စစ်ကောင်စီတပ်က စစ်အသုံးစရိတ် ကျပ်ဘီလီယံနှစ်ထောင်နီးပါး တိုးမြှင့်
2023.04.12

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ စစ်ကောင်စီဟာ ကာကွယ်ရေးအသုံး စရိတ်ကို မနှစ်ကထက် ကျပ်ဘီလီယံ နှစ်ထောင်နီးပါး တိုးမြှင့်လိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၅၆၃၅ ဘီလီယံ သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၃၇၀၃ ဘီလီယံသာ သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒီနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို အရင်နှစ်ကထက် ကျပ် ၁၉၃၁ ဘီလီယံ တိုးသုံးမှာ ဖြစ်ပါတယ်။
ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သူတစ်ဦးတည်း အမြင်အရ စစ်အသုံးစရိတ်တိုး မြှင့်လိုက်တာကြောင့် နိုင်ငံတစ်ဝန်းမှာ တိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
"စစ်ကောင်စီကတော့ ကျနော်တို့ တိုင်းပြည်ကို စစ်တပ်နဲ့ပဲ အုပ်ချုပ်တာ။ စစ်ရေးဘတ်ဂျက်ကို နှစ်တိုင်း နှစ်တိုင်း တိုးတာက အားလုံးအသိပဲဖြစ်ပါတယ်။ သူတို့လုပ်တာက ပြည်တွင်းစစ်ကို ပိုပြီးမှ မီးတောက်အောင်လုပ်တဲ့ ပုံစံမျိုးနဲ့ ဘတ်ဂျက်ကို တိုးမြှင့်ထားတာဖြစ်မှာပါ။ ဒီလိုတိုးမြှင့်ထားတာကြည့်ရင် စစ်ရေးက ပိုပြင်းထန်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်"
စစ်ကောင်စီဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ထက် စစ်ရေးပဋိပက္ခ ပိုကြီးလာဖို့ကိုပဲ ရည်ရွယ် လုပ်ဆောင်နေတာလို့ သူက ဝေဖန်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဟာ PDF တွေနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ မတ်လ ၂၇ ရက် တပ်မတော်နေ့က ပြောဆိုခဲ့ပါတယ်။
"ဒီလိုတိုးမြှင့်ထားတာကြည့်ရင် စစ်ရေးက ပိုပြင်းထန်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်"
စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၉၈ မြို့နယ်ကိုပဲ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တယ်လို့ဝန်ခံပြီး နယ်မြေစိုးမိုးရေး ထိထိရောက်ရောက် ဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တွေမှာ နယ်မြေရှင်းလင်းရေးကို အရှိန်မြှင့်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်အသုံးစရိတ် တိုးမြှင့်တာက တပ်တွင်း တည်ဆောက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"လက်ရှိက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အနေအထား စစ်အသုံးစရိတ်တွေ ကလည်း တက်နေတယ်။ နောက် တပ်တွင်းလိုအပ်ချက်တွေ ဖြည့်တင်းဖို့အတွက် နောက် တိုက်ခိုက်တာကလည်း ပိုပြီးပြင်းထန်လာတယ်။ သူတို့ အနေနဲ့လည်း အပြီးသတ် ချေမှုန်းသွားမယ်ဆိုတာ ၂၇ ရက်နေ့ မိန့်ခွန်းမှာလည်း ပြောထားတယ်။ ပြည်တွင်းမှာ တိုးလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေတင် မဟုတ်ဘူး၊ တော်လှန်ရေး အဖွဲ့အစည်းအတွေကို ထောက်ခံအားပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ချေမှုန်းမယ်လို့ပြောထားတော့ အဲဒီဟာတွေ အတွက်လည်း ပါမှာပေါ့"
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခကို နှိမ်နင်းဖို့ အဓိကရည်ရွယ်တာမဟုတ်ဘဲ ခေတ်မီစစ်တပ်တစ်ခုဖြစ်လာဖို့ စစ်ရေးအသုံးစရိတ် တိုးမြှင့်တာလို့ ပြောပါတယ်။
"အထူးသဖြင့် ကာကွယ်ရေးစွမ်းအားကို အမြဲတမ်း အဆင့်မီနေဖို့ဆိုရင် နှစ်တိုင်း နှစ်တိုင်း upgrade လုပ်ရတယ်။ တိုးတက်လာတဲ့ နည်းပညာအပေါ် လိုက်မီဖို့ အတွက်တော့ နောက်ကနေ ကာကွယ်ရေးအသုံးစရိတ် လိုက်တိုးရတာက သိပ်တော့မထူးဆန်းပါဘူး။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်လက်နက်ပစ္စည်း upgrade လုပ်တာက ကာကွယ်ရေးဘတ်ဂျက်ရဲ့ ခန့်မှန်းခြေပေါ့၊ သုံးပုံ ပုံရင် နှစ်ပုံလောက်သုံးရတယ်။ ပြည်တွင်းမှာ သုံးတဲ့ စရိတ်က သုံးပုံ ပုံရင် တစ်ပုံနည်းပါးလောက်ပဲ ရှိလိမ့်မယ်"
နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်တစ်ခုအနေနဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်နိုင်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ စစ်တပ်အင်အားကြီးလာလေ အရပ်သားသေဆုံးမှု များလေဖြစ်တာကြောင့် စစ်အသုံး စရိတ်တိုးမြှင့်တာက အရပ်သားသေဆုံးမှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ အခုအခြေအနေက စစ်တပ်အင်အားကြီးလာလေ လူတွေ ပိုသေလေလေ။ စစ်တပ်က လက်နက်တွေ ပိုဝယ်လေလေ၊ လူတွေ ပိုဒုက္ခရောက်လေလေ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အင်အား တိုးချဲ့လာတဲ့ ကာလတစ်လျှောက်လုံးမှာ သတ်ဖြတ်မှုတွေ၊ လေကြောင်းကနေ လေယာဉ်ဆီတွေ အသုံးပြုပြီးတော့ ပစ်ခတ်မှုတွေ၊ မီးရှို့မှုတွေ ဒါတွေဖြစ်နေတယ်။ အဲတော့ တိုက်ရိုက်ကို အချိုးကျနေတယ်။ ဒီကာလအတွင်းမှာ စစ်တပ်ကို ပိုပြီးအင်အားတိုးချဲ့ဖို့အတွက် ဘတ်ဂျက်ချခြင်းက နောက်ထပ် လူတွေ ထပ်သေဖို့အတွက် လက်နက်တွေ ဝယ်ပေးလိုက်တာပဲ။ နောက်ထပ် လူတွေကို သေလမ်းပို့တဲ့ပုံစံပဲ"
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာအနေနဲ့ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူမှုတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ အရေးတကြီးအပ်နေသလို တစ်ချိန်တည်းမှာပဲ စစ်အသုံးစရိတ် မတိုးမြှင့်နိုင်ဖို့ စစ်တပ်ရဲ့ ဝင်ငွေရပေါက် ရလမ်းမှန်သမျှ ပိတ်ဆို့နိုင်ဖို့ လိုအပ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်နက်ကိုင်ခုခံမှုတွေတိုးလာတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ကာကွယ်ရေး အသုံးစရိတ်တွေကို တိုးမြှင့်လာခဲ့တာပါ။ အရပ်သားအစိုးရက နောက်ဆုံးသတ်မှတ်ပေးခဲ့တဲ့ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၄၀၀ ကျော်သတ်မှတ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း စစ်ကောင်စီက ကာကွယ်ရေး အသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်လာတာ ဖြစ်ပါတယ်။