွင့်ရသူ ဦးခိုင်သုခက သူတို့အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး လက်တွေ့ကျတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်တာလို့ သူ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ ဖေဖော်ဝါရီ ၁၂ ရက်က ရေးသားခဲ့ပါတယ်။

"ဘာမှလည်း သဘောတူညီချက်ရှိတဲ့ အစည်းအဝေးမဟုတ်ဘူး။ ကိုယ့်အမြင်သူ့အမြင် ပြောကြတဲ့ အစည်းအဝေးပဲဖြစ်တယ်"

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကတော့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ခဲ့ပါဘူး။

ဒီဆွေးနွေးပွဲကိုတက်ဖို့ ထိပ်ပိုင်းခေါင်းဆောင်တွေက ခွင့်မပြုထားဘူးလို့ နေပြည်တော်ကို “ဝ” အဖွဲ့ ကိုယ်စားပြုပြီး သွားရောက်ခဲ့တဲ့ UWSP လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း က RFA ကို ပြောပါတယ်။

 “ဒီဆွေးနွေးပွဲတက်ဖို့ ကျွန်တော့်ကို ဌာနချုပ်က တစ်စုံတစ်ရာ ညွှန်ကြားတာဝန်ပေး တာမရှိဘူး။ ပြည်ထောင်စုအခမ်းအနားတက်ဖို့အတွက်ပဲ ကျွန်တော့်ကို ဌာနချုပ်က စေလွှတ်တာ။ ပြည်ထောင်စု အခမ်းအနားဆိုတာ အရင်ကတည်းက ဖိတ်ရင် ကျွန်တော် တို့ တောက်လျှောက်တက်လာတာ။ ဒီလိုတက်တယ်ဆိုတာ ဘယ်ဘက်ကို ဘယ်သူ့ဘက် ကိုမှ ကျွန်တော်တို့ ရပ်တည်တာ မဟုတ်ဘူး”

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ထိုးထားတဲ့အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ NCA လက်မှတ်မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့တွေက အဲဒီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။

မတက်တဲ့ အဖွဲ့အစည်းအများစုဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ပူးပေါင်းပြီး ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေ မှာ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့အစည်း တွေဖြစ်ပါတယ်။

(အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ နေပြည်တော်မှာ ၂၀၂၁ မေ ၁၃ ရက်က တွေ့ဆုံစဥ်) Photo: Myawady
(အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ နေပြည်တော်မှာ ၂၀၂၁ မေ ၁၃ ရက်က တွေ့ဆုံစဥ်) Photo: Myawady

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီဆွေးနွေးပွဲရဲ့ အကြီးမားဆုံး ရလဒ်ဟာ ငြိမ်းချမ်းရေးဆက်ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ RFA ကို ပြောပါတယ်။

"တချို့အဖွဲ့တွေကတော့ ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူတွေ ပါလာတယ်။ တချို့ကတော့ ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူတွေ မပါဘူး။ သို့သော် ကျွန်တော်တို့ အကြီးမားဆုံးရလဒ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ဟာတော့ ရလိုက်တယ်။ တက်လာတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလုပ်ဖို့ သန္နိဋ္ဌာန်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ ရပါတယ်။ ဒီ ၂၀၂၂ မှာ ငြိမ်းချမ်းရေးနှစ် ဖြစ်တယ်။ ဒါကြောင့် မပါသေးတဲ့အဖွဲ့တွေကို ဆက်လက်ဖိတ်ခေါ်ပါတယ်"

ဒါ့အပြင် လက်ရှိမြေပြင်မှာ တိုက်ပွဲဖြစ်နေတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော်ဆွေးနွေးပွဲကို မတက်ခဲ့လို့ ဆွေးနွေးပွဲရဲ့ အနှစ်သာရကို ထိခိုက်သွားတာတော့မရှိဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က တုံ့ပြန်ပါတယ်။

စစ်ကောင်စီက ဒီဆွေးနွေးပွဲကိုပြုလုပ်တာဟာ ငြိမ်းချမ်းရေးထက် PDF တွေနဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သင်းခွဲသပ်လျှိုလုပ်ဖို့ ကြိုးစားတာဖြစ်လို့ ဘာရလဒ်မှ ရစရာအကြောင်းမရှိဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံရေး အကဲခတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“မင်းအောင်လှိုင်ရဲ့ မရိုးသားမှု၊ အဲဒါကြောင့်မို့ ဘာရလဒ်မှ ရစရာအကြောင်းမရှိဘူး။ ရှေ့လျှောက်လည်း ရစရာမရှိဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကိုကလည်း ငြိမ်းချမ်းရေးရဖို့ မဟုတ်ဘူး။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်မက PDF တွေနဲ့ ပေါင်းသွား မှာစိုးလို့ သွေးခွဲချင်လို့ လုပ်တဲ့ရည်ရွယ်ချက်ပဲ။ အစကတည်းက ရည်ရွယ်ချက်က ကောင်းတာမှမဟုတ်တာ။ ဒါကြောင့်မို့ ဒီလိုပဲ ရရှိချက်က မကောင်းတာပေါ့။ မထူးဆန်းပါဘူး ”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ရှိတဲ့အနက် ၁၀ ဖွဲ့က NCA လက်မှတ် ထိုးထားပါတယ်။ ကျန်နေတဲ့ ရှစ်ဖွဲ့ကို NCA စာချုပ်မှာ ပါဝင်လာဖို့ ကြိုးစားနေတဲ့အချိန် မှာပဲ စစ်တပ်အာဏာသိမ်း လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားပြီး ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ရှမ်းမြောက်အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲ တွေ ဖြစ်ပွားလာခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ထုတ်ပြန်ချက် အရ စစ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဒေသအသီးသီးမှာ လက်နက်ကိုင်တိုက်ပွဲ ၂,၂၇၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အရပ်သား ငါးသိန်းခွဲလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-02-15 22:41

Fake NCA meeting is over. There is no good result . wait another 100 years for federal democracy state.